သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်းအတွင်း လူ ၁ သောင်းကျော် ရေဘေးသင့်


မန္တလေးတိုင်းရေကြီးမှှု( သြဂုတ်လ ၂၀၁၆)
မန္တလေးတိုင်းရေကြီးမှှု( သြဂုတ်လ ၂၀၁၆)

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေတက်ပြီး ရေလွှမ်းမိုးမှုကြောင့် လူဦးရေတစ်သောင်းကျော်လောက် ရေဘေးဒုက္ခနဲ့ကြုံနေရတယ်လို့ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

မန္တလေးတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ တံတားဦး၊စဉ့်ကိုင်၊သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့တွေမှာ ဧရာဝတီမြစ်ရေတက်ပြီး ရေလွှမ်းမိုးမှုကြောင့် လူဦးရေတစ်သောင်းကျော်၊ အိမ်ထောင်စုပေါင်း ၂၅၀၀လောက် နေရာပြောင်းရွှေ့နေရတယ်လို့ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ကပြောပါတယ်။

“ကျနော်မန္တလေးတိုင်းဦးစီးမှူးနဲ့ ဖုန်းရတော့ တံတားဦး၊စဉ့်ကိုင်၊သပိတ်ကျင်း၊ စဉ့်ကူးတွေမှာ ၁ သောင်းကျော်သွားပြီ အိမ်ထောင်စုပေါင်း ၂၅၀၀နဲ့ လူဦးရေ ၁ သောင်းကျော် ဒီကနေ့စရွှေ့နေတယ်။ ရွှေ့နေတော့ အဲဒါတွေလည်းလုပ်နေပါတယ်။ အဲဒါပြီးရင်တော့ မြစ်ရေကတော့ မှန်းလို့ရတာပေါ့နော် ၊ ဒါပြီးလို့ရှိရင် ကျနော်တို့ မကွေးတို့ ပဲခူးတို့ရောက်လာမှာပေါ့နော် ။ အခုဒီဟာဖြစ်တဲ့အချိန်မှာ စစ်ကိုင်းတိုင်းအပေါ်ကရေက ပြီးသွားပြီ အပေါ်မှာဆက်ပြီးတော့ မိုးမရွာတော့ဘူးဆိုတော့ ။ အခုက ဒါက Monitor လုပ်နေတာပါ မြစ်ရေနဲ့ မိုးဇလနဲ့ ဒါ Monitor လုပ်နေတာပါ။”

လက်ရှိမှာတော့ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်းဒေသတွေမှာရှိတဲ့ မြစ်ကမ်းဘေးမြို့တွေမှာ မြစ်ရေတက်မှုကြောင့် ရေဘးဒုက္ခနဲ့ ကြုံနေရတာပါ။မြစ်ရေလွှမ်းမှုဒဏ်ကို ရင်ဆိုင်နေရတဲ့ ရေဘးဒုက္ခသည်တွေအတွက် ဆန်ရိက္ခာထောက်ပံ့မှုတွေ အခြားလိုအပ်တာတွေဆောင်ရွက်နေတယ်လို့ ဒေါက်တာကိုကိုနိုင်ကပြောပါတယ်။

“ကျနော်တို့ကတော့ ညွှန်ကြားထားတာ လူတွေနေရာရွှေ့ရပြီဆိုတာနဲ့ ဆန်ရိက္ခာတော့ ၇ ရက်စာပေါ့နော် ၊ အဲဒါက Basic လူတိုင်းလူတိုင်းကို ပေးပေးပါ။ နောက်တခြား လိုအပ်ချက်တွေတော့ ထပ်ပေးမယ်။”

မန္တလေးတိုင်းဒေသကြီးအတွင်း ရေဘေးဒုက္ခခံနေရတဲ့ နေရာတွေမှာ နယ်လှည့်ဆေးပေးခန်းတွေထားရှိပြီး အခုလက်ရှိထိတော့ ကူးစက်ရောဂါတွေဖြစ်တဲ့ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းရောဂါတွေ ကူးစက်တာမျိုးတွေ မဖြစ်သေးဘူးလို့ မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့် ကပြောပါတယ်။

“အမတို့စပြီးကောက်နေတာက ၃ ရက်ရှိပါပြီ။ ၃ ရက်ရှိတဲ့အခါမှာ တံတားဦးမြို့နယ်လည်းပါတယ် မတ္တရာလည်းပါတယ်။ စဉ့်ကူးလည်းပါတယ်ပေါ့နော် ၊ ညောင်ဦးတို့လည်းတက်လာပြီ။ ဒါပေမယ့် အခုထက်ထိမှာ အမတို့ဆေးခန်းဖွင့်တာက တံတားဦးကတော့ သီးသန့်ဖွင့်နေပြီပေါ့နော်။ ဖွင့်တဲ့အခါမှာ အမတို့ဆီကို ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ လူတွေရှိတယ်ဆိုတဲ့သတင်းကတော့ မရောက်သေးပါဘူး အခုအထိ။ အမတို့မှာက အိမ်ခြေဘယ်လောက်ကတော့ ရေဝင်နေပြီ ၊ ကျန်းမာရေးဆေးခန်းတွေ ရေဝင်နေပြီဒီသတင်းကိုပဲ ရပါသေးတယ်။ ကျန်တာကတော့ ဘာဖြစ်လို့ ရောဂါတွေဖြစ်တယ်ဆိုတဲ့သတင်းကတော့ မရသေးပါဘူးခင်ဗျ။”

ဒီရေဘေးကယ်ဆယ်ရေးလိုနေရာတွေမှာ လူထူထပ်တာမို့ကူးစက်ရောဂါတွေမဖြစ်အောင်ဂရုစိုက်နေရပြီး ကူးစက်ရောဂါပျံ့ပွားမှု မရှိစေဖို့ ကျန်းမာရေးဆိုင်ရာ ပညာပေးလုပ်ငန်းတွေကို အထူးလုပ်ဆောင်နေတယ်လို့ ဒေါက်တာဒေါ်သန်းသန်းမြင့်ကပြောပါတယ်။

“အဓိကတော့ များသောအားဖြင့်က ရေတက်လို့ရှိရင်ဖြစ်တဲ့ရောဂါကတော့ ဝမ်းလျှောဝမ်းပျက်ရောဂါ ပါပဲ အဓိကတော့ နောက် Leptospirosis ဆိုတာရှိသေးတယ် အဲဒါရေတက်တဲ့အချိန်ကျမှ အမတို့ပါလာတာပေါ့နော် ၊ ကြွက်ပေ့ါ ကြွက်ကနေမှတဆင့် ကြွက်သေးကနေမှဆင့် ကူးလာတဲ့ရောဂါပေါ့နော် အဲဒါမျိုးတွေအတွက်တော့ အမတို့က အသိပညာ ၊ ဒါတွေကတော့ အမတို့ သတ်ဆိုင်ရာကျန်းမာရေးဌာနတွေကတော့ ဒီစုတဲ့နေရာတွေမှာ သက်ဆိုင်ရာအားလုံးကိုတော့ လုပ်ပေးပြီးသားပေါ့နော်။ ကျန်းမာရေးပညာပေးလုပ်ငန်းတွေကတော့ ဆက်ပြီးတော့ လုပ်သွားမှာပါပဲ။”

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့မှာတော့ ဧရာဝတီမြစ်ရေတက်မှုကြောင့် အခြေခံပညာကျောင်း ၄၅ကျောင်းပိတ်ထားရပါတယ်။မြန်မာနိုင်ငံတဝှမ်းမိုးများပြီး မြစ်ချောင်းတွေ စိုးရိမ်ရေမှတ်ကျော်တဲ့အထိ ဆိုးဆိုးရွားရွားရေကြီးရေလျှံဖြစ်နေတဲ့ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းအပါအဝင့် ပြည်နယ်တိုင်းတွေမှာ ဇူလိုင်လကနေ သြဂုတ်လအထိ ရေဘေးသင့်အိမ်ခြေပေါင်းက ငါးသောင်းကျော်ရှိနေပြီး ရေဘေးသင့်ပြည်သူ နှစ်သိန်းကျော်နေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG