သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ


မန္တလေးနန်းတွင်းပရဝဏ်ကို Google Maps မှမြင်ရပုံ
မန္တလေးနန်းတွင်းပရဝဏ်ကို Google Maps မှမြင်ရပုံ

မန္တလေးမြို့မှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နန်းတွင်းကို ဒီနေ့အစောပိုင်းမှာပဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတချို့ ထိခိုက်မှုရှိခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ နေအိမ်တွေ မီးရှို့ခံနေရပြီး ထောင်နဲ့ချီတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်းက စစ်ရေးနောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

ဒီကနေ့ မနက် ၄ နာရီလောက်က မန္တလေးမြို့မှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နန်းတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရပြီး၊ လူနေရပ်ကွက်တွေထဲပါ ကျရောက်ပေါက်ကွဲတာရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ နန်းတွင်းအပြင်က လူနေရပ်ကွက်ထဲကျရောက်ပေါက်ကွဲမှုတွေမှာ အရပ်သားတချို့ထိခိုက်တာရှိခဲ့တယ်လို့လည်း မန္တလေး မြို့ခံတဦးက ပြောပါတယ်။

"၄ နာရီထိုး ၁၀ မိနစ် ၅ မိနစ်ဝန်းကျင်မှာပဲ ပေါက်တာ။ ပစ်တာက ၇ လုံးလောက်ပစ်တယ်။ ပေါက်တာက ၇ လုံးလောက် ပေါက်တယ်ပြောတယ်။ ကျမကြားတာ ၄ လုံးပဲကြားတယ် နိုးတဲ့အချိန်မှာ မနက်က အကုန်လုံးပြောတာက ၇ လုံးပေါက်တယ်ပြောတယ်။ ညောင်ကွဲ ဘုန်းကြီးကျောင်း အရှေ့ဘက်နားက တိုက်တတိုက်မှာတော့ အိမ်ပွင့်သွားတာ တလုံးကျတယ်။အဲ့မှာရယ် နောက်တခုက မြောက်ပြင် သရဲဈေးရဲ့ မြောက်ဖက်က အိမ်က လက်နက်ကြီးမှန်သွားတယ်။အိမ်တွေလည်း မဲမှောင်သွားတယ်။ အဲ့အိမ်က လူထိတယ်လို့တော့ မပြောဘူး။ မထိဘူးနဲ့တူတယ်။ ညောင်ကွဲဘက်ကကျတော့ လူထိတယ်။ နောက်တလုံးကကျတော့ လမ်း ၈၀ က ရေကန်ထဲကို ကျတာပြောတယ်။ အဲ့ရေကန်ကတော့ ကွဲထွက်သွားတယ်ပြောတယ်။ နောက်တလုံးက နန်းတွင်းထဲ ကျတယ်ထင်တယ်။ ရွှီးဆိုပြီးတော့ အဲ့အလုံးက ပိုပြင်းတယ်။ ကျတာက ၄ နေရာဖြစ်မယ်ပေါ့။ သိသိသာသာက ၄ နေရာဖြစ်တယ်။ "

တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့ Brave Warrior For Myanmar (BWM) ကတော့ သူတို့လက်ချက်အဖြစ် ကြေညာထားပါတယ်။ ၁၀၇ မမ လက်နက်ကြီးကျည် ၁၀ လုံး သုံးပြီး တိုက်ခိုက်ရာမှာ ၇ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး ၁၀၂၇ ဒုတိယလှိုင်းနဲ့ ရှမ်း-မန်း စစ်ဆင်ရေးကို ပူးပေါင်းပါဝင်တဲ့အနေနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

ထိခိုက်ပျက်စီးမှု အခြေအနေ အတိအကျကိုတော့ မသိရသေးသလို၊ စစ်ကောင်စီကလည်း လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ မန္တလေးမြို့မှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကလည်း ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရဖူးပြီး ဒီတကြိမ် တိုက်ခိုက်မှုဟာဒုတိယအကြိမ်လည်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဘက်မှာလည်း ၂ ရက်အတွင်း ကျေးရွာ ၃ ရွာက နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျူစောထီးလို့ ဒေသခံတွေက ခေါ်ကြတဲ့ စစ်တပ်ထောက်ခံသူ အုပ်စုတွေက ဒီသီတင်းပတ်ထဲမှာပဲ ခင်ဦးမြို့နယ်က ကျေးရွာတွေကို ရောက်ရှိလာခဲ့ကြပြီး၊ မီးရှို့မှုတွေ ဖြစ်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

"အမှတ် ၁ ကန့်ဘလူ သကြားစက်ရုံကနေ မဒေါင်းလှတပ်ကို ဝင်လာတာလေ။ မဒေါင်းလှ ပျူရွာကို ဝင်လာတဲ့တပ်။ မနေ့က ငကြိုင်းရွာကို မီးရှို့တယ်။ အဲ့ဒါက အိမ်ခြေ ၄၀ ကျော်လောက် ရှို့ခံရတယ်။ ဒီနေ့က သနပ်စိန်ရွာနဲ့ အင်ကြင်းပင်ရွာကို မီးရှို့တယ်လေ။ ၇ နာရီလောက်ကတည်းက ရွာသားတွေက ထွက်ပြေးရတာလေ။ အင်ကြင်းပင်ရွာနဲ့ သနပ်စိန်ရွာဆို အင်ကြင်းပင်က ရွာကြီးတယ် အိမ်ခြေ ၄၀၀ လောက်ရှိတယ်။ သနပ်စိန်ရွာက ၅၀ လောက်နဲ့ အိမ်ခြေ ၄၅၀ လောက် လူဦးရေ ၁ ထောင်ကျော်လောက် စစ်ဘေးရှောင်နေရတယ်။"

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကြီးထွားလာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား အရပ်သားတွေ ထိခိုက်သေကျေမှုတွေ တိုးလာနေသလို၊ အိုးအိမ်တွေ ထိခိုက်ပျက်စီးမှုတွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက သတိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG