သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် စည်းရိုးခတ်ဖို့ အိန္ဒိယပြင်ဆင်


အိန္ဒိယ-မြန်မာနယ်စပ် မိုးရေ-တမူးနယ်စပ်စည်းရိုး
အိန္ဒိယ-မြန်မာနယ်စပ် မိုးရေ-တမူးနယ်စပ်စည်းရိုး

အိန္ဒိယနဲ့မြန်မာ နယ်စပ်တလျှောက် ကီလို ၇၀၊ မိုင်အားဖြင့် ၄၄ မိုင်လောက် ကို ခြံစည်းရိုးခတ်ဖို့ မဏိပူရ ပြည်နယ်ဝန်ကြီးချုပ် အင်န် ဘီရင် ဆင်း (N Biren Singh) က နယ်စပ်လမ်းများအဖွဲ့ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။ မဏိပူရအတွင်း လူမျိုးရေးအဓိကရုဏ်းတွေဖြစ်နေတဲ့အချိန်မှာ ဒီလိုလုပ်တာက တရားမဝင် ဝင်ရောက်လာသူတွေကို တားဆီးပေးလိမ့်မယ်လို့ ဝန်ကြီးချုပ်က X လူမှုစာမျက်နှာမှာ ရေးထားကြောင်း STATESMAN သတင်းဌာန သတင်းက ပြောပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မှာ လွတ်လပ်စွာသွားလာခွင့်ကို တရက်တာရပ်ဖို့ တောင်းဆိုလိုက်ပြီးတဲ့နောက် မစ္စတာဆင်းက အတွင်းဝန်ချုပ်၊ နယ်စပ်လမ်းများအဖွဲ့ (BRO) အဖွဲ့ဝင်တွေ၊ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ လွတ်လပ်စွာသွားလာရေးမူအရ နှစ်နိုင်ငံ နယ်စပ်တလျှောက်နေထိုင်နေကြသူတွေဟာ ၁၆ ကီလိုမီတာ ဒါမှမဟုတ် ၁၀ မိုင်အထိ ပြည်ဝင်ခွင့်လက်မှတ်မလို သွားလာခွင့် ရှိကြပါတယ်။

အိန္ဒိယနယ်နိမိတ်အတွင်း ၁၄-၁၅ ကီလိုမီတာမှာပဲ လုံခြုံရေးချထားတာမို့ တရားမဝင် ဝင်ရောက်လာသူတွေဟာ သူတို့ကို ရှောင်ကွင်းဝင်နိုင်တယ်လို့ ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ မဏိပူရနဲ့မြန်မာနယ်စပ်ရဲ့ ၁၀ ရာနှုန်းထက်နည်းတဲ့ အကွာအဝေးကိုပဲ ခြံခတ်ထားတာမို့ မူးယစ်ဆေးဝါးလည်း ဝင်နိုင်တယ်လို့ ဆိုပါတယ်။

ဒီဒေသတလျှောက် ခရိုင် ၅ ခရိုင် က မြန်မာနဲ့နယ်စပ် ကီလိုမီတာ ၄၀၀ ရှိပါတယ်။ တနိုင်ငံလုံးနဲ့ဆိုရင်တော့ အိန္ဒိယနဲ့မြန်မာ နယ်စပ်က စုစုပေါင်း ကီလို ၁,၆၀၀ ရှိတာပါ။ နယ်စပ်တခုလုံးကို မပိတ်နိုင်ရင် အဝင်များတဲ့ အဓိကဝင်ပေါက်တွေကို ပိတ်ဖို့ ကျွမ်းကျင်သူတွေက အကြံပေးကြကြောင်း STATESMAN သတင်း က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG