သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook အပေါ် မြန်မာအရပ်ဖက် အဖွဲ့တွေ ဝေဖန်ချက် Zuckerberg ဖြေရှင်း


မြန်မာနိုင်ငံက အင်တာနက် လူမှုကွန်ယက် သုံးသူတွေကြား အမုန်းစကားတွေ ဖြန့်နေတာကို ထိန်းချုပ်ဖို့ ထိထိရောက်ရောက် ဟန့်တားမှုတွေ မရှိခဲ့ဘူးဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ Facebook ကို မသမာတဲ့နည်းနဲ့ အသုံးပြုမှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေ ရှိတဲ့အကြောင်း အမှုဆောင်အရာရှိချုပ် Mark Zuckerberg က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံက Facebook စာမျက်နှာတွေပေါ်မှာ အမုန်းစကားတွေ ပျံ့နှံ့နေတာကို တာဝန်ယူ ဖြေရှင်းမှုတွေ မရှိတဲ့အကြောင်း မကြာသေးခင်ကပဲ အိတ်ဖွင့်ပေးစာ ပေးပို့ပြီး ကန့်ကွက်ခဲ့တဲ့ မြန်မာနိုင်ငံက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကတော့၊ Facebook အကြီးအကဲရဲ့ တုံ့ပြန်ချက်ကို ကြိုဆိုခဲ့ကြပေမဲ့ ဖြေရှင်းချက်ဟာ လုံလောက်မှုမရှိသေးဘူးလို့လည်း ထောက်ပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မအိသန့်စင် ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေကြား ရေပမ်းစားတဲ့ Facebook လူမှုကွန်ယက်ကို မသမာတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုမှုတွေကို ထိန်းချုပ်ဖို့ နည်းပညာအကူအညီနဲ့ ကြိုးပမ်းမှုတွေ ရှိခဲ့ကြောင်း Facebook ထူထောင်သူ၊ အမှုဆောင်အရာရှိချုပ် Mark Zuckerberg က ပြောဆိုလိုက်တာပါ။ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ လူမှုကွန်ယက်ပေါ်က အမုန်းစကားတွေနဲ့ သတင်းမှားတွေ ဖြန့်ဝေနေတာတွေကို Facebook ကစနစ်တကျစောင့်ကြည့် ဟန့်တားနေကြောင်း Zuckerberg ရဲ့ မှတ်ချက်ဟာ မှန်ကန်မှု မရှိဘဲ၊ လက်တွေ့မှာ မြန်မာလူမှုအသိုင်းအဝိုင်းကသာ အသိပေး အကြောင်းကြားခဲ့ရတာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံက အရပ်ဘက် လူမှုအဖွဲ့အစည်း ၆ ခုက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကန့်ကွက်ခဲ့ပြီးနောက် Facebook အကြီးအကဲက အီးမေးလ်နဲ့ တုံ့ပြန်စာ ပေးပို့ဖြေရှင်းခဲ့တာပါ။ Facebook အကြီးအကဲက စာပြန်ပေးပို့ခဲ့သူတွေထဲက တဦးဖြစ်တဲ့ မြန်မာနိုင်ငံ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာဖွံ့ဖြိုးရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ မထိုက်ထိုက်အောင်ကတော့ Zuckerberg ရဲ့ တုံ့ပြန်စာအပေါ် ကြိုဆိုခဲ့ပေမဲ့ လိုအပ်ချက်တွေ ရှိနေတာကိုလည်း ထောက်ပြခဲ့ပါတယ်။

" အဓိက Facebook က မြန်မာနိုင်ငံမှာ လုပ်နေတဲ့အရာတွေတော့အများကြီးရှိတယ်။ ဒါပေမယ့် သူလုပ်နေတာတွေက တပိုင်း ကျမတို့က အဲဒီအပေါ်မှာ မူတည်ပြီးတော့ ထွက်လာတဲ့ကောင်းမွန်တဲ့ ရလဒ်မျိုးတွေကို ကျမတို့က ပိုပြီးတော့ လိုချင်တယ်။ အဲဒီအခါကျတော့ အဲဒီအပိုင်းကို ကျမတို့ အဓိက ထောက်ပြတယ်ပေါ့နော်။ နောက်တခုက ကျမတို့ မြန်မာနိုင်ငံမှာဆိုရင် ကျမတို့အဖွဲ့အနေနဲ့ ၂၀၁၃-၁၄ ကတည်းက မြန်မာနိုင်ငံမှာရှိတဲ့ ပဋိပက္ခကို လှုံ့ဆော်တဲ့ စာတွေ၊ အမုန်းစကားတွေ ဒါတွေကို စောင့်ကြည့်လေ့လာနေတဲ့အခါမှာလည်း ကျမတို့က အမြဲ Facebook ကို ကျမတို့ဘက်ကနေပြီးတော့ တွေ့ရတဲ့အခက်အခဲတွေကို Issue တွေကို အမြဲတမ်းပြောတယ်။ လက်ရှိမြန်မာနိုင်ငံမှာ အခုဆိုရင် သုံးစွဲတဲ့လူက ၁၅ သန်း ကျော်ကျော် သန်း ၂၀ နီးပါးရှိလာပြီ ။ အဲဒီအခါကျတော့ Review လုပ်တဲ့ Team က တကယ်လို့ နည်းနည်းလေးပဲ ဥပမာ ၄-၅- ၁၀ ယောက်ပဲဆိုရင် ကျမတို့ဖြစ်နေတဲ့အကြောင်းအရာတွေ ၊ Report တွေ Content တွေကို ဘယ်လိုမှ Moderate ကောင်းကောင်းမလုပ်နိုင်ဘူး။"

မြန်မာအရပ်ဘက်အဖွဲ့တွေရဲ့ ပြီးခဲ့တဲ့သီတင်းပတ်ထဲ Facebook ကို ပေးပို့ခဲ့တဲ့ စာထဲမှာတော့ အရေးပေါ် အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိတာ၊ ဒေသခံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပွင့်လင်းမြင်သာမှု အားနည်းတာတွေကို ထောက်ပြခဲ့ကြတာပါ။ Facebook အကြီးအကဲရဲ့ ဖြေရှင်းချက်စာထဲမှာတော့ လူမှုကွန်ယက်သုံးသူတွေရဲ့ တိုင်ကြားချက်တွေကို ဆန်းစစ်ဖို့ လူပေါင်းဒါဇင်နဲ့ချီ တာဝန်ပေးထားကြောင်းနဲ့ မြန်မာနိုင်ငံက စိန်ခေါ်ချက်တွေနဲ့ လိုအပ်ချက်တွေကို နားလည်နိုင်မယ့် အဖွဲ့တဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း Facebook အမှုဆောင်အရာရှိချုပ်ရဲ့ ဖြေရှင်းချက်ဟာ လုံလောက်မှု မရှိဘူးလို့ မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေက ယူဆထားကြတာပါ။ မြန်မာနိုင်ငံသားတွေရဲ့ လူမှုဘဝတွေမှာ တွယ်ကျယ်လာနေတဲ့ Facebook ပေါ်မှာ အမုန်းစကားတွေနဲ့ သတင်းမှားတွေ ပြန့်နှံ့မှုကို ထိန်းချုပ်ရာမှာ မြန်မာလူမှု အဖွဲ့အစည်းတွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့လည်း မထိုက်ထိုက်အောင်က ပြောပါတယ်။

"Facebook team အနေနဲ့လည်း မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သေသေချာချာ မြန်မာနိုင်ငံရဲ့အခြေအနေကိုလည်း အလေးထားပြီးတော့ ဆောင်ရွက်ဖို့ကိုလည်း ကျမတို့ တိုက်တွန်းချင်ပါတယ်။ အဓိက Facebook ကတော့ မြန်မာနိုင်ငံအတွက် အရမ်းကို အရေးကြီးပြီးတော့ လိုအပ်တဲ့ Platform တခုဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ လူမှုကွန်ယက်တွေ သုံးတဲ့ဟာတွေက ကျမတို့ တခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေ ကိုယ့်မိတ်ဆွေတွေနဲ့ ဆက်သွယ်ဖို့ ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ တခုတည်းတင်မဟုတ်ပဲနဲ့ ဒီ Facebook ကနေပြီးတော့ သတင်းအချက်အလက်တွေ အကုန်လုံးရကြတယ်။ ဆိုတော့ Facebook ကအရမ်းကို အရေးကြီးတဲ့အတွက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီအနေနဲ့ ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်အောင် ပိုပြီးတော့ ကောင်းမွန်အောင် သူ့အနေနဲ့ အလေးစိုက်သင့်တယ်လို့ထင်ပါတယ်။"

Facebook လူမှုကွန်ယက်သုံးသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အလွဲသုံးစားလုပ်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် အထက်နဲ့ အောက်လွှတ်တော်တွေမှာ Facebook အကြီးအကဲ Zuckerberg ထွက်ဆိုဖို့လည်း ရှိနေပါတယ်။ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ထွက်ဆိုမယ့် အများပြည်သူရှေ့မှောက် ကြားနာမှုတွေအတွင်း မြန်မာနိုင်ငံက လူမှုကွန်ယက်တွေမှာ အမုန်းစကားတွေ ဖြန့်ဝေမှုတွေနဲ့ ပတ်သက်လို့ ထိန်းချုပ်မှု အားနည်းခဲ့တာတွေကိုလည်း မေးခွန်းထုတ်ခံရမယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG