သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားခရီး ကန် အကျဉ်းသားသုံးဦး လွတ်မြောက်


မြောက်ကိုရီးယားမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား ၃ ဦး ပြန်လည်လွတ်မြောက်လာပြီး၊ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့အတူ အမေရိကန်ကို ပြန်လာနေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump ကပြောဆိုလိုက်ပါတယ်။

လွတ်မြောက်လာသူ ၃ ဦးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပုံ ရကြောင်းလည်း Twitter အင်တာနက် လူမှုကွန်ယက်ကနေ သမ္မတ Trump က ဒီနေ့ပဲ ပြောဆိုလိုက်တာပါ။ အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ထိပ်သီးတွေ့ဆုံပွဲအတွက် ကြိုတင်စီစဉ်ဖို့ ၀န်ကြီး Pompeo မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီးနောက် ဖမ်းဆီးခံ အမေရိကန်တွေ လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

သမ္မတအိမ်ဖြူတော်က ဒီနေ့ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့ အမေရိကန် ၃ ယောက်ကို ပြန်လွှတ်ပေးတဲ့အတွက် မြောက်ကိုရီးယား ခေါင်းဆောင်ကို ကျေးဇူးတင်ကြောင်းနဲ့ စိတ်ကောင်းစေတနာကို ပြသတဲ့လုပ်ရပ်အဖြစ် ရှုမြင်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဖမ်းဆီးခံခဲ့ရတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား ၃ ဦးအနက်၊ ပြုံယမ်း သိပ္ပံနဲ့နည်းပညာ တက္ကသိုလ်မှာ စာသင်ကြားပို့ချခဲ့ကြဖူးတဲ့ Tony Kim နဲ့ Kim Hak Song တို့ကိုတော့ အစိုးရဆန့်ကျင်တဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်မှု၊ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းမှု စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့နှစ်မှာပဲ သီးခြားစီ ဖမ်းဆီးခံထားရတာပါ။

နောက်တဦးဖြစ်တဲ့ Kim Dong Chul ကိုတော့ ၂၀၁၅ အောက်တိုဘာလထဲ နိုင်ငံမြောက်ဖက် Rason မြို့မှာ ဖမ်းဆီးခဲ့ပြီး၊ သူလျှိုမှုနဲ့ ၂၀၁၆ ခုနှစ်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်စီရင်ထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံပြီး သီတင်းပတ် အနည်းငယ် အကြာမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Pompeo မြောက်ကိုရီးယားကို ထပ်မံသွားရောက်ခဲ့တာပါ။ ပထမတကြိမ် ခရီးစဉ်ကတော့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်အမှန်ကို သိနိုင်ဖို့ ရည်ရွယ်ပြီး၊ အခုဒုတိယတခေါက်ကတော့ ခေါင်းဆောင် ၂ ယောက် ထိပ်သီးတွေ့ဆုံမှု အောင်မြင်ဖို့ အခြေခံမူဘောင်တွေ၊ အခြေအနေတွေ ဖန်တီးဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ရရှိဖို့ မြောက်ကိုရီးယားနဲ့ လက်တွဲကြိုးပမ်းဖို့ အမေရိကန်က သန္နိဓာန်ချထားကြောင်းလည်း ခရီးစဉ်မှာ ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG