သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းတနှစ်ပြည့် ပြည်တွင်းပြည်ပ ကန့်ကွက်မှုများ


Myanmar
Myanmar

အာဏာသိမ်းတနှစ်ပြည့် ပြည်တွင်းပြည်ပ ကန့်ကွက်မှုများ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၁ နှစ်ပြည့်အဖြစ် ပြည်တွင်း၊ ပြည်ပကန့်ကွက်လှုပ်ရှားကြပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံး အပြင်ဖက်မှာ အင်္ဂါနေ့က ရာနဲ့ချီတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ စုဝေးခဲ့ကြပြီး စစ်အာဏာသိမ်း အုပ်ချုပ်မှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာပါ။ လန်ဒန်မြို့က လှုပ်ရှားမှုမှာတော့ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီကို လက်မခံဖို့နဲ့ NUG အမျိုးသား ညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။

ကနေဒါနိုင်ငံမှာလည်း မြန်မာ့အရေး လှုပ်ရှားသူတွေက အင်္ဂါနေ့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အွန်လိုင်းလှုပ်ရှားမှုတခုကို စီစဉ်ခဲ့ကြတာပါ။ ကနေဒါလွှတ်တော်ကိုယ်စားလှယ်တချို့ကိုပါ ဖိတ်ကြားထားတဲ့ အစီအစဉ်မှာတော့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်းလည်း စီစဉ်သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုအဖြစ် နယ်သာလန်နိုင်ငံ သဟိဂ်မြို့က ICJ နိုင်ငံတကာ တရားရုံးရှေ့မှာ မြန်မာ့အရေး လှုပ်ရှားသူတချို့ ဆန္ဒပြခဲ့ကြတာပါ။

မြန်မာနိုင်ငံက နေရာတော်တော်များများမှာလည်း အင်္ဂါနေ့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ တွေ့ကြရပါတယ်။ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်အဖြစ် အသံတိတ်သပိတ် ဆန္ဒပြဖို့ တက်ကြွလှုပ်ရှားသူတွေ တိုက်တွန်းထားတာကြောင့် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင် နေရာတော်တော်များများမှာ အသွားအလာတွေ ရှင်းလင်းနေတာ တွေ့ခဲ့ရတာပါ။

တက်ကြွလှုပ်ရှားသူ တချို့ကတော့ လမ်းပေါ်ထွက် ဆန္ဒပြကြတာတွေလည်း ရှိပါတယ်။ ရန်ကုန်မြို့ အပါအဝင် နေရာတချို့မှာတော့ ဆိုင်တွေပိတ်မယ်ဆိုပြီး ကြိုတင်အသိပေးထားတဲ့ ဆိုင်ပိုင်ရှင်တချို့ ဖမ်းဆီးခံရတာ ရှိတယ်လို့လည်း နီးစပ်သူ တချို့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေကို အာဏာပိုင်တွေက အပြင်းအထန် နှိမ်နင်းမှုတွေ၊ ဖမ်းဆီးမှုတွေ ရှိနေတဲ့ ကြားမှာပဲ ဆန္ဒပြလှုပ်ရှားမှုတွေ ရှိနေဆဲဖြစ်သလို၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေလည်း ပေါ်ပေါက်နေတာပါ။

.............................

တိုက်ရိုက် လင့်ခ်


{{Unicode}}






XS
SM
MD
LG