သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်းမြို့နယ်တွင်း စစ်ကောင်စီတပ် နယ်မြေရှင်းလင်း


ဒီပဲယင်း မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ (ဒီဇင်ဘာ ၆၊ ၂၀၂၂/Photo: CJ) Depeyin/Tapeyin
ဒီပဲယင်း မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ (ဒီဇင်ဘာ ၆၊ ၂၀၂၂/Photo: CJ) Depeyin/Tapeyin

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ဘေးရှောင် ၂,၀၀၀ ကျော်ရှိနေပြီး နာမကျန်းသူတွေလည်း ရှိနေပါတယ်။ ဒီပဲယင်းမြို့နယ်ထဲက အခြေအနေ သတင်းပေးပို့ချက်ကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

စက်တင်ဘာ ၃၀ ရက်ကစလို့ ဒီပဲယင်းမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ မြို့နဲ့တမိုင်ခွဲလောက်သာဝေးတဲ့ လက်တီး ကျေးရွာကို နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီးတဲ့နောက် ရွာအတွင်းမှာ အမျိုးသားအလောင်းတလောင်းကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဟာ ပျံကျကျေးရွာနဲ့ နဘဲလှကျေးရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် ပျံကျကျေးရွာမှာတပ်စွဲနေတဲ့ စစ်တပ်ဟာ အောက်တိုဘာ ၂ ရက်နေ့မှာ ပျံကျကျေးရွာကထွက်ခွာချိန် ပစ်ခတ်ခဲ့တာကြောင့်လည်း ထိခိုက်ဒဏ်ရာရသူရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စက်တင်ဘာ ၃၀ မှာ စထွက်တော့ ယင်းဒွေလက်တီးရွာကို စဝင်လိုက်တာ ပြည်သူ ၃ ယောက်မိတာပေါ့။ မိတော့ ၂ ယောက်ကိုတော့ ဓားစာခံအဖြစ် ဆက်လက်ဖမ်းသွားပြီးတော့ ၁ ယောက်ကိုတော့ အဲ့ရွာထဲမှာ သတ်ဖြတ်ပစ်ထားခဲ့တယ်။ အဲ့ကနေ စစ်ကြောင်းက ၁ ရက်နေ့ ရောက်တော့ ဆက်ထိုးလိုက်တော့ နဘဲလှနဲ့ပျံကျရွာကြားမှာ ထိတွေ့မှုနည်းနည်းဖြစ်တယ်။ MI 35 လာကူတယ်ပေါ့နော်။ ရဟတ်ယာဉ်နဲ့ လာကူပစ်သွားတယ်ပေါ့။ ပစ်ပြီးတော့ အဲ့ပျံကျရွာမှာပဲတပ်စွဲလိုက်တာ။ ဒီနေ့ ခန့်မှန်းခြေ အဲ့ပျံကျရွာကနေ စစ်ကြောင်းက ဝေလီဝေလင်းပေါ့။ ထွက်လာတာပေါ့ ၅ နာရီဝန်းကျင်လောက်ပေါ့။ နဘဲလှရွာမှာ ပြည်သူတွေ ရုတ်ရုတ်သဲသဲဖြစ်နေတာကို လှမ်းပစ်လိုက်တာ ပစ်လိုက်တဲ့ထဲမှာ အုန်းပြင်က အမျိုးသား နဘဲလှရွာမှာ အိမ်ထောင်ကျတဲ့သူကို ရွေးမှန်တာ။ ဖမ်းဆီးသွားတဲ့ နဘဲလှက ၁ ယောက်ဆိုတာလည်း အခုချိန်ထိ မလွတ်သေးဘူး။ လက်တီးရွာက ၂ ယောက်ဆိုတာလည်း အခုချိန်ထိ မလွတ်သေးဘူး။”

ပျံကျကျေးရွာမှာ တပ်စွဲပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ပုဂံကျေးရွာကို ဝင်ရောက်ခဲ့ပြီး နေအိမ်တလုံးကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို အရပ်သားတွေ သေဆုံးတာနဲ့ ပတ်သက်လို့ရော လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ပါ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး။

စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် မြို့အနီး ပတ်ချာလည်က ဒေသခံ ၂ ထောင်ကျော်လောက်ဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေထဲမှာလည်း ရာသီဥတု ပြောင်းလဲတဲ့အတွက် နာမကျန်းဖြစ်သူတွေ ရှိနေပါတယ်။ စစ်တပ် နယ်မြေရှင်းလင်းချိန် မြို့ပေါ်မှာ ဆေးဝါးကုသဖို့လည်း အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

“ဖျားနာတာတွေတော့ရှိတယ်။ နေအရမ်းပူတယ်။ မိုးအရမ်းရွာလာတဲ့အခါမှာ ရှောင်ရတဲ့အခါကျတော့ ရာသီဥတု ဖောက်ပြန် တာဖြစ်လို့ စစ်ကြောင်းထိုးနေရင် ပိုဆိုးတယ်။ စစ်ကြောင်းရှိနေတဲ့ဟာကို ကျော်ဖို့ဆိုတာ မလွယ်ဘူးပေါ့နော်။ စစ်ကြောင်းနဲ့ဝေးရင် မြို့ပေါ်သွားဖို့ နည်းနည်းလွယ်ကူတာပေါ့နော်။ ဒါတောင် လမ်းခရီး အခက်အခဲ စစ်ရေး အခြေအနေ အဲ့အပေါ်တွေမှာ မူတည်တာခင်ဗျ။ စစ်ရှောင်စခန်းနားက ဆေးဝါး ကျွမ်းကျင်လိုဟာတွေနဲ့ပဲ ကုလိုက်ကြတာ။”

ဒေသတွင်းမှာတော့ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းတာ ၁ ပတ်ရှိနေပြီ ဖြစ်တဲ့အတွက် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေမှာ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG