(Zawgyi/Unicode)
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဒေသခံတဦး ညဘက်အိမ်ပြန်ချိန် စစ်တပ်က လိုက်လံပစ်ခတ်ပြီး နေအိမ်ကို မီးရှို့ခဲ့တာကြောင့် အဲဒီဒေသခံသေဆုံးသွားပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာလည်း ပေါက်ကွဲမှု ဖြစ်ပြီး စစ်တပ်ဘက်မှာ ဒဏ်ရာရတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းကပြောပြပါမယ်။
ဇူလိုင်လ ၂၂ ရက်၊ ကြသပတေးညပိုင်းက မင်းတပ်မြို့မှာ ညဘက် နေအိမ်ပြန်လာတဲ့ လူငယ်တဦးကို စစ်တပ်ကလိုက်ပစ်ပြီး နေအိမ်ကို မီးရှို့တာကြောင့် အဲဒီလူငယ် သေဆုံးသွားသလို သူ့ရဲ့ဖခင်ဟာလည်း မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရတယ်လို့ မင်းတပ်ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။
“မြို့ထဲမှာ မီးလောင်တာက ကျနော်လေ့လာကြည့်တော့ ည ၁၀ နာရီဝန်းကျင်မှာ လူငယ်တယောက်က သူ့အိမ်ပြန်တာပေါ့။ သူ့အိမ်ပြန်တဲ့အချိန်မှာ ပတ္တယောင်လှည့်တဲ့ရဲတွေ တပ်တွေက တွေ့ပြီးတော့ သူ့ကို ပစ်ကြတာ။ လိုက်ပြီးပစ်တာနဲ့ သူက ပြေးရင်းပြေးရင်းနဲ့ သူက သူ့အိမ်ကို ပြန်ရောက်သွားတာ။ သူ့အိမ်ကို ပြန်ရောက်သွားတော့ သူ့အိမ်ကို သေနတ်နဲ့လည်းပစ်တယ်။ မီးလည်းရှို့တယ်။ မီးရှို့တော့ အဲ့လူငယ်က ပွဲချင်းပြီး သေသွားတယ် ပြောတယ်။ သူတို့အိမ်က မီးလောင်သွားတယ်။ ပြီးရင် သူ့အဖေက အခုဆေးရုံမှာ မန်းလေးဆေးရုံမှာ ပို့ကြတယ် ပြောကြတယ်။ သေမလား ရှင်မလား မသိဘူး။ အဲ့လိုပြောကြတယ်။ သူ့အဖေနဲ့ သူပဲ နှစ်ယောက်ပဲရှိတယ် ပြောကြတယ်။ ကျန်တဲ့မိသားစုဝင်တွေ တခြားနေရာမှာ နေကြတယ်လို့ ပြောကြတယ်။”
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
မင်းတပ်မှာ CDF တပ်ဖွဲ့နဲ့ စစ်တပ်ကြား အပစ်အခတ်ရပ်ထားတာ သက်တမ်းကုန်ပြီး နောက်ထပ် ဆွေးနွေးတာမှာ သဘောတူညီချက် မရခဲ့တဲ့နောက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်လာနေတဲ့အချိန်မှာပဲ အခုဖြစ်ရပ်ဖြစ်ခဲ့တာပါ။ ဒီနေ့မှာလည်း မင်းတပ် CDF နဲ့ စစ်တပ်ကြား နေ့လည်ပိုင်းကတည်းက တိုက်ပွဲတွေဖြစ်နေတယ်လို့ မင်းတပ် CDF ဘက်က ပြောပေမယ့် တခြားအသေးစိတ်တွေကိုတော့ မပြောပါဘူး။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာတော့ ဒီကနေ့ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက မြန်မာ့ရှေ့ဆောင်ဘဏ်အနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။
“ရွှေဘိုမှာ မနက်က ဗုံးပေါက်ကွဲတာက ၉ နာရီခွဲ ဝန်းကျင်ပေါ့။ ၉ နာရီနဲ့ ၉ နာရီခွဲ ဝန်းကျင်လောက်မှာ အဲ့ကြားထဲမှာ ပေါက်ကွဲတယ်။ ရွှေဘို လမ်းမတော် မြန်မာ့ရှေ့ဆောင်ဘဏ်အနီးပေါ့။ စစ်ကောင်စီ တပ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိတယ်ခင်ဗျ။ အဲ့မှာ ဘယ်နှဦးရယ်ဆိုတာတော့ အတိအကျမသိရဘူး။ သေချာတာကတော့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိတာ သေချာတယ်ခင်ဗျ။ သူတို့ လူနာတင်ကားနဲ့ တင်သွားတယ်။ ဘယ်နှစ်ဦးရယ်လို့ စစ်ကောင်စီဘက်ကလည်း အတည်ပြုသတင်း ထွက်ပေါ်လာတာမရှိသေးဘူး။ မြို့တွင်းမှာတော့ တအားကြီး လုံခြုံရေးတင်းကြပ်ထားတာမရှိဘူး။ ပုံမှန်အတိုင်းပဲ သွားလာနေကြတယ်။”
ရွှေဘိုမြို့မှာ ဘဏ်တွေနဲ့ ကျောင်းတွေအနီး မကြာခဏဆိုသလို ပေါက်ကွဲတာတွေ ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတဲ့သတင်းမျိုးတွေ မရှိခဲ့ဖူးပါဘူး။
............................................................................................
(Unicode)