သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ABSDFဗဟိုကော်မတီဝင်ကို မတရားအသင်းဆက်သွယ်မှုနဲ့ စွဲချက်တင်ဖို့ တရားရုံးဆုံးဖြတ်


 ABSDF ရဲ့ ဗဟိုကော်မတီဝင် ကိုမင်းဌေးကို ရုံးထုတ်စဉ် (Ma Hnoung' facebook )
ABSDF ရဲ့ ဗဟိုကော်မတီဝင် ကိုမင်းဌေးကို ရုံးထုတ်စဉ် (Ma Hnoung' facebook )

တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ABSDF ရဲ့ ဗဟိုကော်မတီဝင် ကိုမင်းဌေးကို မြန်မာ့တပ်မတော်က စွဲဆိုထားတဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားရုံးတင်ဖို့ မိုးမောက်တရားရုံး တရားသူကြီးက မနေ့တနင်္လာနေ့က ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ သူ့ကို ကချင်လက်နက်ကိုင်အဖွဲ့ KIA ဆက်သွယ်မှုနဲ့ ဖမ်းဆီးပြီး ကချင်ပြည်နယ် ဗန်းမော်အကျဉ်းထောင်မှာ ရက်ပေါင်း၂၀၀ကျော် ချုပ်နှောင်ထားပြီးတဲ့နောက် အခုလို တရားစွဲဆိုဖို့ အမိန့်ချလိုက်တာပါ။ အသေးစိတ် မဆုမွန်ဆက်ပြောပြပါမယ်။
ကချင်ပြည်နယ် ဗန်းမော်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ABSDF ရဲ့ ဗဟိုကော်မတီဝင် ကိုမင်းဌေးကို မြန်မာတပ့်မတော်ဘက်က စွဲဆိုထားတဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားရုံးတင်ဖို့ ဆုံးဖြတ်ချက်ကို တနင်္လာနေ့ ဇူလိုင်လ ၁၇ရက်နေ့မှာ ကချင်ပြည်နယ် မိုးမောက်တရားရုံး တရားသူကြီးက အမိန့်ချမှတ်လိုက်ပါတယ်။ ဒါဟာ ဗန်းမော်အကျဉ်းထောင်အတွင်း ရက်ပေါင်း ၂၀၀ကျော် ချုပ်နှောင်ပြီးမှာမှ တရားစွဲဖို့အမိန့်ချလိုက်တာလို့ ရုံးထုတ်ကိုကိုယ်တိုင် သွားရောက်ခဲ့တဲ့ ကိုမင်းဌေးရဲ့ဇနီးဖြစ်သူ ABSDF(မြောက်ပိုင်း)အဖွဲ့ကော်မတီအတွင်းရေးမှူး ဒေါ်နန်းယဉ်(ခေါ်) မနှောင်းက ဗွီအိုအေ ကို အခုလိုပြောပါတယ်။

“သူတို့ ဒီတရားလိုထဲက သက်သေတွေအကုန်ပြီးသွားပြီပေါ့ ပြီးခဲ့တဲ့တပတ်က ပြီးသွားတော့ ဒီတပတ်ကတော့ သူတို့ ဆုံးဖြတ်ချက်ချတာပေါ့နော်။ ဆုံးဖြတ်ချက်က ဒီအမှုနဲ့ ပတ်သက်ပြီး တရားစွဲမလား၊ မစွဲမလား ဆိုတာကို တရားရုံးကအမိန့်ချတာကတော့ စွဲမယ်ပေါ့။ မိုးမောက်က တရားရုံးက တရားသူကြီးက ကိုမင်းဌေးကို ဆက်စစ်မယ်၊ ပြီးတော့ ကိုမင်းဌေးဘက်က သတ်သေတွေပေါ့ ၊ အဲဒါတွေထွက်ဆိုရမယ်ပေါ့။ တရားစွဲမယ်ဆိုတဲ့ဟာကို အမိန့်ချလိုက်တာပေါ့။ နောက်ကိုမင်းဌေးကတော့ အခုစပြီး စွဲတဲ့အချိန်ကဆိုရင် အခု ၂၀၂ ရက်ရှိပြီ ရုံးချိန်းထုတ်တာကတော့ ၂၁ ကြိမ်ရှိပြီပေါ့နော်၊ ၆ လကျော်သွားပြီပေါ့နော် ။ ၆လကျော်သွားပြီးတဲ့အချိန်မှာ ဒါတရားစွဲမယ်ဆိုတာကို ဆုံးဖြတ်ချက်ချတာပေါ့။ ကိုမင်းဌေးကိုတော့ ထောင်ထဲမှာပေါ့နော် ဗန်းမော်ထောင်ထဲမှာ ထည့်ထားတာ ၆ လကျော်သွားပြီပေါ့နော် ။”

အခုလို မြန်မာ့တပ်မတော်ဘက်က တရားလိုလုပ်ပြီး ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ဆက်သွယ်တယ် ကချင်လက်နက်ကိုင်အဖွဲ့အတွက် အလုပ်လုပ်ပေးနေတယ်ဆိုတဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုလိုက်တဲ့ ဒီအမှုနဲ့ပတ်သက်ပြီး တရားသူကြီးဘက်က မေးခွန်းထုတ်တဲ့အပေါ် ကိုမင်းဌေးကတော့ အပြစ်မရှိကြောင်း တရားခွင်မှာ ငြင်းဆိုခဲ့ပြီး ကိုမင်းဌေးအမှုကို ဥပဒေကြောင်းအရ ဆက်ပြီးရင်ဆိုင်သွားဖို့ ဆောင်ရွက်နေတယ်လို့ မနှောင်းကပြောပါတယ်။

“စွဲတာကတော့ စကခ ၂၁ ကနေ ဗိုလ်ကြီးသက်ဆွေလင်းက စွဲတာ သူတို့ကတော့ ပြောတာက KIA အတွက်အလုပ်လုပ်ပေးတယ်ဆိုတဲ့အပေါ်မှာစွဲတယ်၊ ဆိုတော့ ဒီနေ့လည်းမေးပါတယ် တရားသူကြီးကမေးတယ် ကိုမင်းဌေးကို အပြစ်ရှိသလားပေါ့။ ကိုမင်းဌေးကတော့ အပြစ်မရှိဘူး၊ နောက်ဘာကြောင့်အပြစ်မရှိသလဲလို့မေးတဲ့အခါမှာ ABSDF ဟာ NCA မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်တယ်။ နောက် KIA အတွက်လည်း ဘယ်တုန်းကမှ အလုပ်လုပ်ပေးခဲ့တာမဟုတ်ဘူးဆိုတဲ့ အပေါ်မှာ အပြစ်မရှိဘူးဆိုတာဖြေတယ်လေ။ ဒီတရားစွဲဖို့ကို လက်ခံလိုက်ပြီး ဆုံးဖြတ်လိုက်တဲ့အပေါ်မှာတော့ တော်တော်လေးကျမတို့ စိတ်မသက်မသာဖြစ်တယ် ကိုမင်းဌေးဆိုရင် ဒီနေ့ တရားစွဲမှာမဟုတ်ဘူး ဒီနေ့ ပြန်လွတ်မယ်လို့ သူမျှော်လင့်ထားတာလေ။ အဲဒီတရားစွဲမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ တော်တော်စိတ်မကောင်းဖြစ်သွားပုံရပါတယ်။ ကျမတို့ကတော့ ဒီအပေါ်မှာ သူတို့ပြောတဲ့ တရားခံ သက်သေတွေပေါ့နော် အဲဒါတွေဆက်ပြီးတော့မှ တရားရုံးမှာ အစစ်ခံရမှာတွေ ၊ ထွက်ဆိုရမှာတွေရှိမယ်။ အဲဒါပြီးရင်တော့ မခိုင်လုံပဲနဲ့ ချခဲ့တဲ့ အနေအထားမျိုးဖြစ်တယ်ဆိုရင်တော့ အထက်ရုံးအထိလည်းကျမတို့ဆက်ပြီးတက်မှာပါ။”

ဗန်းမော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ကိုမင်းဌေးမှာ သွေးတိုးရောဂါနဲ့ အဆစ်အမြစ်ကိုက်ခဲတဲ့ရောဂါရှိပြီး စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့လည်း မနှောင်းက အခုလိုပြောပါတယ်။

“ကျန်းမာရေးကတော့ သူက သွေးတိုးရှိတယ်၊ နောက်တခုကတော့ အဆစ်အမြစ်ရောင်တာတွေရှိတဲ့အပေါ်မှာ ဒီနေ့လည်းသူတော်တော်လေး စပြီးလာတာနဲ့ သိပ်ပြီးနေကောင်းပုံမရဘူး ပြီးခဲ့တဲ့တခေါက်ရယ်ပေါ့နော်။ သူ့ခြေထောက်ကလေးတွေနည်းနည်းရောင်နေတာရှိတယ်။ ဒီနေ့လည်းသူ ခေါင်းသိပ်မကြည်ဘူးဆိုပြီးတော့မှ ဆေးတောင်းသောက်တာတွေရှိတဲ့အပေါ်မှာ ကျမစိတ်ပူတယ် သွေးတိုးလည်းရှိတယ်။ ဒီနေ့ဆိုရင် သူတော်တော်လေးစိတ်ထိခိုက်ပုံရသွားတဲ့အပေါ်မှာ သူ့ကျန်းမာရေးကို စိတ်ပူတာတွေတော့ရှိပါတယ်ရှင့်။”

တနိုင်ငံလုံးအတိုင်းအတာနဲ့ NCA အပစ်ရပ်ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့ ABSDF ရဲ့ ဗဟိုကော်မတီဝင် ကိုမင်းဌေးဟာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မီတီက ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကနေအပြန် ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် ဒီဇင်ဘာ(၂၇)ရက်နေ့မှာ ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်က သိမ်လုံဂိတ်မှာ မြန်မာစစ်တပ် ကနေ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရတာပါ။ အဲ့ဒီ့နောက်မှာတော့ သူ့ကို ကချင်ပြည်နယ် ဗန်းမော်အကျဉ်းထောင်မှာမတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG