သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ ဖမ်းဆီးခံရသူ မြန်မာသတင်းသမား ၂ ဦး ပြန်လည်လွတ်မြောက်


 ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ နှစ်ဦးကို သူတို့ရှေ့နေMr Jyotirmoy barua နှင့်တွေ့ရစဉ် ( Mr Jyotirmoy barua facebook)
ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ နှစ်ဦးကို သူတို့ရှေ့နေMr Jyotirmoy barua နှင့်တွေ့ရစဉ် ( Mr Jyotirmoy barua facebook)

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရိုဟင်ဂျာဒုက္ခသည်အရေးကို သတင်းသွားယူရာက ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ဖမ်းဆီးပြီး တရားစွဲခံရတဲ့ မြန်မာ သတင်းထောက် (၂)ဦးရဲ့အမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါပြီ။ နှစ်နိုင်ငံနယ်စပ်အရေး တင်းမာမှု အရှိန်မြင့်နေချိန်မှာ ဓါတ်ပုံသတင်းထောက် (၂)ဦးကို ပြန်လွှတ်ပေးတဲ့အပေါ် မြန်မာသတင်းသမား တွေကလည်း ကြိုဆိုလိုက်ကြ ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ဂျာမနီနိုင်ငံ GEO မဂ္ဂဇင်းအတွက် ရိုဟင်ဂျာဒုက္ခသည်တွေအကြောင်း ဓါတ်ပုံရိုက်ကူးဖို့ တာဝန်ပေးခံရတဲ့ အလွတ် ဓါတ်ပုံသတင်းထောက် ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ နှစ်ဦးကို စက်တင်ဘာလ (၇)ရက်နေ့ Cox’s Bazar မှာ ဖမ်းဆီးပြီး သူလျှိုမှုနဲ့ စွပ်စွဲခဲ့ပြီးနောက်ပိုင်းမှာတော့ အလည်အပတ် ဗီဇာနဲ့ သတင်းယူတဲ့ အတွက်ဆိုပြီး အရေးယူခဲ့ပါတယ်။

အခုတော့ သူတို့ပေါ် စွဲဆိုထားတဲ့ အမှုကိုပြန်လည် ရုပ်သိမ်းပြီး အင်္ဂါဒီကနေ့ နေ့လည်မှာ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်တယ်လို့ မြန်မာသတင်း ထောက် နှစ်ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ရှေ့နေ မစ္စတာ Jyotirmoy Barua က VOA ကိုပြောပါတယ်။

“အစိုးရက ဒီအမှုကို တရားဝင်ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ သက်ဆိုင်ရာကတဆင့် ကျနော်တို့ သိခဲ့ရပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ သူတို့ကို ထွက်ခွာခွင့် ပေးလိုက်တာပါ။ ခုတော့ သူတို့ ဒီကနေ ထွက်သွားကြပါပြီ”

ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ နှစ်ဦးဟာ ဘင်္ဂလားဒေ့ရှ် Biman လေကြောင်းလိုင်းနဲ့ ဒေသစံတော်ချိန်နေ့လည် ၁၂နာရီခွဲ လောက်မှာဒါကာမြို့ကနေ ထိုင်းနိုင်ငံကို ထွက်ခွာသွားကြောင်း ရှေ့နေ Barua ကပြောပါတယ်။ သတင်းထောက်တွေ ဘင်္ဂလားဒေ့ရှ်မှာ ကျန်ခဲ့တဲ့ ကင်မရာနဲ့ လုပ်ငန်းသုံးပစ္စည်းတွေကိုတော့ သူတို့ရှေ့နေက မကြာခင် မြန်မာပြည်ကို ပို့ပေးမှာဖြစ်ပါတယ်။

အခုလို အမှုကိုရုပ်သိမ်းပြီး မြန်မာသတင်းထောက် နှစ်ဦးကို ပြန်လွှတ်ပေးတဲ့အပေါ် ကြိုဆိုကြောင်းနဲ့ နောင်မှာ မြန်မာသတင်းသမားတွေ သင်ခန်းစာ ယူဖို့လိုကြောင်း မြန်မာနိုင်ငံ သတင်းကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

“ကျနော်တို့က ဒီသတင်းထောက်တွေပြန်လွတ်လာတာကို ကြိုဆိုတယ်၊ ဘင်္ဂလားဒေ့ရှ်အစိုးရလည်း ဒီလိုလွတ်ပေးတာက လုပ်သင့်တဲ့ဟာကို လုပ်ဆောင်တယ်လို့ မြင်တယ်ပေါ့နော်။ တခုပဲ နောက်သတင်းသမားတွေအနေနဲ့တော့ ဒီကိစ္စတွေသတင်းသွားယူတဲ့အခါမှာ သတင်းသမားဗီဇာနဲ့ ဂျာနယ်လစ် ဗီဇာနဲ့ လျှောက်ဖို့ဆိုတာမျိုးကို သင်ခန်းစာယူဖို့လိုမယ်လို့တော့ ထင်တယ်။ အကယ်၍အဲလိုမျိုးမဟုတ်ခဲ့ရင်တော့ သူတို့ဘက်ကနေ ဥပဒေအကြောင်းအရ အသာစီးရတဲ့အနေအထားမျိုးဖြစ်နိုင်တာပေါ့နော်။ ဒီကနေလည်း ကျနော်တို့ သင်ခန်းစာယူဖို့တော့လိုတယ်လို့ ထင်ပါတယ်။”

ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ ရိုဟင်ဂျာဒုက္ခသည် အရေးနဲ့ပတ်သက်လို့ တင်းမာမှုရှိနေချိန်မှာ ခုလို ဓါတ်ပုံသတင်းထောက် နှစ်ဦးကို ပြန်လွှတ်ပေးတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့လုပ်ရပ်အပေါ် ကြိုဆိုရမှာ ဖြစ်တယ်လို့ ဂျပန် NHK သတင်းထောက် ကိုသီဟသွေးက ပြောပါတယ်။

“သူတို့၂ ယောက်ပြန်လွှတ်လာတယ်ဆိုတော့ ဝမ်းသာဖို့ကောင်းပါတယ်။ ကိုမင်းဇေယျာဦးတို့အဖမ်းခံရတဲ့ကိစ္စက ၂ နိုင်ငံ နယ်နိမိတ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၂ နိုင်ငံတင်းမာမှုဖြစ်နေတဲ့အချိန်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး သူတို့ကိုဖမ်းလိုက်တဲ့ကိစ္စက ဒီတင်းမာမှုကို ပိုပြီးတော့ ပြင်းထန်သွားစေတာပေါ့နော်။ အဲဒီအချိန်ကတည်းက တင်းမာမှုတွေ လျှော့ကျဖို့အတွက်ဆိုရင် ဒီ ၂ ယောက်ကို လွှတ်ပေးဖို့လိုလိမ့်မယ်ပေါ့နော်။ ဒီ၂ ယောက်ရဲ့ မှားယွင်းပြီးတော့ သတင်းစာဆရာတွေ လျှောက်ရတဲ့ ဗီဇာတွေပေါ့နော် မလျှောက်ပဲနဲ့ ကျနော်တို့ ဒီလိုဝင်သွားမိတဲ့အတွက်ကို ဗွေမယူပဲနဲ့ လွှတ်ပေးသင့်တယ်။ မဟုတ်ဘူးဆိုရင် တမင်တကာ မြန်မာသတင်းထောက်မို့လို့ ဖမ်းတယ်ဆိုတဲ့သဘောကြောင့် တင်းမာမှုတွေ ပိုဖြစ်နိုင်တယ်ဆိုတာ ကျနော်တို့ ယူဆပြီး ဒီကိစ္စလွှတ်ပေးလိုက်ရင်ကောင်းမယ်ပေါ့နော် အကောင်းဘက်ကိုရောက်အောင်ပေါ့။ ကျနော်တို့တွေက တွေ့ခဲ့တဲ့ လိုလည်းလိုလားခဲ့တယ် အခုလိုဖြစ်လာတဲ့အတွက်ကြောင့် ဝမ်းသာပါတယ်။”

ARSA ခေါ်တဲ့ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက လုံခြုံရေးကင်းစခန်း (၃၀)လောက်ကို သြဂုတ်လ(၂၅)ရက်နေ့ မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်၊ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ ရိုဟင်ဂျာဒုက္ခသည် (၅)သိန်း ကျော် ဘင်္ဂလားဒေ့ရ်ှနယ်စပ်ကို ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂအဖွဲ့တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali ဟာ လာမယ့်နိုဝင်ဘာလထဲ မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပမယ့် (၁၃)ကြိမ်မြောက် ASEM အစည်းအဝေးကို တက်ရောက်ဖို့ရှိပြီး၊ ရိုဟင်ဂျာဒုက္ခသည် အရေးကိုလည်း ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG