သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်မှ မင်းတပ်မြို့ကို သိမ်းယူ


နေပြည်တော်မှာ လုံခြုံရေးုယူနေတဲ့ မြန်မာ့တပ်မတော်သားအချို့။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁)
နေပြည်တော်မှာ လုံခြုံရေးုယူနေတဲ့ မြန်မာ့တပ်မတော်သားအချို့။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်ကောင်စီ လုံခြုံရေးတပ်တွေကို အပြင်းအထန် ခုခံနေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာတော့ ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က မြို့တွင်းဝင်ရောက်သိမ်းယူထားပြီလို့ သိရပါတယ်။ ဒီမတိုင်ခင်မှာ စစ်တပ်က အင်အားတွေဖြည့်တင်းပြီး မြို့တွင်းကို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ မင်းတပ်မြို့နယ်မှာ စစ်တပ်ကို လက်နက်ကိုင်ခုခံတော်လှန်မှု ပြင်းထန်နေသလို စစ်တပ်ဘက်ကလည်း လေကြောင်းကနေ အကြိမ်ကြိမ် စစ်ကူပို့ပေးပြီး လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ မင်းတပ်ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

“ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်ကစပြီး သူတို့ ရဟတ်ယာဉ်တွေ လာတယ်။ အခုနဲ့ဆို ရဟတ်ယာဉ် ၈ စီးရှိပြီ။ သူတို့လူတွေဖြည့်သွားတယ်။ ရဟတ်ယာဉ်တွေ လာတိုင်းလာတိုင်း ကျနော်တို့ကို တကယ့် မော်တာလက်နက်ကြီးတွေနဲ့ အပစ်ခံနေရတယ်။ အခုနဲ့ဆိုရင် သူတို့ မြို့ထဲကိုပစ်တာ မနက် ၇ နာရီကစ အခု ၁ နာရီထိုးတော့မယ်ပေါ့နော်။ အချက် ၅၀၊ ၆၀ ရှိမယ်။ မော်တာလက်နက်ကြီးနဲ့ မြို့ထဲကို လှမ်းလှမ်းပစ်တယ်။ ရဟတ်ယာဉ်ကနေပဲ ပစ်တာခတ်တာတွေ ရှိတယ်။ မင်းတပ်မြို့ကို သူတို့ မြို့စိုးမိုးနိုင်တဲ့ အခြေအနေမျိုးတော့ ဖြစ်သွားတာပေါ့ခင်ဗျ။”

မင်းတပ်မြို့တွင်းမှာလည်း ၂၇၄ တပ်ရင်းကနေ မြို့တွင်းမှာ လူတွေကို ဒိုင်းအကာအရံအဖြစ် ဖမ်းဆီးတာရှိတယ်လို့ သူကပြောပါတယ်။

“၂၇၄ တပ်ရင်း ပြန်ဆင်းလာပြီးမှ လူတွေကိုဖမ်းတယ်။ အဲဒီ ဖမ်းတဲ့ ၁၅ ယောက်လုံးကို လူသားဒိုင်းလိုလုပ်ပြီးမှ ရှေ့မြို့ထဲကို သူတို့ဝင်လာနေတာပေါ့နော်။ ကျနော်တို့ဘက်က ကိုယ့်လူတွေကို ပစ်လို့မရဘူး။ လူတွေ ဆိုင်ခန်းတွေ အိမ်တွေရှိနေလို့ ကျနော်က ပစ်လို့မရဘူး။ ဆိုတော့ ကျနော်တို့က တဖြည်းဖြည်း နောက်ဆုတ်လာတယ်။ သူတို့တွေက ပစ်ချင်ရာပစ် မည်းမည်းမြင်ရာပစ်ပေါ့နော်။”

ဒီကနေ့ မင်းတပ်မြို့တွင်း ပစ်ခတ်မှုမှာ အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ကနေ နေ့လယ်ပိုင်းမှာ မင်းတပ်မြို့ကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သလို နှစ်ဖက်ထိခိုက်မှု ရှိတယ်လို့ တခြား မင်းတပ်ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ရဟတ်ယာဉ်တွေက အခေါက်ခေါက် ကယ်ရီပို့နေတယ်၊ ကျောက်ထုကနေပြီးတော့မှ။ လူတွေလာချတယ်။ အဲဒီ အင်အားတွေနဲ့ ကျနော်တို့မြို့ကို တိုက်ခိုက်တယ်။ အခု သူတို့ မြို့တွင်းကို ဝင်စီးသွားပြီပေါ့။ ထိခိုက်မှုက စစ်ကောင်စီဘက်က တဦးကျတာတော့ ကျနော်တို့သိရတယ်။ ကျနော်တို့ဘက်က ဒဏ်ရာရကြတယ် ၃ ဦး။ လက်နက်ကြီးကျည် မှန်တာပေါ့။”

လက်ရှိ မင်းတပ်မြို့ကို စစ်ကောင်စီတပ်ဘက်က သိမ်းပိုက်ထားပြီး အိမ်တွေကို ရှာဖွေစစ်ဆေးနေမှုကြောင့် မြို့ခံအများအပြား တိမ်းရှောင်ထွက်ပြေးနေရပါတယ်။

ဒါ့အပြင် မနေ့ကလည်း မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ စနိုက်ပါ သေနတ်သမား လက်ချက်ကြောင့် ဒေသခံတွေ ထိခိုက်မှုရှိနေတယ်လို့ မင်းတပ်ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

“မနေ့ မြို့တွင်းပစ်ခတ်မှုမှာကတော့ စနိုက်ပါလှမ်းပစ်လို့ ဒဏ်ရာရတဲ့သူပေါ့နော်။ ရဲစခန်းက လှမ်းပစ်လို့ ဒဏ်ရာရတဲ့သူ ၃ ယောက်ရှိတယ်။”

လက်ရှိအနေအထားအရ လက်နက်ကြီးနဲ့ ပစ်ခတ်နေမှုကြောင့် မင်းတပ်ကာကွယ်ရေးအဖွဲ့ဘက်က လက်နက်အင်အားမမျှလို့ နောက်ဆုတ်နေရပါတယ်။

မင်းတပ်မြို့ရဲ့ အရှေ့ဘက်စစ်မျက်နှာမှာ လက်နက်ကြီးတွေနဲ့ စိုးမိုးပစ်ခတ်ခံနေရသလို အနောက်ဘက်စစ်မျက်နှာဖြစ်တဲ့ မတူပီဘက်ကလာတဲ့ စစ်တပ်တွေကလည်း မင်းတပ်နဲ့ ၉ မိုင်အကွာမှာ ရောက်ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မင်းတပ်မြို့တွင်း တိုက်ပွဲအခြေအနေကို သိရှိဖို့ စစ်ကောင်စီပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ မေလ ၁၃ ရက်နေ့ ညပိုင်းမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပြီးနောက် စစ်တပ်ဘက်က အင်အားဖြည့် ထိုးစစ်ဆင် တိုက်ခိုက်လာသလို မနေ့က မင်းတပ်မြို့အပြင်ဘက်မှာဖြစ်တဲ့ တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့လည်း နှစ်ဖက် ပြောရေးဆိုခွင့်ရှိသူတွေက အတည်ပြု ပြောထားပါတယ်။

မင်းတပ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူတွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဧပြီလ ၂၄ ရက်နေ့ကစပြီး ပစ်ခတ်မှုရှိခဲ့ပြီး ဧပြီလ ၂၇ ရက် ညပိုင်းမှာ အပစ်ရပ်စဲပြီး နှစ်ဖက်ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

မေလ ၁၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဘက်ကနေ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ပြန်မလွှတ်ပေးတဲ့အတွက် မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီ်အကြား အပစ်ရပ်သဘောတူညီချက် ပျက်ပြယ်သွားပြီး ညပိုင်းမှာ တိုက်ပွဲဖြစ်ပွါးလာတာ ဒီနေ့ပါဆို ၃ ရက်ရှိနေပြီ ဖြစ်ပါတယ်။

အခု မင်းတပ်ကို စစ်ကောင်စီ လုံခြုံရေးတပ်တွေ ဝင်ရောက်သိမ်းယူချိန်မှာပဲ မြို့တွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ မြို့တွင်းပိတ်မိနေတာကြောင့် သူတို့အတွက် စိုးရိမ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်များ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူ ၆၃ ဦး သေဆုံးခဲ့တယ်လို့ ဒီနေ့လုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။ ဘယ်နေရာတွေမှာဖြစ်တဲ့ အကြမ်းဖက်မှုတွေ ဆိုတာနဲ့ ဘယ်သူတွေလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)




















XS
SM
MD
LG