သုံးရလွယ်ကူစေသည့် Link များ

ဦးဖုန်ကြားရှင်ကွယ်လွန်သွားပေမယ့် MNDAA ကိုးကန့်အဖွဲ့ မူဝါဒ ပြောင်းမှာမဟုတ် 


ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် PengJiasheng, ဦးဖုန်ကြားရှင် (Photo: The Kokang)
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် PengJiasheng, ဦးဖုန်ကြားရှင် (Photo: The Kokang)


[[Zawgyi/Unicode]]

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်သွားပေမယ့် MNDAA ခေါ် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှာ မူဝါဒ အပြောင်းအလဲရှိမှာမဟုတ်ဘူးလို့ MNDAA ရဲ့ ပြန်ကြားရေးအဖွဲ့ဝင်တဦးက ဗွီအိုအေကိုပြောပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ မြန်မာစစ်တပ်နဲ့ ပထမဆုံး ငြိမ်းချမ်းရေးသဘောတူခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရယူခဲ့တဲ့ ကိုးကန့်ခေါင်းဆောင်ရဲ့ဈာပနအခမ်းအနားကိုတော့ နောက်လ ၃ ရက်နေ့ကျရင် မိုင်းလားမြို့မှာကျင်းပဖို့ စီစဉ်နေပါတယ်။ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ ဈာပနသတင်း ရန်ကုန်က ပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

MNDAA ခေါ် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်ကို တည်ထောင်သူ ဦးဖုန်ကြားရှင်ဟာ အသက် ၉၄ နှစ်အရွယ်မှာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ကွယ်လွန်ခဲ့ပါတယ်။ သူဦးဆောင်တဲ့ကိုးကန့်အဖွဲ့ဟာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေထဲမှာ မြန်မာစစ်တပ်နဲ့ ပထမဆုံး ငြိမ်းချမ်းရေးသဘောတူခဲ့ပြီး နဝတ စစ်အစိုးရလက်ထက်မှာ ရှမ်းပြည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၁ ဖြစ်လာအောင် ဆောင်ရွက်ခဲ့ပါတယ်။
ဦးဖုန်ကြားရှင်ကွယ်လွန်သွားပေမယ့် MNDAA ရဲ့ နိုင်ငံရေးလမ်းစဉ်တွေ၊ မူဝါဒတွေ အပြောင်းအလဲရှိမှာမဟုတ်ဘူးလို့ MNDAA ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်ဖန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီမူဝါဒတို့ ပေါ်လစီတို့ကတော့ လုံးဝ အပြောင်းအလဲရှိမှာ မဟုတ်ဘူးပေါ့နော။ နဂိုအတိုင်းပဲ ဆက်သွားကြမယ်။ ဘာလို့လဲဆိုတော့ ဥက္ကဋ္ဌဟောင်းကြီးကလည်း အနားယူတာလည်း ကြာပြီလေ။ ကျနော်တို့ လမ်းစဉ်တို့၊ မူဝါဒ ပေါ်လစီတို့က လုံးဝ အပြောင်းအလဲရှိမှာ မဟုတ်ဘူးဗျ။ ”

တရုတ်မြန်မာနယ်စပ်အရေး လေ့လာသူ ဒေါက်တာလှကျော်ဇောကလည်း အလားတူပဲ သုံးသပ်ပါတယ်။

“သိပ်တော့ ပြောင်းလဲစရာမရှိဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥက္ကဋ္ဌဖုန်ကြားရှင်က အစတည်းက သူက ဂုဏ်ထူးဆောင်နာယက အနေနဲ့ပဲ နေတာဖြစ်တာကိုးနော။ သူလည်း ကျန်းမာရေးမကောင်းတော့ MNDAA တို့ ဘာတို့မှာ လုပ်ငန်းတွေ တော်တော်များများကို လွှဲထားပြီလို့ ထင်ရတာပဲ။”

ဦးဖုန်ကြားရှင်ဟာ ကိုးကန့်တိုင်းရင်းသားတွေ တိုးတက်ရေး ဆောင်ရွက်ပေးခဲ့တဲ့ ခေါင်းဆောင်ကြီးတယောက်ဖြစ်တယ်လို့ ကိုးကန့်တိုင်းရင်းသားတွေက သတ်မှတ်ကြပေမယ့် သူဟာ မူးယစ်ဆေး၊ လက်နက်မှောင်ခို စတဲ့ကိစ္စတွေနဲ့ စွပ်စွဲ သတ်မှတ်ခံရတာ တွေလည်း ရှိခဲ့ပါတယ်။

ဒေါက်တာလှကျော်ဇောက ဦးဖုန်ကြားရှင်ရဲ့ အားသာချက်၊ အားနည်းချက်အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“ကိုးကန့်အမျိုးသားတွေဘက်က ကြည့်ရင်တော့ ကိုးကန့်အမျိုးသားတွေအပေါ်မှာ သူက တာဝန်ယူစိတ်လည်း ရှိတယ်။ မျိုးချစ်စိတ်လည်း ရှိတယ်ပေ့ါဗျာ။ အဲလိုပြောလို့ ရတာပေါ့။ တဘက်ကကြည့်ရင်လည်း စီးပွားရေးလုပ်ငန်းတွေ ဘာတွေ ဘက်ကျတော့လည်း ဘာလုပ်ငန်းပဲဖြစ်ဖြစ်ပေါ့ စီးပွားရေးအရ ငွေရှာလို့လွယ်ရင် လွယ်သလို လုပ် တာတွေတော့ ရှိတာပေ့ါ။ ဘိန်းတွေ ဘာတွေ အစောပိုင်းကတော့ လုပ်ခဲ့တာပေါ့။ နောက်ပိုင်းကျတော့လည်း ဘိန်းပပျောက်ရေးတို့ ဘာတို့လည်း လုပ်ပါတယ်။ အဲတော့ သူ့ လူမျိုးဘက်ကကြည့်တော့ ကိုးကန့်လူမျိုးတွေအပေါ်မှာ အတော်ချစ်ခင်ပြီးတော့ ကိုးကန့်လူမျိုးတွေ တစုံတရာ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ခဲ့ပေးတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးပေါ့ဗျာ။ ”

ကိုးကန့်အဖွဲ့ရဲ့ ဈာပနကျင်းပရေးကော်မတီ ထုတ်ပြန်ချက်မှာတော့ ဦးဖုန်ကြားရှင် ကွယ်လွန်သွားတဲ့အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ကိုးကန့်တိုင်းရင်းသား လွတ်မြောက်ရေးလုပ်ငန်းတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကွယ်လွန်သွားတဲ့ ဦးဖုန်ကြားရှင်အတွက် လောလောဆယ် ကိုးကန့်ရိုးရာအရ ဂါရဝပြုအစီအစဉ် တွေဆောင်ရွက်နေပြီး ဈာပနကိုတော့ မတ်လ ၃ ရက်နေ့ မိုင်းလားမြို့မှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ MNDAA ရဲ့ ပြန်ကြားရေး အဖွဲ့ဝင် ကိုရန်ဖန်းက ပြောပါတယ်။

“ဥက္ကဋ္ဌကြီးရဲ့ ဈာပနအခမ်းအနားကိုတော့ နောက်လ ၃ ရက်နေ့ ဝန်းကျင်လောက်တော့ ကျင်းပမယ်တော့ စီစဉ်ထားတာပေါ့နော်။ နောက်လ ၃ ရက်နေ့။ သင်္ဂြိုဟ်မှာကတော့ ၇ ရက်နေ့မှာ သင်္ဂြိုဟ်မယ်။ နေရာကတော့ မိုင်းလားမှာပဲလေ နော။ ဒီအတောအတွင်းမှာတော့ ကိုးကန့် ရိုးရာအစီအစဉ်တွေနဲ့ အဲဒီ ၃ ရက်နေ့အထိတော့ ကြာမယ်ပေါ့နော။”

ဦးဖုန်ကြားရှင်ဟာ ကိုးကန့်စော်ဘွားလက်ထက်မှာကတည်းက ကိုးကန့်ကာကွယ်ရေးတပ်ကို ဦးဆောင်ခဲ့သူတဦးဖြစ်ပါတယ်။

၁၉၅၉ ခုနှစ်မှာ စော်ဘွားက အာဏာစွန့်ခဲ့ပြီးတဲ့နောက် အစိုးရကိုတော်လှန်ခဲ့ပြီး ၁၉၆၇-၆၈ လောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ စည်းရုံးမှုအောက် ကိုးကန့်ဒေသတပ်မှုးဖြစ်လာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်ပြီး MNDAA ခေါ် မြန်မာ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်ကို တည်ထောင်ခဲ့သလို မြန်မာစစ်အစိုးရနဲ့လည်း ငြိမ်းချမ်းရေးရယူပြီး ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) ခေါင်းဆောင် ဖြစ်လာခဲ့ ပါတယ်။

၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့တဲ့နောက် စစ်အစိုးရနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ချိန်မှာ ဖုန်ကြားရှင်ဟာ ကိုးကန့်ဒေသက ထွက်ခွာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကိုးကန့်ဒေသကို ကိုးကန့်အဖွဲ့ဘက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ MNDAA ကို ဦးဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင်က ဦးဆောင်နေပြီး မုံးကိုး၊ ဖောင်းဆိုင်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]














==============

XS
SM
MD
LG