သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သစ်ပါတီ NCAလက်မှတ် ရေးထိုးမည်


ဇန်နဝါရီ ၂၃ ရက်နေ့ မွန်ပြည်သစ်ပါတီခေါင်းဆောင်များ နိုင်ငံတော်အတိုင်ပင်ခံနှင့် တွေ့ဆုံစဉ် (Myanmar State Counsellor Office)
ဇန်နဝါရီ ၂၃ ရက်နေ့ မွန်ပြည်သစ်ပါတီခေါင်းဆောင်များ နိုင်ငံတော်အတိုင်ပင်ခံနှင့် တွေ့ဆုံစဉ် (Myanmar State Counsellor Office)

UNFCခေါ်ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(NMSP)၊ဟာ မြန်မာအစိုးရနဲ့ လာမယ့်ဖေဖေါ်ဝါရီ(၁၃)ရက်နေ့မှာ NCAအပစ်ရပ်သဘောတူစာချုပ်လက်မှတ်ရေးထိုးသွားမယ်လို့ ပါတီ ထိပ်တန်းခေါင်းဆောင်တွေကပြောပါတယ်။ NCAလက်မှတ်ထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းကို တက်လှမ်း နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ ဒီအခြေအနေကို ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

လာမယ့် ဖေဖေါ်ဝါရီ(၁၃)ရက်နေ့မှာ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ကနေ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးသွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံနိုင်ဝင်းလှကပြောပါတယ်။

"ဒီအဆိုပြုချက်(၈)ချက် သဘောတူညီမှု(၈)ချက်ကို ကျွန်တော်တို့တဆင့်ထိုးမယ်။ အဲတာပြီးရင်တော့ကျွန်တော်တို့ NCA ကိုထပ်ထိုးမယ်။ NCAထိုးတဲ့အခါမှာ ကျွန်တော်တို့ဘက်က ဥက္ကဌကြီးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ထိုးမယ်။ ဟိုဘက်ကတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးစီးတဲ့အဖွဲ့တွေထိုးကြမှာပေါ့။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ အပစ်ခတ်ရပ်စဲရေးမှတဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုသွားနိုင်ဖို့ပါ။ အဲတာ ကြောင့် လဲဘဲ နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းကို တက်လှမ်းနိုင်ဖို့ရာက NCAတံခါးပေါက်ကတဆင့်ဘဲ တက်လှမ်းနိုင်မယ်ဆို တော့ ကျွန်တော်တို့NCAကိုထိုးရခြင်းဖြစ်ပါတယ်။"

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ လက်မှတ်ထိုးပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်မယ်လို့သူကဆိုပါတယ်။

မွန်ပြည်သစ်ပါတီနဲ့လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ဟာ UNFCခေါ် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေဖြစ်သလို ယခင်နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာကိုယ်စားလှယ်အဖွဲ့ (DPN)နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့နဲ့တွေ့ဆုံဆွေးနွေးတိုင်းမှာ UNFCအဆိုပြုချက်(၈)ချက်ကိုတင်ပြခဲ့ပေမဲ့ အားလုံး သဘောတူညီ မှုမရရှိခဲ့ပါဘူး။

လက်ရှိလက်မှတ်ထိုးမဲ့သဘောတူညီချက်(၈)ချက်ဟာ တချို့အချက်တွေကိုပြောင်းလဲထားတယ်လို့ နိုင်ဝင်းလှက ပြောပါတယ်။

"အရင်က ကျွန်တော်တို့ရဲ့အဆိုပြုချက် နဂိုမူလ(၈)ချက်ကနေ အပြောင်းအလဲရှိတယ်ပေါ့လေနော်။ ကျွန်တော်တို့ (၈) ကြိမ်မြောက်ဆွေးနွေးထားတဲ့ရလဒ် အပေါ်မှာ နှစ်ဖက်လက်ခံနိုင်တဲ့အနေအထားအပေါ်မှာ ကျွန်တော်တို့လက်ခံ ထား တယ်။ အချုပ်သဘောတရားကတော့ နိုင်ငံရေးဆွေးနွေးပွဲရလဒ်နဲ့အညီ အနာဂတ်ပြည်ထောင်စုကို အကောင်အထည် ဖေါ်မယ့်ဆိုတဲ့ဟာကျတော့ တချို့ဟာတွေကျတော့ အခက်ခဲဖြစ်နေတဲ့ဟာတွေကျတော့ နိုင်ငံရေးဆွေးနွေးပွဲဝိုင်း ရောက်မှဘဲပြောတော့မယ်ဆိုပြီးတော့ ကျွန်တော်တို့လက်ခံလိုက်တဲ့သဘောရှိပါတယ်။"

မွန်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘီလူးကျွန်းဘိုးနက်ဆရာတော် ဘဒ္ဒန္တ ဝရဝံသအနေနဲ့ကတော့ မွန်ပြည်သစ်ပါတီ ကနေ NCAလက်မှတ်ရေးထိုးရေးမှာ ကန့်ကွက်စရာမရှိပေမဲ့ ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်ဖို့ လိုအပ်နေသေးကြောင်း မိန့်ကြားပါတယ်။

"NCAထိုးတဲ့ ကိစ္စကိုတော့ ဘုန်းကြီးတို့အနေနဲ့မြင်တာတော့ သဘောတူပါတယ်။ ဒါပေမဲ့နဲနဲလေး စောမလားပေါ့။ ကိုယ့် ဘက်က ဘာမှကြိုတင်ပြင်ဆင်မှုမရှိထားသလို အဲဒီလိုယူဆတယ်။ လတ်တလောဖြစ်နေတဲ့ ဘုန်းဘုန်းတို့နယ်ဘက်မှာ ဥပမာ တပ်ကနေပြီးတော့ လာပြီးတော့နေရာယူထားတာမျိုးတို့ဘာတို့ပေါ့နော်။ အဲတာတွေကိုအရင်မရှင်းဘဲနဲ့ အခု လက်မှတ်သွားထိုးမယ်ဆိုတော့ တမျိုးဖြစ်နေမလားပေါ့။"

ယခင် NCAလက်မှတ်ထိုးဖို့လက်မခံတဲ့ မွန်ပြည်သစ်ပါတီအပေါ် တပ်မတော်ဘက်ကနေ မွန်အမျိုးသားနေ့နဲ့ မွန်တော်လှန်ရေးနေ့တွေမှာ စစ်ရေးပြအခန်းအနားမလုပ်ဖို့တားမြစ်တာမျိုး အကောက်ခွန်ဂိတ်တွေကို သိမ်းယူလိုက်တာမျိုး စတဲ့ စစ်ရေးအရဖိအားပေးတာမျိုးရှိခဲ့ပါတယ်။

(NCA) လက်မှတ်ရေးထိုးပြီးရင် အမျိုးသားရေးအတွက် အခွင့်အလမ်းကောင်းတွေပေါ်ထွန်းမယ်လို့မျှော်လင့်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် နိုင်ဝင်းလှကပြောပါတယ်။

"ကျွန်တော်တို့အကောင်းမြင်တာကတော့ NCAထိုးခြင်းဖြင့်ကို အနှစ်နှစ်အလလက လိုလားခဲ့တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဆွေးနွေးပွဲစကားဝိုင်းနဲ့ တွေ့ဆုံဖြေရှင်းမယ်ဆိုတဲ့ဟာ။ အခွင့်အလမ်းတွေပေါ်လာမယ်။ မွန်ပြည် နယ်နဲ့မွန်လူထုအတွက်ကို စီးပွါးရေးဖွံ့ဖြိုးတိုးတက်အောင် ဒေသဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ဘာတွေဆောင် ကျဉ်းနိုင်မလဲ။ ကိုယ်စွမ်းရှိသမျှ တတ်စွမ်းသမျှပေါ့လေ ကျွန်တော်တို့လုပ်ဆောင်ပေးသွားဖို့အခွင့်အလမ်းတွေ ပေါ်လာ မယ်လို့ မျှော်လင့်ထားပါတယ်။"

NLDအစိုးရလက်ထက်မှာ မွန်ပြည်သစ်ပါတီနဲ့ လာဟူးအဖွဲ့တို့ဟာ ပထမဆုံး NCAလက်မှတ်ရေးထိုးမဲ့ အဖွဲ့ တွေလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG