(Zawgyi / Unicode)
စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ တနိုင်ငံလုံး ရင်ဆိုင်နေရချိန် ဖခင်ဖြစ်သူ ကဗျာဆရာဦးစိန်ဝင်း မီးရှို့သတ်ခံလိုက်ရတဲ့ ဖြစ်ရပ်အတွက် အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရှိရေးဆိုတဲ့ မျှော်လင့်ချက် ကင်းမဲ့နေကြောင်း သမီးဖြစ်သူ မသင်းနွယ်က ဗွီအိုအေကို ပြောပါတယ်။
ကနီစစ်ဘေးဒုက္ခသည်တွေရဲ့အရေး ဆောင်ရွက်နေတဲ့ ဖခင်ဖြစ်သူ မီးရှို့သတ်ခံလိုက်ရသလို အစ်ကိုဖြစ်သူမှာလည်း လက်ရှိ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့အတွက် တမိသားစုလုံး ဝမ်းနည်းပူဆွေး သောကရောက်နေရတယ်လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မုံရွာမြို့ရဲ့ ကဗျာဆရာ၊ ပရဟိတသမား၊ ဝါရင့်နိုင်ငံရေးသမားဖြစ်သူ ဦးစိန်ဝင်းဟာ မေလ ၁၄ ရက် သောကြာနေ့က သူအရင်လုပ်ကိုင်ခဲ့ဖူးတဲ့ မုံရွာစက်မှုဇုန်ဝင်း ခေါက်ဆွဲစက်မှာ ကနီစစ်ဘေးဒုက္ခသည်တွေအတွက် အလှူငွေကောက်ခံနေချိန် အလုပ်သမားတယောက်က သူ့ရဲ့အနောက်ဘက်ကနေ ဓာတ်ဆီထုပ်နဲ့ပစ်ပြီး မီးရှို့ခံခဲ့ရပြီးနောက် ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာနဲ့ မုံရွာဆေးရုံကြီးမှာ နာရီပိုင်းအကြာမှာ သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သမီးဖြစ်သူ မသင်းနွယ်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ မိသားစုဝင်တွေအနေနဲ့ သိရှိထားရတဲ့ အချက်အလက်တွေကို အခုလို စပြောပါတယ်။
”စသိရတာကတော့ အဖေ့ရဲ့မိတ်ဆွေ အခင်းဖြစ်ခဲ့တဲ့ စက်ရုံမန်နေဂျာ ဦးတိုင်းအောင်ကနေ ကျမဖုန်းကို လှမ်းဆက်ပြီး သမီးအဖေ ဓာတ်ဆီလောင်းပြီး မီးရှို့ခံရတဲ့အတွက်ကြောင့်မို့လို့ အကြောင်းကြားတာပါ။ အဲဒီအချိန်မှာ အဖေ့အသံကိုလည်း ဘေးမှာ ကျမကြားနေရတယ် ဖုန်းထဲကနေပြီးတော့။ အဖေ့အသံကိုလည်း ကြားတော့ ဒီလောက် များများစားစားလို့ မထင်ဘူးပေါ့လေ။ အဖေက သတိအရမ်းကောင်းတာဆိုတော့။ မထင်တော့ ကျမကနေ နည်းလား၊ နည်းတယ်ဆိုရင် ကျမ ဆေးရုံကြီးတွေ ဘာတွေ မသွားချင်ဘူး၊ အမှုတွေ ဘာတွေ မဖြစ်ချင်ဘူးပေါ့။ နည်းတယ်ဆိုရင် အပြင်ဆေးခန်းမှာပဲ ကုမယ်ဆိုပြီးတော့ ကျမ ပြောတော့ မဖြစ်ဘူး၊ ဆေးရုံကြီးသွားမှ ဖြစ်မှာဆိုတော့ ကျမက ဒါဆို ဆေးရုံကို လိုက်ခဲ့ပါမယ်ဆိုပြီးတော့ အဖေက အရင် ဆေးရုံကို ရောက်တယ်။ အမေ့ကိုခေါ်ပြီး ကျမတို့ သားအမိနှစ်ယောက် ဆေးရုံကိုသွားတယ်။
“အဲဒီအချိန်မှာ အဖေက အပေါ်ပိုင်းမှာ တော်တော်ကြီးကို မီးကျွမ်းထားတယ်။ အဖေက ဆံပင်ကလည်း ရှည်တယ်၊ မုတ်ဆိတ်မွေးတွေကလည်း ရှည်တယ်ဆိုတော့ အဲဒါတွေအကုန်လုံး မည်းပြီး ကပ်နေတာပေါ့။ လုံးဝ မျက်လုံးအိမ်ကို မမြင်ရဘူး။ အသားတွေ အရဲတွေပဲ မြင်နေရတယ်။ မျက်စိသူငယ်အိမ်ကို လုံးဝမမြင်ရဘူး။ အခြေအနေက အရမ်းဆိုးတယ်။ အဖေ သမီးကို မြင်လားဆိုတော့ မမြင်ရဘူးလို့ သူပြောတယ်။ ခေါင်းပိုင်းနဲ့ အောက်ပိုင်းနဲ့ တော်တော်လောင်သွားတယ်။ ရင်ဘတ်နဲ့ ကျောနဲ့ကတော့၊ ထိုင်နေတာဆိုတော့ အဲဒီနေရာကို ဓာတ်ဆီမရောက်လို့ နေမှာပေါ့။ အဲဒီနေရာလေးက အပူပဲရှပ်ပြီးတော့ ကြီးကြီးမားမားမတွေ့ဘူး။ ဒါပေမယ့် အဖေက သတိကောင်းတဲ့အတွက် ကျမက ရနိုင်မယ်၊ အဖေ့ကို ပြန်ကယ်နိုင်မယ်လို့ ထင်ပြီးတော့ ကျန်တဲ့အဖြစ်အပျက် ဘာဆိုဘာမှမမေးဘူး၊ အဲဒီမှာပဲ ဆေးကုသမှု ခံယူပြီးတော့ မနက် ၉ နာရီခွဲလောက်မှာ ဆေးရုံကိုရောက်တယ်၊ ည ၁၀ နာရီ ၄၅ မှာ ဆုံးသွားပါတယ်ရှင့်။”
မအင်ကြင်းနိုင် - အဲတော့ စက်ရုံမှာ သူ့ကို ဘယ်လိုမီးရှို့လိုက်သလဲ ဆိုတာကိုရော သိရလား။
မသင်းနွယ် - “စက်ရုံမန်နေဂျာရဲ့ ပြောပြချက်အရကတော့ သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောနေတယ်တဲ့၊ စကားပြောတဲ့အချိန်မှာ စက်ရုံက အလုပ်သမားက အပြင်ကို ကွမ်းယာဝယ် သွားလိုက်ဦးမယ်ဆိုပြီးတော့ စက်ရုံအပြင်ဘက်ကို ထွက်သွားတယ်တဲ့၊ ပြန်ရောက်တဲ့အခါမှာ ဓာတ်ဆီဘူး ၃ ဘူး ပါလာတယ်၊ ပါလာတာကိုတော့ သူမမြင်ဘူး၊ ဘေးက တခြား စက်ရုံဝန်ထမ်းတွေက မြင်တာပေါ့၊ ဓာတ်ဆီဘူးလို့လည်း မထင်ဘူး၊ ရေဘူးလို့ပဲ ထင်တယ်တဲ့၊ အဲဒါကို တာယာပုံးထဲမှာ အဲဒီ ၃ ဘူးကိုလှယ်တယ်၊ လှယ်ပြီးတော့ သင်္ကြန်ရေပက်သလိုပဲ အဖေ့ကို လှမ်းပက်လိုက်ပြီးတော့ မီးခြစ်နဲ့ရှို့ပြီးတော့ ထွက်ပြေးသွားတယ်တဲ့။”
မအင်ကြင်းနိုင် - အခုလို ဖြစ်ပျက်သွားတာနဲ့ ပတ်သက်လို့ ရဲအာဏာပိုင်တွေဘက်ကရော စုံစမ်းစစ်ဆေး အရေးယူတာတွေ လုပ်လားရှင့်။
မသင်းနွယ် - “ကျမတို့က ဆေးရုံရောက်သွားပြီဆိုတော့ ဆေးရုံက မှုခင်းက ဓာတ်ပုံရိုက်သွားတယ်၊ မှတ်တမ်းယူသွားတယ်၊ ယူသွားပြီးတော့ သူတို့က ဖွင့်ထားတယ်။ အစောပိုင်းကတော့ ကျမတို့က အဖေ့အသက်အန္တရာယ် မစိုးရိမ်လောက်ဘူးလို့ ထင်ပြီးတော့ အဖေနဲ့ စကားပြောလို့ရတယ်၊ မျက်မြင်အခြေအနေက အရမ်းဆိုးတယ်၊ ဒါပေမယ့် အဖေက သတိကောင်းတယ်၊ စကားပြောလို့ရတယ် ဆိုတဲ့အတွက် ကျမကတော့ အစောတုန်းက ပြဿနာ မရှာတော့ဘူး၊ အထူးသဖြင့် ပြောရမယ်ဆိုရင် ကျမတို့မှာ နိုင်ငံရေးလုပ်ထားတဲ့ နောက်ကြောင်းရာဇဝင်လေးတွေ ရှိနေတဲ့အတွက်ကြောင့် သူတို့နဲ့ မပတ်သက်ချင်တဲ့ အတွက်ကြောင့်ပေါ့ မတိုင်တော့ဘူး၊ ဒီတိုင်းပဲနေမယ်ပေါ့၊ အဲဒီလို ဆုံးဖြတ်ထားကြတာပေါ့။ ဒါပေမယ့် နောက်ပိုင်းတော့ သူတို့က ဒါ သေမှုသေခင်း ဖြစ်တဲ့အတွက်ကြောင့် သူတို့ဘက်က အရေးယူပေးပါ့မယ်ပေါ့။ အထူးကြပ်မတ်ပြီး လိုက်ပေးပါ့မယ်လို့ သူတို့ဘက်က ပြောထားတယ်။”
မအင်ကြင်းနိုင် - ဒီလိုမျိုး လုံးဝ မမျှော်လင့်မထားတဲ့ ဖြစ်ရပ်၊ မီးရှို့သတ်ခံလိုက်ရတယ်ဆိုတာ ဘယ်လို အငြိုးတကြီးနဲ့ လုပ်ခဲ့သလဲဆိုတဲ့ အကြောင်းအရင်းကို မိသားစုတွေအနေနဲ့ ဘယ်လိုမြင်လဲ။
မသင်းနွယ် - “ဘာကြောင့်လဲဆိုတာတော့ ကာယကံရှင် ကိုယ်တိုင်မှပဲ သိမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကာယကံရှင်သည် အဖေနဲ့ အငြိုးအတေး မရှိဘူး၊ အမုန်းမရှိဘူး။ ဘာလို့တုန်းဆိုတော့ အဲဒီဂျုံစက်ရုံမှာ အဖေက အရင်တုန်းက အလုပ်လုပ်ခဲ့တယ်၊ အဲဒီတုန်းကတော့ သူတို့က လူငယ်လေးတွေပေါ့၊ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တည်းက အဖေက အဲဒီမှာ အလုပ်လုပ်ပြီး နောက်ပိုင်း သူ ကျန်းမာရေး မကောင်းတာရော အသက်အရွယ်ကြောင့်မို့ရော ကျမတို့က အနားယူခိုင်းလိုက်တာပေါ့။ အနားယူခိုင်းလိုက်တော့ သူ အလုပ်မလုပ်တော့ဘူး။ ဒါပေမယ့် အဲဒီစက်ရုံက စက်ရုံဝန်ထမ်း အကုန်လုံးနဲ့ ခင်ခင်မင်မင်ရှိတယ်။ ပြုလုပ်တဲ့သူ ကိုယ်တိုင်ကလည်း အဖေ့ဆီမှာ အဝင်အထွက်ရှိတယ်၊ အဖေ့ဆီကနေ စာအုပ်တွေဘာတွေ ငှားပြီးတော့ ဖတ်တယ်၊ ရှင်းရှင်းလင်းလင်းပဲ ရှိပါတယ် သူနဲ့က။ ဒါပေမယ့်လည်း ဘာကြောင့် သူ ဒီလိုလုပ်လိုက်တယ် ဆိုတာကတော့ သူကိုယ်တိုင်မှပဲ သိမှာပဲ။”
မအင်ကြင်းနိုင် - အခုလိုဖြစ်ရပ်နဲ့ ပတ်သက်လို့ မိသားစုဝင်တွေဘက်က တရားမျှတမှုရအောင် ဘယ်လိုဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါလဲ။
မသင်းနွယ် - “ကျမတို့ကတော့ တရားမျှတရေးဆိုတာ ဒီအခြေအနေမှာတော့ အယုံအကြည်မရှိဘူး။ ကျမတို့မောင်နှမတွေလည်း အဖေလျှောက်တဲ့လမ်းမှာ ယုံယုံကြည်ကြည်နဲ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လျှောက်လှမ်းနေကြတယ်။ ကျမအစ်ကိုဆိုလည်း ထိန်းသိမ်းခံထားရတယ်၊ အပြင်မှာမရှိပါဘူး။ ကျမအဖေ ဒီလိုဖြစ်ပျက်တယ်ဆိုတာ ကျမအစ်ကို မသိသေးပါဘူး။ ကျမတို့ အသိမပေးနိုင်သေးပါဘူး။ ကျမတို့က အဖေ့ရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ခံယူချက်အောက်မှာ ကြီးပြင်းလာတာ။ ကျမဆိုရင် ၈၈ ခုနှစ်မှာမွေးတယ်။ ကျမမွေးကတည်းက အဖေ့ရဲ့ နိုင်ငံရေးခံယူချက်အောက်မှာ ကြီးပြင်းခဲ့တဲ့လူ၊ ကျမ အသက် ၄ နှစ်အရွယ်မှာ အဖေဆိုတာကို ပြန်ပြီးတော့ မြင်ဖူးတဲ့လူ။ ဆိုတော့ ကျမတို့ မောင်နှမတွေက အဖေ့ရဲ့ ယုံကြည်ချက်အောက်မှာ ကျမတို့တွေက ယုံကြည်ပြီး လျှောက်လှမ်းနေကြတာ။ ဆိုတော့ ကျမတို့ကတော့ တရားမျှတမှု ဆိုတာကတော့ ဒီအခြေအနေမှာ မရနိုင်ဘူးဆိုတာ နားလည်ထားတယ်၊ မရနိုင်ဘူး။”
သူ့ရဲ့ရုပ်အလောင်းကိုတော့ တနင်္ဂနွေနေ့ နေ့လယ် ၂ နာရီက မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ မသင်းနွယ်က ပြောပါတယ်။ မုံရွာမြို့မှာ လူအများလေးစားရတဲ့ ကဗျာဆရာဦးစိန်ဝင်း အသက် ၆၁ နှစ်ဟာ သေဆုံးချိန်မှာ ဇနီး၊ သားတယောက်၊ သမီးတယောက်နဲ့ မြေးသုံးယောက် ကျန်ရစ်ခဲ့ပါတယ်။ လက်ရှိ သားဖြစ်သူကတော့ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
-----------------------
(Unicode)
မီးရှို့အသတျခံရတဲ့ ကဗြာဆရာအတှကျ တရားမြှတမှု မမြှောျလင့ျ (သမီး)