သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအများစုရှိတဲ့ မဲဆောက် မယ်တောင်ရပ်ကွက်အသွားအလာကန့်သတ်


အသွားအလာကန့်သတ်ခြင်းခံထားရတဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ အလုပ်သမားတန်းလျားက မြန်မာ ရွေ့ပြောင်းအလုပ်သမားတဦး (ဓာတ်ပုံ - Reuter/ Soe Zaya Tun)
အသွားအလာကန့်သတ်ခြင်းခံထားရတဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ အလုပ်သမားတန်းလျားက မြန်မာ ရွေ့ပြောင်းအလုပ်သမားတဦး (ဓာတ်ပုံ - Reuter/ Soe Zaya Tun)

(Zawgyi/Unicode)

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကိုဗစ်အတည်ပြုလူနာ ၆၀၀ လောက်ရှိနေတာကြောင့် အတည်ပြုလူနာ အများဆုံးရှိတဲ့ မယ်တောင်ရပ်ကွက်ကို အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားပါတယ်။ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားအများစု နေထိုင် အလုပ်လုပ်ကြတဲ့ နေရာဖြစ်ပါတယ်။ မယ်တောင်ရပ်ကွက်က ကျောင်းတွေ၊ ဆိုင်တွေ၊ အလုပ်ရုံတွေကို ပိတ်ထားတဲ့ အခြေအနေနဲ့ပါတ်သက်လို့ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက ခုလိုသတင်းပို့ပါတယ်။

ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့က မယ်တောင်ရပ်ကွက်မှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သား အများအပြား ကိုဗစ်ကပ်ရောဂါကူးစက်နေတာ စစ်ဆေးတေ့ွခဲ့ပြီးနောက် နောက်ထပ် ဆေးစစ်မှုတွေလုပ်နေတာမှာ စုစုပေါင်း ကိုဗစ်ရောဂါပိုး ကူးစက်သူ ၆၀၀ လောက်တေ့ွရှိထားပါတယ်။ ဒါကြောင့် မယ်တောင်ရပ်ကွက်က ကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ စက်ရုံတချို့ကို ပိတ်ထားပါတယ်။ ရပ်ကွက်အဝင်အထွက် အသွားအလာကိုလည်း ပိတ်ဆို့ ကန့်သတ်ထားပါတယ်။ အဲဒီနေရာမှာရှိနေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေနဲ့ပါတ်သက်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ဥပဒေရေးရာတာဝန်ခံ မသူဇာကြိုင်က အခုလိုပြောပြပါတယ်။

"သတင်းကြိုရကတည်းက သူတို့လည်း ၃ ၊ ၄ ရက်စာလောက် ရှိသလောက်ဝယ်ထားတယ်။ စားဖု့ိသောက်ဖို့ကတော့ အနည်းငယ်တော့ရှိသေးတာပါ ။အဲဒီထဲမှာစက်ရုံလုပ်သားတွေများတော့ အလုပ်ရှင်တွေကလည်းတာဝန်ယူထားတာရှိတယ် ။ လုပ်အားခ ချေးငွေကြိုထုတ်ပေးတာတော့ရှိတယ် ။ အရမ်းတော့အခက်ခဲမတွေ့ ဘူး ။ နေစားပန်းရံသမားတွေလောက်ပဲ ၂ ရက် ၃ ရက်လောက်ဆိုရင်တော့ပြတ်နိုင်တယ်ပေါ့ ။ ပိုးတွေ လူနာတွေကိုတော့ ကျန်းမာရေးဌာနကလိုက်ကြည်ပြီး လူဦးရေစာရင်းမှတ်ပြီးလိုက်ခေါ်တော့တွေပဲရှိတယ်။ လောလောဆည်အစားအသောက်ကိစ္စတွေကတော့ဘာမှ စီစဉ်ပေးတာတော့မရှိသေးဘူး။"

မဲဆောက်မြို့မယ်တောင်ရပ်ကွက်က စက်ရုံတခုရှေ့က အလုပ်သမားတန်းလျားမှာနေသူ အသက် ၃၇ နှစ်အရွယ် မြန်မာအမျိုးသမီးတဦး အသက်ရှုကြပ်ပြီး မဲဆောက်ဆးရုံရောက်လာတဲ့အတွက် စစ်ဆေးရာမှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့ခဲ့ပါတယ်။ အဲဒီနောက် သူနေထိုင်တဲ့ မယ်တောင်ရပ်ကွက်ထဲမှာ ကျန်းမာရေးဝန်ထမ်းတွေက ကိုဗစ်ပိုးစစ်ဆေး စတင်စစ်ဆေးခဲ့တာပါ။ အလုပ်သမား ၈၀ လောက်ရှိတဲ့ စက်ရုံတခုမှာ ၇၀ ကျော် အစုလိုက် အပြုံလိုက် ကိုဗစ်ကပ်ရောဂါ ကူးစက်နေတာ စစ်ဆေးတေ့ွခဲ့လို့ ရပ်ကွက်ထဲမှာရှိတဲ့ စက်ရုံ ၃ရုံနဲ့ လူနေတန်းလျားတွေကိုပါ ဆက်ပြီး ကိုဗစ်စစ်ဆေးမှုတွေ လုပ်နေပါတယ်။ လောလောဆယ်အထိ လူပေါင်း ၁၃၀၀ လောက်ကို ဆေးစစ်တာမှာ ၅၉ ၀ မှာ ကိုဗစ်ရောဂါပိုးကူးနေတာ တွေ့ ခဲ့ရတယ်လို့ တာခ့်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က မြို့တော်ဝန် Mr- Phongrat Piromrat ဖုံရာတ်ဖိရိုမတ်ကတော့ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"ထိုင်း - မြန်မာနယ်စပ် မဲဆောက်က မြန်မာအလုပ်သမားတွေကြားကိုဗစ်ပြန်ပွားမူ့တွေအကြောင်းကိုရှင်းလင်းပြောပြချင်ပါတယ် ။ မယ်တောင်ရပ်ကွက်အတွင်းမှာလူပေါင်း ၁၃၀၀ ကို ကိုဗစ်စစ်ဆေးခဲ့ရာမှာ လူ ၅၉၀ ကူးစက်နေတာကိုတွေ့ရပါတယ်။ ဒီအတွက်ပိုးတွေလူနာ ၆၀၀ လောက်အတွက် ကုတင် ၆၀၀ လောက်နဲ့သီးခြားထားဖို့စီစဉ်နေပါတယ်။ အခုမယ်တောင်ရပ်ကွက်ကို အဝင်ကောအထွက်ကော ပိတ်ဆို့ကန့်သတ်ထားပါတယ် ။ စားသောက်ဆိုင်တွေ ကျောင်းတွေလည်း ပိတ်ခိုင်းထားပါတယ် "ဆိုပြီးထိုင်းဘာသာနဲ့ပြောသွားတာပါ။"

လောလောဆယ် ကိုဗစ်အတည်ပြုလူနာ ၆၀၀ လောက်မှာ အများစုက မြန်မာနိုင်ငံက ဖြစ်ကြပါတယ်။ ကိုဗစ်ပိုးကူးစက်နေသူ အသက်ကြီးပိုင်းနဲ့ ကလေးတွေ ကလေးမိခင်တွေကိုတော့ ဆေးရုံက အရေးပေါ် လာခေါ်တာတွေရှိတယ်လို့ မသူဇာကြိုင်က ပြောပြပါတယ်။

"လူလတ်ပိုင်းလူလွတ်တွေကိုတော့အများအားဖြင့်သူတို့အခန်းတွေမှာပဲ ပေးထားထားတယ် ။ ဘယ်မှမထွက်နဲ့ သူတို့မိသားစုတွေနဲတတ်နိုင်သလောက်ခွဲနေဖို့ပဲထားပေးတယ် အခုအရေးပေါ်ခေါ်တာကတော့အသက်ကြီးပိုင်းတွေ ကလေးမိခင်တွေ ကလေးတွေ ကိုတော့ ဒါမျိုးရှိလာရင်တော့အရေးပေါ်လာခေါ်ပေးတယ်။"

ကိုဗစ်တတိယလှိုင်းဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ တာခ့်ပြည်နယ်အပါအဝင် ကိုဗစ်ကူးစက်မူအများဆုံးပြည်နယ် ၁၀ ခုမှာ အသွားအလာ ကန့်သတ်ချက်တွေအပါအဝင် တင်းကြပ်တဲ့ ကိုဗစ်စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။ ဘန်ကောက်မြို့တော်နဲ့ အနီးတဝိုက် ပြည်နယ် ၅ ခုမှာလည်း ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေကို ည ၉ နာရီနောက်ဆုံးထား ပိတ်ဖို့ညွှန်ကြားချက်အပြင် စားသောက်ဆိုင်တွေမှာ လူတွေ ထိုင်မစားခွင့် မပြုရ ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ လူ ၂၀ ထက်ကျော်ပြီးလည်း စုဝေးခွင့် မရှိပါဘူးရှင်။

XS
SM
MD
LG