သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခါကာဘိုရာဇီ ဒုတိယအကြိမ် အောင်နိုင်ရေးအဖွဲ့


ခါကာဘိုရာဇီတောင် လမ်းကြောင်းပြမြေပုံ (photo/Htoo Foundation)
ခါကာဘိုရာဇီတောင် လမ်းကြောင်းပြမြေပုံ (photo/Htoo Foundation)

ကမ္ဘာကျော် ဧဝရက်တောင်ကို တက်ခဲ့ဖူးတဲ့ လူငယ်တဦးပါဝင်တဲ့ မြန်မာတောင်တက်သမား ၃ဦးဟာ ကချင်ပြည်နယ်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့အမြင့်ဆုံး ခါကာဘိုရာဇီ တောင်ထိပ်ကို အရောက်တက်နိုင်ဖို့ ကရင်ပြည်နယ်မှာ သီတင်း၂ပတ်ကြာ လေ့ကျင့်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ်(၂၀)ကျော်က ဂျပန်လူမျိုး တဦးနဲ့ မြန်မာနိုင်ငံသား တဦးပါတဲ့အဖွဲ့က တကြိမ်သာအောင်မြင်စွာ တက်နိုင်ခဲ့တဲ့ ခါကာဘိုရာဇီတောင်ကို ဒီလူငယ်တွေတက်ဖို့ ဘယ်လိုမျှော်လင့်ချက် ရှိနေပါသလဲ၊ ဘယ်လို လေ့ကျင့်မှုတွေ လုပ်ပါသလဲဆိုတာကို AFP သတင်းပေါ်အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

မြန်မာနိုင်ငံရဲ့မြောက်ဘက်အစွန်ဖျား ကချင်ပြည်နယ်ထဲမှာရှိတဲ့ ခါကာဘိုရာဇီတောင်ကတော့ အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်ဖြစ်ပြီး မြန်မာ၊ အိန္ဒိယ၊ တရုတ် ၃နိုင်ငံနယ်စပ်မှာ တည်ရှိနေတာပါ။ ၁၉၉၆ ခုနှစ် စက်တင်ဘာလတုန်းက ဂျပန်လူမျိုး Takashi Ozaki နဲ့ ကချင်တိုင်းရင်းသား Awng Tse တို့အဖွဲ့က ခါကာဘိုရာဇီတောင်ကို အောင်မြင်စွာတက်နိုင်ခဲ့ပါတယ်။ အဲဒီ တကြိမ်ကလွဲလို့ ခုချိန်ထိ ဘယ်သူမှ မတက်နိုင်သေးပါဘူး။ အချွန်အတက်တွေနဲ့ မတ်စောက်တဲ့ ခါကာဘိုရာဇီတောင်ကို အခြားတောင်တက်သမားတွေ တက်ဖို့ကြိုးစားပေမယ့် တောင်ထိပ်ရောက်တဲ့ထိ မအောင်မြင်ကြတာများပါတယ်။

၂၀၁၆ မေလတုန်းက ဧဝရက်တောင်ကို အောင်မြင်စွာတက်နိုင်ခဲ့တဲ့ ကိုပြည့်ဖြိုးအောင်ဟာ၊ အခုတော့ အခြား မြန်မာတောင်တက်သမား (၂)ဦးနဲ့အတူ အမြင့်ပေပေါင်း (၁၉,၂၉၅)ပေရှိတဲ့ ခါကာဘိုရာဇီတောင်ထိပ်ကို အောင်မြင်စွာတက်နိုင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကရင်ပြည်နယ်ထဲက ကျောက်တောင်တွေမှာ လေ့ကျင့်ခဲ့ပါတယ်။ ခါကာဘိုရာဇီတောင်ကိုတက်ဖို့ ကြိုးစားမယ့်သူ (၃)ဦးထဲမှာ ကိုပြည့်ဖြိုးအောင်၊ ကိုအောင်ခိုင်နဲ့ ကိုဇော်ဇင်ခိုင် တို့ ပါဝင်ကြပါတယ်။ ကိုဇော်ဇင်ခိုင်က သူ့ခံယူချက်ကို ပြောပြပါတယ်။

"ကျနော်တို့ အသက်ရှင်လျက်နဲ့ ပြန်လာ နိုင်ပါ့မလား ဆိုတဲ့အထိ အန္တရာယ်များပါတယ်။ ဒါပေမဲ့ စိတ်ပိုင်း- ရုပ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး ကျနော်တို့ ပြင်ဆင်ထားပြီး၊ တောင်ထိပ်ရောက်တဲ့ထိ ကြိုးစားတက်မှာပါ ။"

မြန်မာတောင်တက်သမား လူငယ် ၃ဦးဟာ ခါကာဘိုရာဇီတောင်ကိုတက်ဖို့ လွန်ခဲ့တဲ့ တနှစ်ကတည်းက ပြင်ဆင်လာခဲ့တာဖြစ်ပြီး၊ နီပေါနိုင်ငံကို သွားရောက်ပြီး လေ့ကျင့်မှုတွေ လုပ်ထားပါတယ်။ ခါကာဘိုရာဇီဟာ ဧဝရက်တောင်လို မဟုတ်ပဲ ပိုမတ်စောက်တယ်ဆိုပေမယ့် ဧဝရက်တောင်ကို အောင်မြင်စွာ တက်ခဲ့ဖူးတဲ့ ကိုပြည့်ဖြိုးအောင်ကတော့ သူတို့အနေနဲ့အောင်မြင်စွာ တက်နိုင်လိမ့်မယ်လို့ ယုံကြည်နေသူပါ။

"ကိုယ့်မှာပိုက်ဆံရှိရင် အခြား တောင်တက်လမ်းပြတွေရဲ့ အကူအညီနဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို ရောက်အောင် တက်နိုင်သေးတာပဲလေ ၊ ဒီနည်းနဲ့ အသက်(၇၀)ကျော်အရွယ်တွေတောင် ဧဝရက်တောင်ကို တက်နိုင်ခဲ့ပါတယ်။"

သူတို့ဟာ အောက်စီဂျင် နည်းနည်းပဲရတဲ့ အချိန်မျိုးမှာ အသက်ရှင်နေနိုင်အောင်လို့ လေ့ကျင့်မှုတွေလုပ်ကြပါတယ်။ လက်တွေ့မှာ ခါကာဘိုရာဇီတောင် ထိပ်ကို ရောက်သွားကြမယ်ဆိုရင် ဒီတောင်ဟာ အရှေ့တောင်အာရှမှာ အမြင့်ဆုံးလားဆိုတာကို GPS စနစ်သုံးပြီး ကိုယ်တိုင်အတည်ပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၉၆ တုန်းက ဂျပန်-မြန်မာ ပူးတွဲတက်ခဲ့ပေမယ့် ဒီတခေါက် ခါကာဘိုရာဇီကိုတက်မယ့်သူအားလုံးဟာ မြန်မာနိုင်ငံသားတွေချည်းပဲ ဖြစ်တယ်လို့ ကိုဇော်ဇင်ခိုင်က ပြောပါတယ်။

"ကျနော်တို့ မြန်မာနိုင်ငံသားတွေမှာလည်း အစွမ်းအစ ရှိတယ်ဆိုတာကို ပြချင်တာပါ၊ ခါကာဘိုရာဇီ ထောင်ထိပ်မှာ ကျနော်တို့နိုင်ငံရဲ့အလံကို သွားပြီး စိုက်ထူချင်ပါတယ်။"

၂၀၁၄ သြဂုတ်လတုန်းက မြန်မာတောင်တက်သမား ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ အဖွဲ့ဟာ ခါကာဘိုရာဇီတောင်ထိပ်ကို တက်ဖို့ကြိုးစားရင်း ရာသီဥတုဆိုးဝါးတာကြောင့် နောက်တန်းစခန်းနဲ့ ရေဒီယိုစကားပြောစက် အဆက်ပြတ်သွားပြီး ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ရှာဖွေခဲ့ပေမယ့် ခုချိန်ထိ ပြန်ရှာမတွေ့တော့ပါဘူး။ သူတို့ကို ကယ်ဆယ်ဖို့သွားတဲ့ ဟယ်လီကော့ပတာလည်း ပျက်ကျပြီး လေယာဉ်မှူးတဦး သေဆုံးခဲ့ရပါတယ်။

ခါကာဘိုရာဇီ ဆိုတာက ကချင်မျိုးနွယ်စု တခုဖြစ်တဲ့ ရဝမ်လူမျိုး တွေရဲ့ ဘာသာစကားဖြစ်ပြီး အဓိပ္ပါယ်ကတော့ အသံထွက်တဲ့တောင်လို့ ဆိုလိုတာပါ။ နှင်းတွေဖုံးလွှမ်းနေလေ့ရှိတဲ့ ဒီတောင်ဟာ ဟိမဝန္တာတောင်တန်းကြီးနဲ့ ဆက်နွှယ်နေတယ်ဆိုပေမဲ့ တောင်တန်းတွေပတ်လည် သွယ်တန်းဝိုင်းနေတာမျိုး မဟုတ်ပဲ၊ မတ်စောက်ပြီး အထီးကျန်စွာ ရှိနေတဲ့တောင်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG