သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ဦး၊ မင္းျပား တိုက္ပြဲမ်ားၾကား လူ ၄ ဦးေသ


ရခုိင္ျပည္နယ္အတြင္း တာဝန္ထမ္းေဆာင္ေနသည့္ ျမန္မာ တပ္မေတာ္သားအခ်ဳိ႕။ (ႏုိဝင္ဘာ ၁၁၊ ၂၀၁၂)

(Zawgyi / Unicode)

ဒီကေန႔ စေနေန႔မနက္အေစာပိုင္း ရခုိင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္နဲ႔ မင္းျပားၿမိဳ႕နယ္ၾကားက ေက်းရြာတရြာကို လက္နက္ႀကီးက်ည္က်လို႔ လူ ၄ ဦးေသဆံုးၿပီး ရြာသားတခ်ိဳ႕ ထိခိုက္ဒဏ္ရာ အျပင္းအထန္ ရသလို ေနအိမ္ေတြလည္း မီးေလာင္ပ်က္စီးသြားတယ္လို႔ ရခိုင္ေဒသခံေတြက ေျပာပါတယ္။ ဒီရက္ပိုင္းေတြအတြင္း ခ်င္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္တြင္း တိုက္ပြဲေတြ ပိုျပင္းထန္လာသလို စစ္ေျပးစစ္ေရွာင္ဦးေရကလည္း တသိန္းတေသာင္းေက်ာ္အထိ ရွိလာေနၿပီလို႔ ကူညီကယ္ဆယ္ေပးေနသူေတြက ေျပာပါတယ္။ အျပည့္အစုံကို မဆုမြန္ ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ရခုိင္တုိင္းရင္းသားလက္နက္ကိုင္တပ္ AA နဲ႔ ျမန္မာအစိုးရ စစ္တပ္တို႔ၾကား တုိက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားေနဆဲ အေနအထားမွာေတာ့ ဒီကေန႔ ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔ စေနေန႔မနက္ပိုင္းမွာ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္နဲ႔ မင္းျပားၿမိဳ႕နယ္ၾကား တုိက္ပြဲျဖစ္ပြားၿပီး အနည္းဆံုး လူ ၄ ဦး ေသဆံုးခဲ့ရၿပီး ရြာသားတခ်ိဳ႕ ထိခိုက္ဒဏ္ရာ အျပင္းအထန္ ရခဲ့သလို ေနအိမ္တခ်ိဳ႕လည္း မီးေလာင္ပ်က္စီးသြားတယ္လို႔ ရခိုင္ေဒသခံေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္ မင္းျပားနဲ႔ ေျမာက္ဦးၿမိဳ႕နယ္ၾကား ျဖစ္ပြားခဲ့တဲ့ တုိက္ပြဲနဲ႔ပတ္သက္ၿပီး အရပ္သား ထိခိုက္ေသဆံုးမႈ အေျခအေနကို ရခိုင္တိုင္းရင္းသားလက္နက္ကိုင္တပ္ AA ေျပာခြင့္ရ ခိုင္သုခက ဗီြအိုေအျမန္မာပိုင္းကို အခုလိုေျပာပါတယ္။

“မင္းျပားနဲ႔ ေျမာက္ဦးၾကား ဘူးတလုံး မြတ္စလင္ရြာကို ျမန္မာစစ္တပ္ဘက္က ရမ္းသန္းပစ္တဲ့ လက္နက္ႀကီး ထိၿပီးေတာ့ မြတ္စလင္ ေလးဦးေသၿပီး ငါးဦး ဒဏ္ရာရတာ။ ေျမာင္းေဘြရြာမွာလည္း အိမ္သုံးလုံး မီးေလာင္သြားတယ္လို႔ သိရတယ္။ ေနာက္ထပ္ အရပ္သားေတြ ထိခုိက္ ဒဏ္ရာရတဲ့ သတင္းေတြေတာ့ ဆက္တုိက္ ၾကားေနရတယ္။ ဒါေပမယ့္ အေသးစိတ္ကေတာ့ ေလာေလာဆယ္ က်ေနာ္တုိ႔ဆီ ေရာက္မလာေသးဘူး။”

မဆုမြန္ - ဒါက ဒီေန႔မနက္ျဖစ္တာေပါ့ေနာ္ ဦးခုိင္သုခ။

ခုိင္သုခ - “ဟုတ္ကဲ့၊ ဒီေန႔မနက္ျဖစ္တာဗ်။ အဲဒီမွာ ျမန္မာစစ္တပ္ဘက္က သူတို႔ အထိအခုိက္ အက်အဆုံးေတြ မ်ားၿပီဆုိရင္ အနီးနားက ရြာေတြကို ရမ္းသန္းၿပီး ပစ္တဲ့အတြက္ အခုလို အရပ္သားေတြ ထိခုိက္ေသေက် ဒဏ္ရာရမႈေတြ ျဖစ္တာဗ်။”

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္တြင္း ဒီရက္ပိုင္းေတြမွာ တုိက္ပြဲေတြ ဆက္တုိက္ ျပန္ျဖစ္ပြားလာေနၿပီး စစ္ေျပးစစ္ေရွာင္ျပည္သူေတြ ပိုမ်ားလာတယ္လို႔ ရခိုင္စစ္ေျပးဒုကၡသည္ေတြကို ကူညီေပးေနတဲ့ ရခုိင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ံုး (REC) က အတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္းကလည္း အေျခအေန ေျပာျပပါတယ္။

“ဒီေန႔မနက္ ၆ နာရီေလာက္ကတည္းက စျဖစ္တာ။ ၉ နာရီခြဲေလာက္ထိကုိ တုိက္ပြဲေတြက ျဖစ္တယ္။ သူက ေျမာက္ဦးနဲ႔ မင္းျပားၾကားေလာက္ကို က်တယ္။ ေက်းရြာမွာ အိမ္သုံးလုံးက မီးေလာင္သြားတယ္။ ၿပီးေတာ့ ဒဏ္ရာရတဲ့သူ တဆယ္ဝန္းက်င္ေလာက္ ရွိတယ္။ ရေသ့ေတာင္၊ ဘူးသီးေတာင္ ေဒသဘက္မွာ ျပင္းထန္လာတာ ရွိတယ္။ အခုတခါ ေျမာက္ဦးနဲ႔ မင္းျပားၾကားမွာ ျဖစ္တာေပါ့။ ဒီေန႔ တုိက္ပြဲျဖစ္တဲ့အခါက်ေတာ့ ကားအသြားအလာေတြ အကုန္လုံး ရပ္ဆုိင္းသြားတယ္။ အေဝးေျပးလမ္းမႀကီးေပၚမွာလည္း ကားေတြ မရွိေတာ့ဘူး။ အဲ့လိုေတြျဖစ္သြားတယ္။ ေျမာက္ဦးနဲ႔ မင္းျပား အၾကားမွာရွိတဲ့ စခန္းတခ်ဳိ႕မွာေတာ့ အခက္အခဲတခ်ဳိ႕ ေတြ႔ႏုိင္တယ္။”

ခ်င္းျပည္နယ္အပါအဝင္ ရခိုင္ျပည္နယ္တြင္းက စစ္ျဖစ္ပြားေနတဲ့ ၿမိဳ႕နယ္ေတြမွာ စစ္ေရးက ပိုျပင္းထန္လာေနၿပီး အစိုးရတပ္ဘက္က ေလေၾကာင္းေတြနဲ႔ပါ တိုက္စစ္ဆင္လာေနတယ္လို႔ ရခိုင္တပ္ေျပာခြင့္ရ ခုိင္သုခက ေျပာပါတယ္။

“ဒီရက္ပိုင္း ထိေတြ႔မႈ ျပင္းထန္တဲ့ဟာကေတာ့ ပလက္ဝဘက္မွာ တုိက္ပြဲက ဒီေန႔ဆုိ တုိက္ပြဲ ဆက္တုိက္ျဖစ္ေနတာ ၂၃ ရက္ေျမာက္ရွိၿပီ။ ပလက္ဝၿမိဳ႕နယ္ မီးေက်ာင္းတံတားထိပ္က ျမန္မာစစ္တပ္ရဲ႕ လက္နက္ႀကီးစခန္းမွာ ျဖစ္ေနတာ။ အဲဒီလက္နက္ႀကီးစခန္း ဝန္းက်င္ကို ျမန္မာစစ္တပ္ဘက္ကေန စစ္လက္နက္ပစၥည္းေတြ ရိကၡာေတြ ေထာက္ပံ့ဖုိ႔အတြက္ သူတုိ႔ စစ္ကူေတြပုိ႔ဖို႔ ႀကိဳးစားေနတာရွိတယ္။ အဲဒီမွာ ျမန္မာစစ္တပ္ရဲ႕ စစ္ေၾကာင္းေတြနဲ႔ ရခုိင့္တပ္ေတာ္ရဲ႕ ျဖတ္ေတာက္ေရး စစ္ေၾကာင္းေတြၾကားမွာ တုိက္ပြဲေတြက ေန႔စဥ္ရက္ဆက္ ျဖစ္ေနတာ။ အဲဒီမွာ ျမန္မာစစ္တပ္ဘက္က Jet Fighter ေတြ တုိက္ခိုက္ေရး ရဟတ္ယာဥ္ေတြ အသုံးျပဳၿပီး ဆက္တုိက္ တုိက္ခိုက္ေနတာေပါ့။ တခ်ဳိ႕ေန႔ေတြမွာဆုိရင္ ျမန္မာစစ္တပ္ဘက္က ဂ်က္ေလယာဥ္ႏွစ္စီး ရဟတ္ယာဥ္ ေလးစီး အဲလုိမ်ဳိး တၿပိဳင္နက္တည္း လာတုိက္ခုိက္တာေတြ ရွိတယ္။ ဗုံးႀကဲတာေတြ ရွိတယ္။ Rocket ေတြနဲ႔ ပစ္တာရွိတယ္။ စက္ေသနတ္ႀကီးေတြနဲ႔ ပစ္တယ္ အေပၚကေန။ ဒီရက္ပုိင္းမွာေတာ့ အေတာ္ေလး ေပါက္ကြဲအား ျပင္းထန္တဲ့ ဗုံးအႀကီးစားမ်ဳိးေတြ လာၿပီးေတာ့ ခ်တာလည္း ရွိတယ္။”

အခုဆိုရင္ေတာ့ ရခိုင္တပ္နဲ႔ စစ္တပ္တို႔ၾကား စစ္ေရးတင္းမာမႈေတြေၾကာင့္ စစ္ေရွာင္ဦးေရက ဒီကေန႔အထိ တသိန္းတေသာင္းေက်ာ္သြားၿပီျဖစ္ၿပီး ဒီ သိန္းခ်ီတဲ့ ဒုကၡသည္ေတြအတြက္ ေသာက္သံုးေရ၊ စားနပ္ရိကၡာ၊ အေျခခံေဆးဝါးနဲ႔ ေနထိုင္ေရး အေတာ္ေလးကို ဒုကၡေတြ႔ေနၾကရတယ္လို႔လည္း ရခိုင္ဒုကၡသည္ေတြကို ကူညီေပးေနသူ ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“အကုန္လုံး တသိန္း တေသာင္းနဲ႔ ခုႏွစ္ေထာင္ ေက်ာ္ေက်ာ္ေလာက္ေတာ့ ရွိေနၿပီ။ ေလာေလာဆယ္ အဓိက အခက္အခဲက ဘာရွိလဲဆိုေတာ့ ေရရွားပါးလာတဲ့ စခန္းေတြ ရွိေနတယ္။ ဆိုေတာ့ ေရရွားပါးလာတာနဲ႔အတူ က်န္းမာေရးျပႆနာတခ်ဳိ႕လည္း ရွိလာတယ္။ အထူးသျဖင့္ ကေလးေတြမွာ အေရျပားေရာဂါေတြ ျဖစ္လာတာရွိတယ္။ ၿပီးေတာ့ ဝမ္းေလွ်ာတာေတြလည္း ရွိလာႏုိင္တယ္။ အခုလို တုိက္ပြဲေတြ ဆက္ျဖစ္ေနမယ္ ဆုိရင္ေတာ့ စားနပ္ရိကၡာေတြလည္း လုိအပ္ခ်က္ အမ်ားႀကီး ျဖစ္ေပၚလာႏုိင္ဖုိ႔ အေျခအေန ရွိပါတယ္။”

ဒီကေန႔ျဖစ္ပြားတဲ့ မင္းျပားနဲ႔ ေျမာက္ဦးၿမိဳ႕နယ္တြင္းက တုိက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ကို အတည္ျပဳႏုိင္ဖို႔ ဆက္သြယ္ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။ မေန႔ ေသာၾကာေန႔ကလည္း ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္တြင္းမွာ တပ္မေတာ္ေရယာဥ္ကို ရခိုင္လက္နက္ကိုင္အဖြဲ႔ AA က ပစ္ခတ္တိုက္ခိုက္ခဲ့တဲ့အတြက္ တိုက္ပြဲ ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့ၿပီး ဒီတိုက္ပြဲတြင္း မင္းျပားၿမိဳ႕ခံ အမ်ဳိးသားတဦး ေသဆံုးၿပီး ကိုယ္ဝန္ေဆာင္မိခင္တဦး၊ ကေလးငယ္ႏွစ္ဦး အပါအဝင္ အရပ္သားတခ်ိဳ႕ ဒဏ္ရာရခဲ့ပါတယ္။

------------------------------------

(Unicode)

မြောက်ဦး၊ မင်းပြား တိုက်ပွဲများကြား လူ ၄ ဦးသေ

ဒီကနေ့ စနေနေ့မနက်အစောပိုင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ကြားက ကျေးရွာတရွာကို လက်နက်ကြီးကျည်ကျလို့ လူ ၄ ဦးသေဆုံးပြီး ရွာသားတချို့ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရသလို နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်းတွေအတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာသလို စစ်ပြေးစစ်ရှောင်ဦးရေကလည်း တသိန်းတသောင်းကျော်အထိ ရှိလာနေပြီလို့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေဆဲ အနေအထားမှာတော့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ စနေနေ့မနက်ပိုင်းမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ကြား တိုက်ပွဲဖြစ်ပွားပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ရပြီး ရွာသားတချို့ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရခဲ့သလို နေအိမ်တချို့လည်း မီးလောင်ပျက်စီးသွားတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မင်းပြားနဲ့ မြောက်ဦးမြို့နယ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေကို ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“မင်းပြားနဲ့ မြောက်ဦးကြား ဘူးတလုံး မွတ်စလင်ရွာကို မြန်မာစစ်တပ်ဘက်က ရမ်းသန်းပစ်တဲ့ လက်နက်ကြီး ထိပြီးတော့ မွတ်စလင် လေးဦးသေပြီး ငါးဦး ဒဏ်ရာရတာ။ မြောင်းဘွေရွာမှာလည်း အိမ်သုံးလုံး မီးလောင်သွားတယ်လို့ သိရတယ်။ နောက်ထပ် အရပ်သားတွေ ထိခိုက် ဒဏ်ရာရတဲ့ သတင်းတွေတော့ ဆက်တိုက် ကြားနေရတယ်။ ဒါပေမယ့် အသေးစိတ်ကတော့ လောလောဆယ် ကျနော်တို့ဆီ ရောက်မလာသေးဘူး။”

မဆုမွန် - ဒါက ဒီနေ့မနက်ဖြစ်တာပေါ့နော် ဦးခိုင်သုခ။

ခိုင်သုခ - “ဟုတ်ကဲ့၊ ဒီနေ့မနက်ဖြစ်တာဗျ။ အဲဒီမှာ မြန်မာစစ်တပ်ဘက်က သူတို့ အထိအခိုက် အကျအဆုံးတွေ များပြီဆိုရင် အနီးနားက ရွာတွေကို ရမ်းသန်းပြီး ပစ်တဲ့အတွက် အခုလို အရပ်သားတွေ ထိခိုက်သေကျေ ဒဏ်ရာရမှုတွေ ဖြစ်တာဗျ။”

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင်း ဒီရက်ပိုင်းတွေမှာ တိုက်ပွဲတွေ ဆက်တိုက် ပြန်ဖြစ်ပွားလာနေပြီး စစ်ပြေးစစ်ရှောင်ပြည်သူတွေ ပိုများလာတယ်လို့ ရခိုင်စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကလည်း အခြေအနေ ပြောပြပါတယ်။

“ဒီနေ့မနက် ၆ နာရီလောက်ကတည်းက စဖြစ်တာ။ ၉ နာရီခွဲလောက်ထိကို တိုက်ပွဲတွေက ဖြစ်တယ်။ သူက မြောက်ဦးနဲ့ မင်းပြားကြားလောက်ကို ကျတယ်။ ကျေးရွာမှာ အိမ်သုံးလုံးက မီးလောင်သွားတယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူ တဆယ်ဝန်းကျင်လောက် ရှိတယ်။ ရသေ့တောင်၊ ဘူးသီးတောင် ဒေသဘက်မှာ ပြင်းထန်လာတာ ရှိတယ်။ အခုတခါ မြောက်ဦးနဲ့ မင်းပြားကြားမှာ ဖြစ်တာပေါ့။ ဒီနေ့ တိုက်ပွဲဖြစ်တဲ့အခါကျတော့ ကားအသွားအလာတွေ အကုန်လုံး ရပ်ဆိုင်းသွားတယ်။ အဝေးပြေးလမ်းမကြီးပေါ်မှာလည်း ကားတွေ မရှိတော့ဘူး။ အဲ့လိုတွေဖြစ်သွားတယ်။ မြောက်ဦးနဲ့ မင်းပြား အကြားမှာရှိတဲ့ စခန်းတချို့မှာတော့ အခက်အခဲတချို့ တွေ့နိုင်တယ်။”

ချင်းပြည်နယ်အပါအဝင် ရခိုင်ပြည်နယ်တွင်းက စစ်ဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ စစ်ရေးက ပိုပြင်းထန်လာနေပြီး အစိုးရတပ်ဘက်က လေကြောင်းတွေနဲ့ပါ တိုက်စစ်ဆင်လာနေတယ်လို့ ရခိုင်တပ်ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ဒီရက်ပိုင်း ထိတွေ့မှု ပြင်းထန်တဲ့ဟာကတော့ ပလက်ဝဘက်မှာ တိုက်ပွဲက ဒီနေ့ဆို တိုက်ပွဲ ဆက်တိုက်ဖြစ်နေတာ ၂၃ ရက်မြောက်ရှိပြီ။ ပလက်ဝမြို့နယ် မီးကျောင်းတံတားထိပ်က မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးစခန်းမှာ ဖြစ်နေတာ။ အဲဒီလက်နက်ကြီးစခန်း ဝန်းကျင်ကို မြန်မာစစ်တပ်ဘက်ကနေ စစ်လက်နက်ပစ္စည်းတွေ ရိက္ခာတွေ ထောက်ပံ့ဖို့အတွက် သူတို့ စစ်ကူတွေပို့ဖို့ ကြိုးစားနေတာရှိတယ်။ အဲဒီမှာ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတွေနဲ့ ရခိုင့်တပ်တော်ရဲ့ ဖြတ်တောက်ရေး စစ်ကြောင်းတွေကြားမှာ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက် ဖြစ်နေတာ။ အဲဒီမှာ မြန်မာစစ်တပ်ဘက်က Jet Fighter တွေ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုပြီး ဆက်တိုက် တိုက်ခိုက်နေတာပေါ့။ တချို့နေ့တွေမှာဆိုရင် မြန်မာစစ်တပ်ဘက်က ဂျက်လေယာဉ်နှစ်စီး ရဟတ်ယာဉ် လေးစီး အဲလိုမျိုး တပြိုင်နက်တည်း လာတိုက်ခိုက်တာတွေ ရှိတယ်။ ဗုံးကြဲတာတွေ ရှိတယ်။ Rocket တွေနဲ့ ပစ်တာရှိတယ်။ စက်သေနတ်ကြီးတွေနဲ့ ပစ်တယ် အပေါ်ကနေ။ ဒီရက်ပိုင်းမှာတော့ အတော်လေး ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးအကြီးစားမျိုးတွေ လာပြီးတော့ ချတာလည်း ရှိတယ်။”

အခုဆိုရင်တော့ ရခိုင်တပ်နဲ့ စစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေကြောင့် စစ်ရှောင်ဦးရေက ဒီကနေ့အထိ တသိန်းတသောင်းကျော်သွားပြီဖြစ်ပြီး ဒီ သိန်းချီတဲ့ ဒုက္ခသည်တွေအတွက် သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ အခြေခံဆေးဝါးနဲ့ နေထိုင်ရေး အတော်လေးကို ဒုက္ခတွေ့နေကြရတယ်လို့လည်း ရခိုင်ဒုက္ခသည်တွေကို ကူညီပေးနေသူ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“အကုန်လုံး တသိန်း တသောင်းနဲ့ ခုနှစ်ထောင် ကျော်ကျော်လောက်တော့ ရှိနေပြီ။ လောလောဆယ် အဓိက အခက်အခဲက ဘာရှိလဲဆိုတော့ ရေရှားပါးလာတဲ့ စခန်းတွေ ရှိနေတယ်။ ဆိုတော့ ရေရှားပါးလာတာနဲ့အတူ ကျန်းမာရေးပြဿနာတချို့လည်း ရှိလာတယ်။ အထူးသဖြင့် ကလေးတွေမှာ အရေပြားရောဂါတွေ ဖြစ်လာတာရှိတယ်။ ပြီးတော့ ဝမ်းလျှောတာတွေလည်း ရှိလာနိုင်တယ်။ အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေမယ် ဆိုရင်တော့ စားနပ်ရိက္ခာတွေလည်း လိုအပ်ချက် အများကြီး ဖြစ်ပေါ်လာနိုင်ဖို့ အခြေအနေ ရှိပါတယ်။”

ဒီကနေ့ဖြစ်ပွားတဲ့ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွင်းက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို အတည်ပြုနိုင်ဖို့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ မနေ့ သောကြာနေ့ကလည်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်းမှာ တပ်မတော်ရေယာဉ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွင်း မင်းပြားမြို့ခံ အမျိုးသားတဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်မိခင်တဦး၊ ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သားတချို့ ဒဏ်ရာရခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG