သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးအရေးအခင်း တာဝန်ရှိဦးဆောင်သူတွေကို အရေးယူမည်


မြောက်ဦးအရေးအခင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ
မြောက်ဦးအရေးအခင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ

မြောက်ဦးမြို့မှာဖြစ်ခဲ့တဲ့ အဓိက ရုဏ်းဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဟောပြောပွဲ ကို ဦးဆောင်ကျင်းပတဲ့ သူတွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့တရားစွဲဆိုမယ်လို့ ရခိုင်ဝန်ကြီးချုပ်က ပြောဆို လိုက်ပါတယ်။ ဒီအပေါ်မှာ ရခိုင်ပြည်သူရပ်မိရပ်ဖ တွေဘက်က ဝေဖန်မှုတွေ မြင့်တက်နေပြီး အဓိက ရုဏ်းဖြစ်စဉ်နဲ့ ပတ် သတ်လို့ အစိုးရမဟုတ်တဲ့ သီးခြား လွတ် လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စုံစမ်းဖို့ ရပ်မိရပ်ဖတွေဘက်ကတောင်း ဆိုမှုတွေ လုပ်လာပါတယ်။ ရဲတပ်ဖွဲ့ ပစ်ခတ်မှုကလည်း ဥပဒေနဲ့မညီဘူးလို့ ထောက်ပြမှုတွေ ရှိနေပါတယ်။ ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်း က မေခက စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ စစ်တွေ အစိုရရုံးမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့တဲ့ အဓိက ရုဏ်းဖြစ်စဉ်နဲ့ပတ်သတ်ပြီး ရခိုင်အစိုးရဘက်က စစ်တွေ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံချိန်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

"ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ ဆိုတာလည်း တရားဝင်ထုတ်ပြန် တာမို့ ကျနော်တို့ အရေးတယူဆောင်ရွက်ခဲ့ပါတယ်။"

ဟောပြောပွဲ စီစဉ်ခဲ့တဲ့ ဦးစံလှဘော်နဲ့ အပေါင်းပါတွေကို မြောက်ဦးမြို့ အထွေထွေ အုပ်ချုပ်ရေး မှူးရုံးကို အကြမ်းဖက်ခဲ့တဲ့အတွက် တရားစွဲဆိုမှာပါ။

ရခိုင်ဝန်ကြီးချုပ်က ပြောဆို လိုက်တဲ့ အပေါ်မှာ ရခိုင်ပြည်သူရပ်မိရပ်ဖ တွေဘက်က ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီး မြို့မိ မြို့ဖ ဦးမောင်ဦးက အစိုးရမဟုတ်တဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စုံစမ်းဖို့ တောင်းဆိုလိုက်တာ ပါ။

"စောစောစီးစီးဆောင်ရွက်လိုက်ရင် ရရဲ့သားနဲ့ လမ်းကြောင်းများဖွင့်ပေးပြီးတော့ စစ်သင့်တယ် အဲဒါမျိုးတွေရှိပါတယ်။ ဒါကြောင့်ဒီဟာ ကော်မရှင်စစ်မယ်ဆိုရင် အရပ်သားဖက်က လူတွေဖြစ်သင့်ပါတယ် ။ မဟုတ်ရင်ဒါကို ပြည်သူက မယုံသင်္ကာဖြစ်ပါမယ် ဒါပါပဲ "

ပရဟိတလုပ်နေတဲ့ တပ်မတော်သားဟောင်းတဦး လည်းဖြစ်ခဲ့သူ ရပ်မိရပ်ဖ ဦးအောင်သန်းလွင် ကတော့ ရဲတပ်ဖွဲ့ ပစ်ခတ်မှုက ဥပဒေနဲ့ညီရဲ့ လားဆိုပြီး အခုလို မေးခွန်းထုတ် ခဲ့ပါတယ်။

"လူစုခွဲတယ် ဆိုပြီးပစ်တာမဟုတ်ပဲနဲ့ ပြည်သူကို အကြမ်းဖက်သမားလိုပုံစံမျိုးနဲ့ ပစ်တယ် ။ မည်သူ့မှာတာဝန်ရှိသလဲ ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ကို ပြင်းပြင်းထန်ထန်အရေးယူဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ ဒေသအစိုးရမှာ တာဝန်ရှိတယ် လို့ ကျနော်ထင်ပါတယ်။ အစိုးရက ဘယ်သူ့ကို ဒီလိုပုံစံမျိုးဖြစ်သွားအောင် အမိန့်ပေးခဲ့သလဲ အမြန်ဆုံးဖော်ထုတ်ဖို့ လိုအပ်ပါတယ်။"

လာမယ့် ဇန်နဝါရီ ၂၄ ရက်မှာ ပြည်ထောင်စု အဆင့်စစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ရှိတယ်လို့ ရခိုင်ပြည်နယ် ရဲတပ် ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ ဒီဖြစ်စဉ်အတွက် ရခိုင်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ အဖွဲ့က စတင်စစ်ဆေးနေတယ်လို့ ရခိုင်အစိုးရဘက်ကပြောဆို ထားပါတယ်။

ဇန်နဝါရီ ၁၆ ရက် ညက မြောက်ဦးမြို့နယ် နန်းတော်ရာ ကုန်းမှာ လုပ်မယ့် ဟောပြောပွဲ ခွင့်မပြုလို့ မကျေနပ်ရာက စပြီး ထောင်ချီသည့် လူစုလူဝေးနဲ့ရဲ တပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်စဉ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ရဲ တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သားခုနစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လူစုလူဝေးက စတင်တိုက်ခိုက်တာမို့ ရဲတပ်ဖွဲ့ဝင် ၂၀ ဦး ဒဏ်ရာရရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ပြည်နယ်အစိုးရက သေဆုံးသွားသူတဦးအတွက်နစ်နာကြေး ကျပ် ၅ သိန်းစီထောက်ပံ့ပေးအပ်ခဲ့ပေမယ့် သေဆုံး သွားသူတွေရဲ့မိသားစုဝင်တွေက လက်မခံဘဲ ပြန်ပေးခဲ့ကြပါတယ်။ မြောင်ဦးအရေးအခင်းနဲ့ဆက်နွယ်ပြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဦးဝေဟင်အောင်တို့ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ အမှုဖွင့်ထားပြီး နိုင်ငံတော် သစ္စာဖောက်ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ပါထပ်ပြီးတရားစွဲမယ်လို့ ရခိုင်အစိုးရဘက်က ပြောဆိုထားပါတယ်။ လက်ရှိ မြောင်ဦးအရေးအခင်းကိုင်တွယ်မှု နဲပတ်သတ်ပြီး ဝေဖန်မှုတွေရှိနေပေမယ့် တရားဥပဒေအတိုင်းဆောင်ရွက်တာသာဖြစ်တယ်လို့ ပြောဆိုထားတဲ့ ရခိုင် ဝန်ကြီးချုပ်ကတော့ သီးခြား လွတ် လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စုံစမ်းဖို့ကို ပြည်ထောင်စုကို တင်ပြသွားမယ် လို့ ဆိုပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၂ မှာ ပုဒ်မခွဲ ၂ ခုပါဝင်ပြီး ပြည်တွင်းမှာဖြစ်စေ ပြည်ပမှာဖြစ်စေ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကို ကျူးလွန်ရင် သေဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းပို့ဒဏ်ဖြစ်စေ ချမှတ်ခံရမယ်လို့ ပြဌာန်းထားတာမို့ ပွဲစီစဉ်သူတွေကိုပါ ဒီဥပဒေနဲ့ တရားစွဲ တာဟာ မတရားဘူးလို့သုံးသပ်နေတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG