ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် လမ်းကို စစ်ကောင်စီဘက်က သွားလာခွင့် ပြန်ပိတ်လိုက် တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူဆယ်မြို့မှာလည်း လုံခြုံရေးတွေတိုးမြှင့်နေပြီး တရုတ် လုံခြုံရေးတပ်ဖွဲ့တချို့လည်း ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူဆယ်မြို့အခြေအနေ ရန်ကုန်ကသတင်းပေးပို့တာကို အခြေခံပြီး တင်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ပြည်ထောင်စုလမ်းမကို ဖေဖော်ဝါရီလ ၅ ရက်၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက စစ်ကောင်စီက ထပ်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရုတ်နှစ်သစ်ကူး ကာလအတွင်းမှာ ယာယီ ဖြတ်သန်းသွားလာခွင့် ပေးခဲ့တဲ့ ပြည်ထောင်စုလမ်းမကို အခု တခါထပ်ပြီး ပိတ်လိုက်တာပါ။ ဒေသခံတွေနဲ့ လူမှုကူညီရေး ပရဟိတယာဉ်တွေပါ သွားလာခွင့် မရတော့ဘူးလို့ မူဆယ်မြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။
"ဟိုဘက်က အနေအထားကောင်းရင်တော့ ရချင်ရပါလိမ့်မယ်။ ဒီဘက်က အနေအထားကတော့ ကျနော်တို့ အဲဒီဘက်တောင်မှ သွားလာလို့မရဘူး။ လူမှုကူညီရေး ကားတွေရောပဲ။"
မူဆယ်မြို့တွင်းမှာလည်း စစ်ကောင်စီတပ်က လုံခြုံရေးတိုးချထားတာကိုလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူဆယ်မြို့က ကုန်သည်တချို့ကတော့ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေလည်း မူဆယ်မြို့မှာ ရောက်ရှိနေပြီလို့ ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့တော့ ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဆက်ပြီးစုံစမ်းနေပါတယ်။ ဒေသခံတယောက်ကတော့ အခုလို ပြောပါတယ်။
"ဒီမှာ တရုတ်လုံခြုံရေးကုမ္ပဏီ မူဆယ်ဘက် ရောက်နေပြီတဲ့။ ခါတိုင်း ပြည်သူ့စစ်တွေဆိုတာတော့ ရှိတယ်။ ဒါပေမဲ့ ဒီဟာက တမူထူးခြားနေလို့ ကျနော်က နည်းနည်းသိတဲ့သူကို သွားမေးလိုက်တော့ တရုတ်ကုမ္ပဏီတော့ ဝင်လာပြီတဲ့။ လုံခြုံရေးကုမ္ပဏီကဆိုတာ။ လုံခြုံရေးကုမ္ပဏီကဆိုပေမဲ့ သူက တရုတ်စစ်သားတော့ မဟုတ်ဘူး။ ဗမာပြည်က ပြည်သူ့စစ်လို လောလောဆယ် ငှားထားတာ။ စဝင် ခါစပဲရှိသေးတယ် အဲလိုမျိုး။ တမူထူးခြားတာက ဘာလဲဆိုတော့ သူတို့ထဲမှာပါတဲ့ဟာက အပြင်မှာ ရောင်းတဲ့ ယူနီဖောင်းလိုပုံစံမျိုးဗျ။ အခုလောလောဆယ် အာရက္ခတပ်တော်တွေ ဝတ်ထားတဲ့ ယူနီဖောင်းနဲ့ ခပ်ဆင်ဆင်လေး။"
ရှမ်းမြောက်မှာရှိတဲ့ ရှမ်းလူ့အခွင့်အရေး အဖွဲ့တွေကတော့ အရင်ကလည်း တရုတ်လုံခြုံရေး တပ်ဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တွေမှာ အတားအဆီးမရှိ ဝင်ထွက်နေကြတဲ့အတွက် ဒီကိစ္စဟာ ဖြစ်နိုင်တယ်လို့ လို့ ဗွီအိုအေကို ပြောပါတယ်။ မူဆယ်မြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ တခုတည်းကျန်တဲ့ မြို့လည်းဖြစ်ပါတယ်။ မူဆယ်မြို့နဲ့ ၁၅ မိနစ် လောက်ပဲ ကားနဲ့သွားရတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားပြီး မူဆယ်မှာ နယ်စပ်ကုန်သွယ်ရေး မရှိပါဘူး။ အရင်ကလည်း လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး မူဆယ် ၁၀၅ မိုင် လမ်းကို စစ်ကောင်စီတပ်က သွားလာခွင့် ဖွင့်လိုက်ပိတ်လိုက်လုပ်ခဲ့ဖူးပါတယ်။
Forum