သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က အထိနာနေဆဲ


မူဆယ်ကုန်သွယ်ရေးဂိတ်
မူဆယ်ကုန်သွယ်ရေးဂိတ်

[Zawgyi/Unicode]

ကိုဗစ်ကာလ ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်တာကြောင့် တရုတ်နိုင်ငံနဲ့ နယ်စပ်ကုပ်သွယ်ရေးမှာ အကြီးအကျယ် ထိခိုက်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးထားပါတယ်။

မြန်မာနဲ့ တရုတ်နိုင်ငံကြား အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မူဆယ်ဂိတ်ကို ပြန်ဖွင့်ပေးထားပေမဲ့ ကန့်သတ်ချက်တွေ ရှိနေဆဲ ဖြစ်တာကြောင့် ကုန်စည်စီးဆင်းမှုတွေ ကြန့်ကြာမှုတွေနဲ့ နစ်နာဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်တဲ့ ကုန်ကားတွေကို သက်ဆိုင်ရာနိုင်ငံက ယာဉ်မောင်းတွေနဲ့သာ ဝင်ရောက်ခွင့် ပြုထားတာကြောင့် တရုတ်နိုင်ငံဘက်ကို ကုန်ပစ္စည်းတင်ပို့ရာမှာ အစားထိုးယာဉ်မောင်းရဖို့ သီတင်းတပတ်လောက်အထိ ကြာမြင့်တတ်ပြီး၊ နစ်နာဆုံးရှုံးမှုတွေ ကြုံနေရတယ်လို့ မူဆယ်မြို့ ရွှေနဂါးကုန်စည်ဒိုင်က ဦးကျော်ဇေယျက ပြောပါတယ်။

“တရုတ်ထဲကို ဝင်မယ့် ကြယ်ခေါင် မန်ဝင်းပေါက်အရောက်ဆိုလို့ရှိရင် အနည်းဆုံး ၆ ရက်၊ ၇ ရက်လောက် ကားရပ်ရတယ်။ အဲ့ဒုက္ခတော့ ရှိတာပေ့ါ။ ကားငှားခဆိုရင် နဂိုပေးရတဲ့ ပေါက်ဈေးထက် ၂ ဆပေါ့ပေးရတယ်။ နဂိုဆိုရင် ရန်ကုန်ကို ၁၀ သိန်းလောက်ပေးရတာကို ခုဆိုရင် သိန်း ၂၀ လောက်ပေးရတယ်။ အဲ့လိုမျိုးအပိုင်းတွေလည်း ရှိတာပေါ့။ လုပ်သားခတွေကလည်း တက်လာတယ်။ လုပ်သားတွေကလည်း အထဲထဲထိ ဝင်လို့မရတော့ လုပ်သား စရိတ်တွေကလည်း အကုန်တက်ကုန်တာပေ့ါ။ ဆုံးရှုံးမှုကတော့ ကျနော်တို့ ထင်သလောက်ကတော့ ရာခိုင်နှုန်း ၆၀ လောက်တော့ ရှိမယ်။ ရာခိုင်နှုန်း ၆၀ ဆိုတာက ကျနော်တို့ နဂို ကားအစီး ၁၀၀ ထွက်နိုင်တယ်ဆိုရင် ခုဆိုရင် ကားအစီး ၃၀၊ ၄၀ လောက်ပဲ ထွက်နိုင်တော့တယ်။ ကျွမ်းကျင်လုပ်သား မရှိတာရယ်။ တန်စာခ ဈေးမြင့်တဲ့အပိုင်းရယ်၊ လုပ်သားခေါ်လို့ မရတဲ့အပိုင်းတွေ အဲ့လိုတွေပါတာပေါ့။”

တရုတ်နိုင်ငံကနေ စတင်ပျံ့နှံ့လာတဲ့ ကပ်ရောဂါကို ထိန်းချုပ်ဖို့ ပိတ်ထားခဲ့တဲ့ မူဆယ်ကုန်သွယ်ရေးဂိတ်ကိုတော့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာပဲ ပြန်ဖွင့်ပေးလိုက်တာပါ။ ဒါပေမဲ့လည်း ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်နေတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေမှာ ကြန့်ကြာမှုတွေ ကြုံနေရပြီး ကုန်သွယ်မှုတွေဟာလည်း သိသိသာသာ ကျဆင်းနေတယ်လို့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးစိုင်းထွန်းကိုကိုက ပြောပါတယ်။

“တကယ့်တကယ်ပြောရရင်တော့ ကုန်သွယ်မှုကတော့ တစ်ဝက်လောက်တော့ ကျတယ်ဗျ၊ တာဝန်ရှိတဲ့သူတွေကတော့ ၃ ပုံ ၁ ပုံကျတယ်လို့တော့ ပြောတယ်၊ အမှန်တော့ ကုန်သွယ်မှုက ပုံမှန်ကုန်သွယ်မှုထက်တော့ အများကြီးကျတယ်ဗျ။”

မူဆယ် နယ်စပ်ကုန်သွယ်မှုပမာဏဟာ အခြားကုန်သွယ်ရေးစခန်တွေနဲ့ ယှဉ်ရင် အများဆုံးဖြစ်ပြီးတော့ မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ နီးပါးရှိပါတယ်။

တိုက်ရိုက် လင့်ခ်


................

[Unicode Version]








XS
SM
MD
LG