သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်နယ်စပ်ကုန်သွယ်ရေး ကျဆင်း


မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်တဲ့ တရုတ်-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ထားတာကြောင့် တောင်သူတွေရော ကုန်သည်တွေပါ အခက်အခဲနဲ့ ရင်ဆိုင်နေရသလို၊ ဒီနှစ်အတွင်း တရုတ်-မူဆယ်လမ်းကြောင်းကတဆင့် နယ်စပ်ကုန်သွယ်ရေး သိသိသာသာ ကျဆင်းသွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ မူဆယ်မှာ ဆန်၊ပြောင်း၊ သကြားအစရှိတဲ့ ကုန်ပစ္စည်းတွေ အမြောက်အမြားပိတ်မိနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

နယ်စပ်ကနေဝင်လာတဲ့ မြန်မာ့ဆန်တွေကို တရုတ်ကုန်သည်တွေက အခွန်မဆောင်ဘဲ တရားမဝင် ဝယ်ယူနေတာကို ယူနန်အစိုးရက ပိတ်လိုက်သလို၊ တရားဝင်အခွန်ကလည်း ၃၇% ပေးဆောင် ရတဲ့အတွက် တရုတ်ကုန်သည်တွေက မြန်မာ့ဆန်ကိုလက်ရှိမှာ မဝယ်နိုင်တော့ဘဲ ရပ်နားထားတာပါ။ တရုတ်ကုန်သည်တွေက သူတို့ယူနန်အစိုးရရဲ့ အခွန်ကိုရှောင်ပြီး တရားမဝင်လမ်းကြောင်းကနေ မြန်မာ့ဆန်ကို အများဆုံးဝယ်ယူနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ပြောင်းလဲလိုက်တဲ့ မူဝါဒကြောင့် မြန်မာဘက်က တင်ပို့ရောင်းချနေတဲ့ ကုန်သည်တွေ တောင်သူတွေ အဆင်မပြေ ဖြစ်ကုန်တယ်လို့ မူဆယ် ကုန်စည်ဒိုင် ဒုဥက္ကဌ ဦးချမ်းသာဦးက ပြောပါတယ်။

“သူတို့ဘက်က တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေ သဘောမျိုးနဲ့ ပြီးရင် မှောင်ခိုပပျောက်ရေး အစီအစဉ်နဲ့ တားမြစ်တဲ့အတွက် ကျနော်တို့က ပို့ဖို့ အဆင်မပြေဘူး ဖြစ်နေတာပေါ့”

ပြည်တွင်းဆန်ထက်ဝက်လောက်က တရုတ်ပြည်ကိုပို့နေတာဖြစ်ပြီး အခုလို တရုတ်ဘက်က ဆန်အဝယ် လျှော့သွားတဲ့အတွက် ဆန်ဈေးကွက်မှာ အထိုက်အလျှောက်နစ်နာမှုတွေရှိတယ်လို့ မြန်မာကုန်သည်တွေက ပြောပါတယ်။

တရုတ်နိုင်ငံနယ်စပ် မူဆယ် ကုန်သွယ်ရေးဇုန်ထဲမှာတော့ တရုတ်နိုင်ငံကို တင်ပို့မယ့်ဆန်၊ ပြောင်း၊ သကြားတွေအမြောက်အများ ပိတ်မိနေတယ်လို့ ဆန်ကုန်သည်တစ်ဦးဖြစ်တဲ့ ဦးမင်းသိန်းကပြောပါတယ်။

“ ၂၀၁၉ နှစ်စပိုင်းကတည်းကနေ စပြီးတော့ အရောင်းအဝယ်က လုံး၀ ရပ်သွားတာ ဘာဖြစ်လို့လဲဆိုတော့ ဆန်အိတ်တွေ ၁၀ သိန်းလောက် ပိတ်မိနေတယ် မူဆယ်မှာ။ တခြားကတော့ အိတ်ရေ ၁၄ သိန်းလောက်ပိတ်မိနေတယ် ပြောင်းကတော့ အိတ် ၈ သိန်းလောက်ပိတ်မိနေတယ် ။ ဒါကိုကြည့်ခြင်းအားဖြင့် တရုတ်ပြည်နယ်စပ်မှာ ဆန်အရောင်းအဝယ်မဖြစ်တော့ ပြည်တွင်းမှာ ဆန်ဈေးတွေကျတယ် ။ ဆန်ဈေးတွေကျတော့ ဒီအချိန်က ငွေစပါးပေါ်တဲ့အချိန်ဖြစ်နေတဲ့အတွက် တောင်သူတွေမှာ အများကြီးထိခိုက်တာပေါ့။”

ခုလို အခြေအနေတွေကြောင့် ဒီနှစ်အတွင်း တရုတ်-မူဆယ် နယ်စပ်ကုန်သွယ်မှုပမာဏဟာ အရင်နှစ်တွေကထက် သိသိသာသာ ကျဆင်းသွားတယ်လို့လည်း ကုန်သည်တွေကပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာလည်း ဆန်ဈေးနှုန်းတွေ ကျလာနေတယ်လို ကုန်သည်တွေကပြောပါတယ်။ ဒါဟာ ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်ပိုလျှံနေတာကြောင့်လည်း ဖြစ်နိုင်သလို အီးယူနဲ့ တရုတ်ဘက်က အဝယ်လျှော့သွားတာကြောင့်လည်း ဆန်ဈေးကွက်ကို ပိုပြီးထိခိုက်နိုင်ခြေရှိတယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၃ သန်းကျော်တင်ပို့ခဲ့ပေမဲ့ အခုနှစ်မှာတော့ တန်ချိန် ၁.၇ သန်းလောက်ပဲ တင်ပို့နိုင်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ခန့်မှန်းထားကြောင်း ပြောပါတယ်။

မူဆယ်နယ်စပ်ကုန်သွယ်ရေး ကျဆင်း
please wait

No media source currently available

0:00 0:02:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG