သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သစ်တောပြုန်းတီးမှု အဓိက အကြောင်းတရားများ


ပဲခူးရိုးမရှိ ကျွန်းစိုက်ခင်းတခု။ (ဓာတ်ပုံ - ဦးမောင်မောင်စိုး)
ပဲခူးရိုးမရှိ ကျွန်းစိုက်ခင်းတခု။ (ဓာတ်ပုံ - ဦးမောင်မောင်စိုး)

(Zawgyi / Unicode)

ဥတုရာသီ ပြောင်းလဲမှုအတွက် အရေးပါလှတဲ့ ကမ္ဘာပေါ်က သစ်တောကြီးတွေဟာ တစက္ကန့်ကို ဘောလုံးကွင်းတကွင်းစာနှုန်းနဲ့ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အတွင်း ဆက်တိုက်ဆိုသလို ပြုန်းတီးခဲ့တယ်လို့ ကမ္ဘာ့သစ်တောစောင့်ကြည့်ရေးအဖွဲ့ Global Forest Watch က ဒီသီတင်းပတ်ထဲမှာပဲ ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ သယံဇာတ အရင်းအမြစ်များဆိုင်ရာအဖွဲ့ World Resources Institute (WRI) နဲ့ သယံဇာတ စောင့်ကြည့်ရေး အခြားအဖွဲ့တွေက ပူးတွဲပြီး အချက်အလက်တွေ စုဆောင်းခဲ့ကြတာပါ။ ကမ္ဘာ့ရှားပါးမျိုးစိတ် တောရိုင်းတိရစ္ဆာန်တွေရဲ့ နောက်ဆုံးမှီတင်းရာ မြန်မာနိုင်ငံမှာလည်း သစ်တောပြုန်းတီးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဥတုရာသီပြောင်းလဲမှု အကျိုးဆက်ကို လက်တွေ့ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အစိုးရနဲ့ လူထုရဲ့ ပါဝင်ဆောင်ရွက်မှု အတိုင်းအတာ ဘယ်လောက်ရှိပါသလဲ။ အပြည့်အစုံကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေး ရည်မှန်းချက် UN Sustainable Development Goals ပြည့်မီဖို့ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အလွန်အရေးပါတဲ့ သစ်တောတွေ မပြုန်းတီးရေး အစိုးရအဖွဲ့တွေ လုပ်ကိုင်နေပေမယ့် အောင်မြင်မှုမရသေးပါဘူး။ အရှေ့တောင်အာရှဒေသက ရှားပါး ဇီဝမျိုးကွဲတွေ နောက်ဆုံးလက်ကျန်ရှိနေတဲ့ မြန်မာနိုင်ငံက အဖိုးတန်သစ်တောတွေဟာ စိုးရိမ်စရာကောင်းတဲ့နှုန်းနဲ့ ဆုံးရှုံးနေတယ်လို့ ကုလသမဂ္ဂက ထောက်ပြထားပါတယ်။ Sustainable Forest Management (SFM) လို့ခေါ်တဲ့ ရေရှည်ခံတဲ့ သစ်တော စီမံခန့်ခွဲရေး သုတေသန လုပ်ကိုင်နေတဲ့ သူရိယစန္ဒာ သဘာဝပတ်ဝန်းကျင်အဖွဲ့ တည်ထောင်သူ ကိုကျော်မင်းထွဋ် ကတော့ စိုက်ပျိုးမြေချဲ့ထွင်တာနဲ့ တရားမဝင် သစ်ခိုးထုတ်တာကြောင့် မြန်မာ့သစ်တော ပြုန်းတီးနေရကြောင်း ခုလို အတည်ပြု ပြောဆိုပါတယ်။

“ကျနော်တို့ သုတေသနလုပ်ငန်းကို တနိုင်ငံလုံးကို လွှမ်းခြုံပြီး လုပ်နေတာလည်း ရှိပါတယ်။ အဓိကကတော့ စစ်ကိုင်းတိုင်း အခြေစိုက်တာပေါ့။ စစ်ကိုင်းတိုင်းထဲမှာ ဖြစ်နေတဲ့ဟာတွေပေါ့။ စစ်ကိုင်းတိုင်းမှာလည်း သစ်တောပြုန်းတီးမှု အတော်မြင့်တယ်။ ကျနော်ကလည်း စစ်ကိုင်းတိုင်းထဲမှာ Deforestation (သစ်တောပြုန်းတီးတဲ့ကိစ္စ) research (သုတေသန) မလုပ်နိုင်သေးတာလည်း ပါတယ်။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ထက်လည်း မြင့်နိုင်တယ်။ ရှမ်းပြည်နယ်ဘက်မှာ ငှက်ပျောစိုက်ခင်းတွေကြောင့် ဒီနှစ်ပိုင်းတွေမှာ သစ်တောပြုန်းတီးမှု အရှိန်ပိုမြင့်လာတယ်။ အဲဒီ ငှက်ပျောစိုက်ခင်းတွေ ကျနော်တို့ စစ်ကိုင်းတိုင်းထဲကို စလာတော့မယ်လို့လည်း ကြားနေရပါတယ်။”

မြန်မာနိုင်ငံ တောင်ပေါ်ကျေးလက် ဒေသတွေမှာတော့ ထင်း၊ မီးသွေးအတွက် ကျေးရွာလူကြီးတွေ၊ ဒေသခံ ဆရာတော်ဘုရားတွေကို လျှောက်ထားပြီး ထင်းခုတ်ခွင့် ရနေကြတာပါ။ ဒါပေမယ့်လည်း အဲဒီလုပ်ရပ်တွေဟာ တရားဥပဒေနဲ့ ညီညွတ်ပါရဲ့လား။ သစ်တွေကို တရားဝင်ထုတ်လုပ်နိုင်ရေး အစိုးရအသိအမှတ်ပြု လက်မှတ်စနစ်သတ်မှတ်ဖို့ သစ်တောဦးစီးဌာနနဲ့လည်း ပူးတွဲလုပ်ကိုင်နေတဲ့ ကိုကျော်မင်းထွဋ်ကပဲ ခုလို ဆက်ပြောပါတယ်။

“သစ်တောဦးစီးဌာနနဲ့ တရားဝင်သစ်ဖြစ်ခြင်းဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုဖို့ လုပ်နေတာတွေ ရှိတယ်။ အဓိကကတော့ Legal Timber (တရားဝင်ကျွန်းသစ်) ပေါ့။ ကျနော်တို့ ပြည်တွင်းသုံးကို ဘယ်လို တရားဝင်သတ်မှတ်မလဲပေါ့။ အဓိက ကျနော်တို့နိုင်ငံမှာ ဖြစ်နေတာက ခုဒေသခံတွေအတွက်ပေါ့လေ။ တရားဝင်သစ်က မရဘူး။ ဆရာတော်ဘုရားတို့ ဘာတို့ကို လျှောက်လို့ သစ်ခုတ်ခွင့်ရတယ်ဆိုတာက တော်သေးတာ။ တကယ်တော့ နေရာအများစုမှာ သစ်ခုတ်ဖို့ သစ်တောဦးစီးဌာနက ခွင့်ပြုထားတာမျိုး၊ ဥပဒေအရ ခွင့်ပြုထားတာမျိုး မရှိဘူး။ မြန်မာ့သစ်လုပ်ငန်းကလည်း ဒီဟာတွေ ဒေသခံတွေအတွက် ထည့်သွင်းစဉ်းစားပြီး ရောင်းချပေးထားတာမျိုး လက်ရှိချိန်ထိ မရှိဘူး။”

၂၀၁၈ သစ်တောဥပဒေပုဒ်မ ၁၇ မှာတော့ ဒေသခံတွေ လက်လှမ်းမီအောင် သစ်တောဥပဒေ၊ နည်းဥပဒေတွေမှာ ထည့်သွင်းထားတာ ရှိတယ်လို့လည်း ကိုကျော်မင်းထွဋ်က ပြောပါတယ်။ ဒီဥပဒေတွေနဲ့ နည်းဥပဒေတွေ အသက်ဝင်လာရင်တော့ ဒေသခံတွေ အထိုက်အလျောက် အဆင်ပြေနိုင်မယ်လို့ ယူဆရပါတယ်။

“အဲဒီနေရာမှာ SME ချေးငွေလိုမျိုးလေးလေ။ နောက်ပြီး သီးနှံသစ်တော ရောနှောစိုက်တဲ့ စိုက်ခင်းလေးတွေပေါ့။ သစ်ကြီးမထွက်ခင်မှာ ကြားထဲက စိုက်ပျိုးလို့ရတဲ့ ဟာလေးတွေ၊ အဲဒီလို စမ်းသပ်စိုက်ပျိုးတာမျိုးကို ကျနော်တို့ ပိုပြီး အားပေးသင့်တယ်လို့ ထင်ပါတယ်။ တောင်သူတွေကို စိုက်ပျိုးစရိတ် ထုတ်ပေးသလိုမျိုး ချေးငွေ တစိတ်တဒေသ ထုတ်ပေးနိုင်မယ်ဆိုရင်လည်း ဒေသခံတွေအနေနဲ့ CF (တရားဝင်သစ်စိုက်ပျိုးထုတ်လုပ်ခွင့် လက်မှတ်ကိစ္စ) ကို အင်တိုက်အားတိုက်လုပ်ပြီး သူတို့ ownership sense (ကိုယ်ပိုင်) စိတ်ကလေး ရမယ်ဗျာ။ သစ်တောဖြစ်လာမယ်ဆိုရင်လည်း လက်လွတ်စပယ် မခုတ်တော့ဘူး။ Ownership ကြောင့် ထိန်းသိမ်းလာတဲ့အတွက် ဂေဟစနစ်လည်း မဆိုးဘူးပေါ့။ ခုနက အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တဲ့ အခြေအနေတရပ်ရပ် ရှိရင်တော့ အောင်မြင်နိုင်တယ်ဗျ။”

မြန်မာအစိုးရရဲ့ Commercial Logging လို့ခေါ်တဲ့ စီးပွားဖြစ် သစ်ထုတ်လုပ်ရေးနဲ့ Commercial Agricultural စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းတွေကြောင့် မြန်မာ့သစ်တောတွေ အဓိက ပြုန်းတီးလာတယ်လို့လည်း နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေက ထောက်ပြကြပါတယ်။

ကမ္ဘာကျော် ကျွန်းသစ်တွေ ပေါများခဲ့တဲ့ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ထိ ကျွန်းသစ်နဲ့ အခြားသစ်ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ တင်းကြပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းခြင်း မရှိခဲ့တဲ့အတွက်ကြောင့် နှစ်စဉ် သစ်တောဧက ၁ သန်းလောက် နှစ်ပေါင်း ၂၀ လောက် ပြုန်းတီးခဲ့ရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး စောင့်ကြည့်တဲ့ အဖွဲ့တွေက ထောက်ပြကြပါတယ်။ သစ်တောပြုန်းတီးမှုဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ စိုက်ပျိုးမြေချဲ့ထွင်တာ အပါအဝင် သစ်ပင်တွေကို မဆင်မခြင်ခုတ်ယူတာ၊ တရားမဝင် သစ်ခိုးထုတ်နေတာနဲ့ လောင်စာအတွက် အသုံးပြုနေတာကြောင့် ဖြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ်က ဖော်ပြပါတယ်။

ရာသီဥတုမျှတဖို့၊ ကမ္ဘာ့ပူနွေးမှု ဖြစ်လာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို သစ်တောတွေက စုပ်သိုလှောင်ပေးထားပါတယ်။ ကမ္ဘာကြီး ပူနွေးလာတာနဲ့အမျှ ဥတုရာသီ မမျှမတဖြစ်ပြီး မိုးခေါင်ရေရှားတာ၊ ရေကြီးရေလျှံတာ၊ အပူလှိုင်း အအေးလှိုင်းဖြတ်တာ၊ ပြင်းထန်တဲ့မုန်တိုင်းတွေ မကြာခဏတိုက်တာ၊ ငလျှင်လှုပ်တာနဲ့ တောမီးလောင်တာတွေကို ရင်ဆိုင်လာကြရပါတယ်။

လူမှုအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ပုဂ္ဂလိကအဖွဲ့တွေ စုပေါင်းထားတဲ့ The Food and Land Use Coalition (FOLU) ရဲ့ အစီရင်ခံစာမှာတော့ သစ်တောတွေ မပြုန်းသွားအောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာမှာ အဟန့်အတားကြီး ၆ ခု ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ရာထူးအာဏာ တည်ရေးအတွက် သစ်တောတွေကို အသုံးချတာ၊ သစ်တပင်ရဲ့ တန်ဖိုးထက် သစ်ခွဲသားတန်ဖိုး ပိုကြီးတာ၊ သစ်တောတွေကရတဲ့ အကျိုးအမြတ်ထဲမှာ ငွေသားမပါဝင်တာ၊ သစ်တောထိန်းသိမ်းရေးအတွက် မူဝါဒတွေ ချမှတ်တဲ့နေရာမှာ ဒေသခံတွေ ပါဝင်ခွင့်မရတာ၊ သစ်တောထိန်းသိမ်းရေးမှာလည်း တခါတလေ ဌာနပေါင်းစုံက စီမံခန့်ခွဲသူတွေ ပါဝင်နေတာနဲ့ ပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေတွေကို လိုက်နာမှုမရှိတဲ့ အချက်တွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားတာပါ။

သစ်တောပြုန်းတီးမှု တားဆီးကာကွယ်ရေးအတွက် ကမ္ဘာ့ဘဏ်ရဲ့ အကြံပြုချက်တွေထဲမှာတော့ သဘာဝသစ်တောကြိုးဝိုင်းတွေနဲ့ အများပြည်သူပိုင် သစ်တောတွေကို ထိန်းသိမ်းစောင့်ရှောက်မှုအတွက် စီမံခန့်ခွဲမှုအပိုင်းကို ပြန်လည်သုံးသပ်ဖို့ ထည့်သွင်းထားပါတယ်။ ထင်းမီးသွေးကြောင့် သစ်တောပြုန်းတီးမှု ဖြစ်စေတာကို လူထုသိအောင် ပညာပေးဖို့၊ အစိုးရရဲ့ သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းကို ရေရှည်စီမံခန့်ခွဲဖို့၊ သစ်အခြေခံကုန်ပစ္စည်း ထုတ်လုပ်သူတွေနဲ့ ပူပေါင်းပြီး စီးပွားဖြစ် သစ်ပင်တွေ စိုက်ပျိုးဖို့၊ သစ်အခြေခံ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေမှာလည်း တရားဝင် စိုက်ပျိုးထုတ်လုပ်ထားကြောင်း နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးတဲ့ စနစ်ကို ကျင့်သုံးဖို့၊ မြန်မာ့ကျွန်းသစ်လုပ်ငန်းကို မြန်မာ့သစ်တောဌာနရဲ့ စည်းကမ်းအတိုင်း တင်းကျပ်စွာ ကြပ်မတ်ဖို့နဲ့ လူထုပါဝင်တဲ့ သစ်တောထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ဆိုတဲ့ အချက်တွေကို အကြံပြုထားပါတယ်။

----------------------------

(Unicode)














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG