(Zawgyi / Unicode)
အီတလီနိုင်ငံ ပါးမားမြို့မှာ နိုဝင်ဘာလ ၁၅ ရက် တနင်္လာနေ့ကနေ နိုဝင်ဘာလ ၁၉ ရက် သောကြာနေ့အထိ ၅ ရက်ကြာ မြန်မာ့အရေး လှုပ်ရှားမှုကို ပါးမားမြို့တော်၊ Celvi Institute နဲ့ အီတလီ-မြန်မာမိတ်ဆွေအဖွဲ့ Giuseppe Malpeli တို့က ဦးစီးပြီး ပါးမားတက္ကသိုလ် အပါအဝင် အဖွဲ့အစည်း အများအပြားနဲ့ အီတလီရောက် မြန်မာတွေ ပါဝင်ကျင်းပကြမှာ ဖြစ်ပါတယ်။
“ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း - မြန်မာနိုင်ငံ ဒီမိုကရေစီအရေး” ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ညီလာခံတွေ၊ အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ အပြင် ပြဇာတ်၊ စာပေနဲ့ ရုပ်ရှင်တွေ၊ စားသောက်ဖွယ်ရာတွေနဲ့ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
တနင်္လာနေ့ ညီလာခံဖွင့်ပွဲမှာ ပါးမားတက္ကသိုလ်၊ အီတလီမြောက်ပိုင်းက Emilia – Romagna ပြည်နယ်နဲ့ မြန်မာနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ စီမံကိန်းတွေကို ဆွေးနွေးကြမှာဖြစ်ပြီး အင်္ဂါနေ့မှာတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ၊ ပထဝီနိုင်ငံရေးနဲ့ ဘာသာရေးဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့အတူ မြန်မာ့အစားအစာတွေနဲ့ ဧည့်ခံမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ မြန်မာ့ သတင်းလွတ်လပ်ခွင့်အခြေအနေ၊ စစ်တပ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေအကြောင်း ဆွေးနွေးကြမှာဖြစ်ပြီး ကြာသပတေးနေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ဖို့နဲ့ မိမိလွတ်မြောက်ခွင့်ကို မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသုံးချဖို့ အပါအဝင် မိန့်ခွန်းတွေ၊ ကဗျာနဲ့ တော်လှန်ရေး အပါအဝင် လူငယ်အဖွဲ့တွေရဲ့ Burma Road အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပမှာပါ။
ဆွေးနွေးပွဲတွေကို အီတလီအစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဦးကျော်မိုးထွန်း၊ ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာ၊ ဒေါက်တာဝင်းမြတ်အေးတို့အပြင် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews တို့ပါ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
နောက်ဆုံးနေ့ဖြစ်တဲ့ သောကြာနေ့မှာတော့ အီတလီနိုင်ငံ ပါးမားမြို့နဲ့ မြန်မာနိုင်ငံတို့ရဲ့ ချစ်ကြည်ရင်းနှီးမှုတွေအကြောင်း ဟောပြောပွဲတွေနဲ့ Piazza Garibaldi ရင်ပြင်မှာ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
---------------------
(Unicode)