သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးအာဆီယံအစည်းအဝေးရလဒ် ဆန္ဒပြပြည်သူများရဲ့တုံ့ပြန်မှု


ASEAN leaders' summit at the Association of Southeast Asian Nations (ASEAN)
ASEAN leaders' summit at the Association of Southeast Asian Nations (ASEAN)


{{Zawgyi/Unicode}}

စစ်တပ်က အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံအရေးကိစ္စနဲ့ပါတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံခေါင်းဆောင်တွေ တေ့ွဆုံဆွေးနွေးပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာ ပြည်တွင်းက ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ ဆန္ဒပြသူတွေက ပြောလိုက်ပါတယ်။ အာဆီယံရဲ့ ဆောင်ရွက်မှုအပေါ် စစ်အာဏာရှင်ဆန့်ကျင်သူတွေရဲ့ သဘောထားအမြင်နဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် ကတင်ပြပါမယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးရလာဒ်ဟာ မြန်မာပြည်သူလူထုရဲ့ သဘောထား အမြင်ကို လုံးဝထင်ဟပ်ခြင်းမရှိတဲ့အပြင် နိုင်ငံရေးအကြပ်အတည်းကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီက ကြေညာချက်ထုတ်ပြန်ပါတယ်။

အာဆီယံ အစည်းအဝေးဟာ မြန်မာပြည်သူလူထုအတွက် လက်တွေ့ကျပြီး ထိရောက်မှုရှိတဲ့ တွေ့ဆုံဆွေးနွေးမှု မဟုတ်ဘဲ အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့ အာဆီယံက လုပ်နေတဲ့ ပုံစံကို ဦးတည်နေတာကြောင့် အပြင်းအထန် ကန့်ကွက်ကြောင်းရေးသားထားပါတယ်။

အာဆီယံရဲ့ အချက် ၅ ချက်ပါတဲ့ ဘုံသဘောထားထုတ်ပြန်ချက်ဟာ အားပျော့လွန်းပြီး ဘာမှ ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ဆန္ဒပြ သပိတ်ခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။

အထူးသဖြင့် နိုင်ငံခေါင်းဆောင်တွေနဲ့ မတရားဖမ်းဆီးခံထားရတဲ့သူတွေကို ပြန်လွတ်ပေးဖို့ဆိုတဲ့ အချက်ပါမလာတဲ့အပြင် ဒီ အာဆီယံရဲ့ ထုတ်ပြန်ချက်က ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်သွားနိုင်ဖို့ ပြည်သူတွေရဲ့ သဘောထားကို ဆန့်ကျင်နေတယ်လို့ ရန်ကုန်အင်ဂျင်နီယာ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ကျောင်းသားတစ်ယောက်က ဗီအိုအေကို ပြောပါတယ်။

“အကြမ်းဖက် စစ်အုပ်စုက အမြဲတမ်း လက်တစ်လုံးခြားလုပ်လာနေတာပဲ နိုင်ငံတကာက ဘာပဲပြောပြောသူလုပ်ချင်တာ လုပ်နေတာပဲ။ အခု သူသဘောတူခဲ့တဲ့ ၅ချက်ကိုတောင် နိုင်ငံပိုင်သတင်းစာက မကြေညာဘူး၊ ဒါမလိုက်နာဘူးဆိုတာ ရှင်းနေတာပေါ့။

အာဆီယံရဲ့ လုပ်ရပ်ဟာ အာဏာသိမ်း နစက စစ်ကောင်စီကို တရားဝင်အောင် လုပ်သလိုဖြစ်တယ်လို့ ထားဝယ်တပ်ပေါင်းစု သပိတ်ကော်မတီမှာ ပါဝင်နေသူတယောက်ကလည်း ပြောပါတယ်။

“ထားဝယ်မှာ ထွက်နေတဲ့ တပ်ပေါင်းစု သပိတ်ကော်မတီရဲ့ သဘောထားကတော့ ဒီအာဆီယံဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို ဆန့်ကျင်တယ်။ မြန်မာ ပြည်သူလူထုနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို အာဆီယံက မဖိတ်တာက မြန်မာပြည်သူလူထုရဲ့ သဘောဆန္ဒကို ဆန့်ကျင်တယ်။ စစ်ကောင်စီကို တရားဝင် အစိုးရအနေနဲ့ အသိအမှတ်ပြုရာရောက်တယ် ဆိုပြီးတော့ ဒီလိုမျိုး သဘောထားတာရှိတယ်။ ဆိုလိုတာက အာဆီယံရဲ့ ကြေညာချက် ၅ ချက်စလုံးဟာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံခေါင်းဆောင်တွေကို မြန်မြန်လွှတ်ဖို့ မြန်မာနိုင်ငံ ဒီမိုကရေစီကို ပြန်သွားဖို့ဆိုတဲ့ အချက်တွေ မပါလာတာကိုက အာဆီယံသည် မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို ဆန့်ကျင်နေတယ်၊ အာဆီယံရဲ့ ကြေညာချက်တွေ အပါအဝင် အာဆီယံရဲ့ လုပ်ဆောင်ချက်တွေကို လက်အခံဘူးဆိုပြီးတော့ သဘောထားရှိတယ်။”

ထားဝယ်မြို့မှာ ဖြန့်ဝေတဲ့ ဥသြလို့နာမည်ပေးထားတဲ့ မြေအောက်စာစောင်မှာလည်း အာဆီယံအစည်းအဝေးရဲ့ ထုတ်ပြန်ချက်တွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ်ဆိုတဲ့အကြောင်း ဆောင်းပါးတွေကို ဒီနေ့ထုတ်ဝေတဲ့ထဲမှာ ဖော်ပြထားပါတယ်။

ကလေးမြို့က သပိတ်ခေါင်းဆောင်တစ်ဦးကလည်း အာဆီယံက သူ့ရဲ့မူ ဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အိမ်တွင်းရေးကို ဝင်မစွက်ဖက်ရေး မူဝါဒကို လက်ကိုင်ထားပြီး အစည်းအဝေးကို အဖြစ်သဘောသာ လုပ်သွားတဲ့ ပုံမျိုးဖြစ်တယ်လို့ မြင်ပါတယ်။

“အနောက်နိုင်ငံတွေ EU တို့ အမေရိကတို့က တောင်းဆိုနေတဲ့ ရွေးကောက်ခံအစိုးရကို အာဏာပြန်အပ်နှင်းဖို့တွေ ဘာတွေဆိုတာလည်း ပါမလာဘူးပေါ့နှော်။ သူတို့ ထုတ်ပြန်ချက်ကို အပေါ်ယံပဲ ထုတ်သွားပုံရပြီးတော့ ဒါက ပြည်သူတွေအတွက် ဘာမှ အရေးမပါပါဘူး။ ဒီ အာဆီယံရဲ့ တောက်လျောက် လမ်းနဲ့ ကြည့်လိုက်မယ်ဆိုရင် သူက နိုင်ငံတစ်နိုင်ငံရဲ့ အိမ်တွင်းရေးကို ဝင်မစွက်ဖက်ဘူး ဆိုတဲ့မူကိုပဲ ဆုပ်ကိုင်ထားပြီး အလုပ်ဖြစ်ရုံလောက် အစည်းအဝေးလုပ်တယ်ဆို တဲ့ဟာပဲ ဖြစ်ရုံလောက်ပဲ သူတို့က ထုတ်ပြန်တဲ့ ပုံမျိုးပဲ မြင်ပါတယ်။ သတို့ကတော့ ဘယ်သူပဲ တက်လာတက်လာ ဆိုတဲ့ ပုံမျိုးနဲ့ပဲ၊ နောက်ပြီးတော့ အာဆီယံမှာက ဒီမိုကရေစီနိုင်ငံဆိုတာက ရှားတယ်ဆိုတော့ ပြည်သူတွေကလည်း သူတို့ရဲ့ ထုတ်ပြန်ချက်တွေကို ဘာမှလည်း သဘောလည်း မကျဘူး၊ ဂရုလည်း မစိုက်ကြဘူးပေါ့။ ပြည်သူတွေက ဆန္ဒပြပြီး ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ ဆန္ဒပြ ကြွေးကြော်နေကြတယ်ပေါ့။”

အာဆီယံအစည်းအဝေးကနေ ဘာမှ မေ ျှာ်လင့်လို့ မရသလို ကိုယ်ဖြစ်ချင်တဲ့ အနာဂါတ်အတွက် ပြည်သူတွေ ကိုယ်တိုင်တောင်းဆို လှုပ်ရှားရမှာဖြစ်တယ်လို့ ဒီနေ့ ရန်ကုန်မြို့ လမ်းပေါ်တွေမှာ ပြန်ထွက်လာပြီး ချီတက်ဆန္ဒပြခဲ့ကြသူတွေကလည်း ပြောခဲ့ကြပါတယ်။

အာဆီယံခေါင်းဆောင်များအစည်းအဝေးကနေ ရရှိခဲ့တဲ့ ဘုံသဘောထား ၅ ချက်ဆိုတာကတော့ အကြမ်းဖက်မှုတွေကိုချက်ခြင်းရပ်ပြီး ဘက်အားလုံးအနေနဲ့ အတတ်နိုင်ဆုံးထိမ်းထိမ်းသိမ်းဆောင်ရွက်ကြဖို့၊ ငြိမ်းချမ်းစွာအဖြေထုတ်နိုင်ရေး အပြုသဘောဆောင်တဲ့ဆွေးနွေးပွဲတွေလုပ်ကြဖို့၊ ဒီလိုဆွေးနွေးပွဲတွေဖြစ်လာရေးအတွက် အာဆီယံဥက္ကဌရဲ့အထူးကိုယ်စားလှယ်ထားရှိဖို့၊ အာဆီယံရဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံစေလွှတ်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနိုင်ဖို့ဆိုတာတွေဖြစ်ပါတယ်။

အစည်းအဝေးတက်ရောက်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကတော့ အာဆီယံအသင်းကြီးရဲ့ အခန်းကဏ္ဍနဲ့ အာဆီယံအထူးကိုယ်စားလှယ်ထားရှိရေးကိစ္စတွေအပေါ် ငြင်းပယ်တာမျိုး မရှိခဲ့ဘူးလို့ စင်ကာပူဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

...........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}















XS
SM
MD
LG