သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အထက်လွှတ်တော်အဆိုပြုချက်မူကြမ်းအပေါ် မြန်မာသံအမတ်ကြီးတုန့်ပြန်


အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း
အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း

ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဒါမှမဟုတ် လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု မြောက် မမြောက်ဆိုတာ ဆုံးဖြတ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ဖိအားပေး တိုက်တွန်းထားတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရီပါပလင်ကန်နဲ့ ဒီမိုကရက် ပါတီနှစ်ခုပူးပေါင်းပြီး အမေရိကန်အထက်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ဒါအပြင် ဒီဆုံးဖြတ်ချက်မူကြမ်းမှာ အဓိကအချက်အဖြစ်ပါဝင်နေတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး အမြန်ဆုံးလွှတ်ပေးရေးလည်း ပါဝင်ပါတယ်။ အမေရိကန်အထက်လွှတ်တော်က မြန်မာ့အရေး ဆုံးဖြတ်ချက် မူကြမ်းနဲ့ ပတ်သက်လို့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သတင်းထောက်နှစ်ဦးလွှတ်ပေးရေး ကိစ္စကို သံအမတ်ကြီးက အခုလို စပြောပါတယ်။

မြန်မာသံအမတ်ကြီး ဦးအောင်လင်း။ ။ သတင်းထောက် ၂ ဦး ကိစ္စကတော့ ကျနော်တို့ရဲ့ တရားရေးမဏ္ဍိုင်ကနေ ဆောင်ရွက်တဲ့ကိစ္စဖြစ်ပါတယ်။ သတင်းထောက် ၂ ဦး အနေနဲ့ သူတို့ အယူခံတွေကို တင်သွင်းခွင့်တွေကိုလည်း ပေးထားပြီးဖြစ်ပါတယ်။ သူတို့လုပ်စရာရှိတာကို ဆက်လက်ပြီးတော့ လုပ်ပါမယ်ဆိုတာကို ကျနော်ယူဆပါတယ်။

မအင်ကြင်းနိုင်။ ။ ဆိုတော့ အခု အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက တင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ သူတို့က ရခိုင်မှာဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့တို့ နောက် ဒီ Genocide လို့ခေါ်တဲ့ လူမျိုးတုန်း အဆင့်အဖြစ်သတ်မှတ်ဖို့ အမေရိကန်အစိုးရကိုလည်း ဖိအားပေးနေတဲ့အပိုင်းပေါ့လေ။ အဲဒီအပေါ်မှာ မြန်မာအစိုးရဘက်က ဘယ်လိုသဘောထားရှိပါသလဲ။

မြန်မာသံအမတ်ကြီး ဦးအောင်လင်း။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အစိုးရ ရပ်တည်ခဲ့တာ အင်မတန်လည်းရှင်းပါတယ်။ အရင်တုန်းက ပြောထားပြီးသားဖြစ်ပါတယ်။ တာဝန်ရှိတဲ့လူတွေကို ကျနော်တို့ အစိုးရက လူ့အခွင့်အရေးချိုးဖောက်သူတွေကို လုံး၀ ကျနော်တို့အနေနဲ့ လက်မခံပါဘူး။ ချိုးဖောက်သူတွေကိုလည်း အပြစ်ပေးဖို့ အဆင်သင့်ရှိတယ်။ အပြစ်ပေးနိုင်ဖို့အတွက် ကျနော်တို့အနေနဲ့ ယန္တယားတွေရှိပါတယ်။ ဥပဒေအကြောင်းအရလည်း အရေးယူဖို့ ရှိပါတယ်။ အပြစ်ရှိပါတယ်ဆိုတဲ့ လူတွေကို တိုင်ကြားဖို့ဆိုတဲ့ ကိစ္စကိုလည်း ဒီစုံစမ်းရေးကော်မရှင်ကနေပြီးတော့ ဖိတ်ခေါ်ထားပါတယ်။ ဖိတ်ခေါ်ထားတဲ့အတိုင်း ဒီလကုန်အထိကို အရင်တုန်းကဆိုရင် သူတို့ တိုင်ကြားနိုင်တဲ့ရက်ကို စောပြီးတော့ ပိတ်မယ်လို့ ပြောထားပေမယ့် သူတို့ တိုင်ကြားနိုင်မယ့်နေ့ရက်တွေကိုလည်း ဆက်ပြီးတော့ ရက်တိုးမြင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒ့ါအပြင်ကို တိုင်ကြားမှုမှာဆိုရင်လည်း ဘာသာပေါင်းစုံနဲ့ တိုင်ကြားနိုင်တယ်ဆိုတာကိုလည်း ပြောထားပါတယ်။

မအင်ကြင်းနိုင်။ ။ မြန်မာနဲ့ အမေရိကန်ဆက်ဆံရေးမှာ လက်ရှိ ၂ နိုင်ငံဆက်ဆံရေးကတော့ သံတမန် ဆက်ဆံရေးအရရော ပုံမှန်အနေအထားရှိတယ်ဆိုပေမယ့် အခုလို အမေရိကန်လွှတ်တော်ဘက်ကနေပြီးတော့ မြန်မာ့အရေးဖိအားပေးလာတဲ့အပေါ်မှာ မြန်မာဘက်ကနေပြီးတော့ အမေရိကန်နဲ့ ဆက်ဆံရေးမှာ ပိုပြီးဝေးသွားစေမလား၊ စိုးရိမ်မှုအနေအထားတွေမှာရော ဘယ်လောက်အထိ ရှိနေသလဲရှင့်။

မြန်မာသံအမတ်ကြီး ဦးအောင်လင်း။ ။ ကျနော်တို့ဘက်ကတော့ ရပ်တည်ချက်ကတော့ မပြောင်းလဲပါဘူး။ ခင်မင်ရင်းနှီးမှုတွေဟာဆိုရင် အမြဲတမ်းပဲ ကျနော်တို့အနေနဲ့ ကမ်းလှမ်းနေပါတယ်။ အမေရိကန်နဲ့လည်း ဆက်ဆံရေးကောင်းမွန်ဖို့အတွက်လည်း အမြဲကြိုးပမ်းနေပါတယ်။ ဒါကတော့ သူတို့ဘက်ကလည်း ကိုယ်ကတော့ ဆက်ဆံရေးကောင်းမွန်ချင်ပေမယ့် သူတို့ဘက်က ဆုံးဖြတ်တဲ့ကိစ္စကတော့ သူတို့ ကိစ္စသာဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ ရပ်တည်ချက်ကတော့ မပြောင်းလဲပါဘူး။ ခင်မင်ရင်းနှီးမှုတွေဆိုရင်လည်း အရင်အတိုင်းပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG