သုံးရလွယ်ကူစေသည့် Link များ

ရှမ်းပြည်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုနဲ့ ပတ်သက်မှု မရှိကြောင်း တပ်မတော်ငြင်းဆို


ကျောက်မဲမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားရာမြေပုံ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင်တပ် ရှမ်းမြောက်နဲ့ အစိုးရတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား အရပ်သားတွေ သေဆုံးမှုဖြစ်ရတာ အစိုးရတပ်ကြောင့် ဆိုတဲ့ စွပ်စွဲချက်တွေကို ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ငြင်းချက်ထုတ်ပါတယ်။ စစ်ရေးပဋိပက္ခတွေကြား အရပ်သားသေဆုံးမှုတွေဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ တိတိကျကျ သိနိုင်ဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့လည်း တိုက်တွန်းမှုတွေရှိပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

တကျော့ပြန်ပြန်လည်ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)လို့ ခေါ်တဲ့ SSA ရှမ်းမြောက်ပိုင်းတပ် နဲ့ မြန်မာစစ်တပ်တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ဘက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေ အတွင်း ကျေးရွာ တချို့ မီးလောင် ပျက်စီးခဲ့ရသလို အရပ်သားတချို့ မီးလောင်ကျွမ်းသေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေမှာ အစိုးရစစ်တပ်ကြောင့်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့ပါတယ်။

အစိုးရတပ်ရဲ့လက်ချက်ဖြစ်တယ်ဆိုတဲ့ ဒီလို စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းက ငြင်းချက်ထုတ်ပါတယ်။

“ဗိုလ်ချုပ်အောင်ရဲဝင်း။ ။ ကျနော်တို့ သတင်းထုတ်ပြန်တာကတော့ လိုအပ်ရင်တော့ သတင်းထုတ်ပြန်ပေးပါတယ်။ ဒါပေမယ့် အဲဒီသတင်းက ကျနော်တို့ဆီမှာ တက်လာတာလည်းမရှိဘူး။ နောက်ပြီးတော့ ကျနော်တို့. ကျနော်ပြောနိုင်တာတခုကတော့ တပ်မတော်က အရပ်သားတွေကို သတ်တာတို့ ၊မီးရှို့တာ ထုံးစံမရှိပါဘူး။ အဲဒါတော့ ကျနော်တို့ အခိုင်အမာပြောနိုင်ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာစစ်တပ်လို့ စွပ်စွဲမှုအပေါ်မှာတော့ ဒီဗိုလ်ချုပ်တို့ ဘက်က ဘယ်လိုများ တုန့်ပြန်ချင်ပါသလဲရှင့်။

ဗိုလ်ချုပ်အောင်ရဲဝင်း။ ။ ကျနော် လည်း ဒါက ကျနော်လည်း တပ်မတော်သား တစ် ယောက်ပေါ့နော်။ကျနော်တို့တပ်မတော်အနေနဲ့ ဒီအရပ်သားတွေကို အကြောင်းမဲ့ သတ်တယ်ဆိုတာက သတ်သတ်မဲ့ ကျနော်တို့ တပ်မတော်ကို စွပ်စွဲပုတ်ခတ်နေ တာပါ။ ကျနော်တို့ သတ်စရာအကြောင်းလည်းမရှိဘူး။ ကျနော်တို့ တပ်မတော်ရဲ့ အကျင့်စရိုက် အစဉ်အလာမှာလည်းတခါမှမရှိပါဘူး။ ဖြစ်တဲ့သတင်းနဲ့ပတ်သက်ပြီး ကျနော်တို့လည်း ဘာမှ မရပါဘူးနော်။”

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ တိုက်ပွဲဖြစ်ပွားရာနေရာအထိ SNLD ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရှမ်းပြည်နယ် လွှတ်တော်အမတ်တွေ သွားရောက်ခဲ့စဉ်တုန်းက ဒီအရပ်သားသေဆုံးမှုတွေဟာ အစိုးရစစ်တပ်က လုပ်ဆောင်ခဲ့တာလို့ ဒေသခံပြည်သူတွေက သူတို့ကို ပြောခဲ့ကြပါတယ်။ အခုလိုစစ်တပ်ဘက်က ငြင်းချက်ထုတ်တဲ့အပေါ် တိုက်ပွဲတွေအတွင်း ဘယ်သူ့လက်ချက်ပဲဖြစ်ဖြစ် အရပ်သား ထိခိုက်မှု လုံးဝ မရှိစေချင်ဘူးလို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရ ဦးစိုင်းညွှန့်လွင်က အခုလိုပြောပါတယ်။

“ဒါကလည်း သတ်သေပြဖို့ ခက်တာပဲ။ စဉ်းစားကြည့်ပေါ့နော် ဒါကလည်း ငြင်းတဲ့လူလည်း ငြင်းမှာပဲ။ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြည့်ရင်တော့ ဒါက သိမှာပါ။ ကျနော်တို့ဆန္ဒကတော့ ဘယ်ဘက်ကပဲ ဖြစ်ဖြစ် အခုဖြစ်နေတဲ့ ပဋိပက္ခတွေမှာ ဒီအရပ်သားတွေကိုတော့ မထိမခိုက်တာတွေ အကောင်းဆုံးပဲလို့ ကျနော်က ထင်ပါတယ်။”

အခုလို တိုက်ပွဲတွေပြင်းထန်ပြီး စစ်ရေးပဋိပက္ခတွေ တင်းမာနေတဲ့ ရှမ်းပြည်နယ်တွင်း အရပ်သားသေဆုံးမှုတွေ ထိခိုက်မှုတွေဖြစ်ရတဲ့အပေါ် ဒီဖြစ်ရပ်တွေဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်လို့လည်း အကြံပြုမှုတွေရှိပါတယ်။

ရှမ်းပြည်နယ် သီပေါမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့ အရပ်သား ထိခိုက်သေဆုံးမှုတွေ မဖြစ်စေချင်သလို ပဋိပက္ခတွေကို စစ်ရေးနဲ့ မဖြေရှင်းပဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ ရှမ်းလူထုက လိုလားတယ်လို့ပြောပါတယ်။

“သက်သေအထောက်အထား မရှိတဲ့ကိစ္စတွေကတော့ ဘယ်သူလုပ်တယ် ဆိုတာကတော့ နည်းနည်းပြောဖို့တော့ ခက်တာပေါ့လေ။ သူက တိုက်ပွဲတွေဖြစ်တဲ့ အချိန်မှာလည်း အိမ်တွေ ဘာတွေက မီးလောင်တတ်တယ်။ ပစ်လိုက် ခတ်လိုက်တဲ့ ကျည်တွေကျပြီးတော့ပေါ့နော် အဲဒီတော့ စောစောကတည်းက ဒဏ်ရာရပြီးတော့ သေနေတဲ့ လူက မီးလောင်တဲ့အထဲ ပါသွားတာလား။ ဒါမှမဟုတ် နောက်ပိုင်းမှာ ကျန်နေတဲ့ ရုပ်အလောင်းကို မသယ်နိုင်လို့ မီးရှို့တာလား အဲဒီလိုအချက်အလက်တွေ အများကြီး ကျနော်တို့ လေ့လာရမှာပေါ့။

ဒါကြောင့်ကျနော့်အမြင်ပြောရမယ်ဆိုရင်တော့ဘာပဲဖြစ်ဖြစ် ကိစ္စတွေက အခုကတော့ အပြန်အလှန်စွတ်စွဲနေတာပေါ့နော်။ တပ်မတော်ဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက သတ်မှတ်ထားတဲ့နယ်မြေကျော်ပြီးတော့ လာတယ်ပေါ့နော်။ တပ်မတော်ဘက်က အဲလိုပြောသလို တိုင်းရင်းသားအဖွဲ့အစည်းကလည်း သူတို့ ဟိုဘက်က စပစ်တယ် စသဖြင့် ပေါ့ဗျာ အဲလိုတွေဆိုတော့။ ကျနော်တို့အမြင်ကတော့ ဘာပဲဖြစ်ဖြစ် ဆွေးနွေးညှိနှိုင်းတာ ကောင်းမယ်ထင်တယ်လေ။”

ရှမ်းပြည်နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်ကြား ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား ထောင်ချီတဲ့ ဒေသခံပြည်သူတွေဟာ စစ်ဘေးဒဏ်လွတ်ရာကို အိုးအိမ်စွန့်ခွာထွက်ပြေးကြရသလို ဒေသတွင်းမတည်ငြိမ်တဲ့ အတွက် အသက်အန္တရာယ်စိုးရိမ်မှုတွေနဲ့ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု ပေါ်တာဆွဲတာအပါအဝင် မသင်္ကာမှုတွေနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ မကြာခဏ ခံရပြီး ဒေသခံတွေရဲ့ နေ့စဉ် လူနေမှုဘဝ အတော်လေး အခက်အခဲရင်ဆိုင် ဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။

XS
SM
MD
LG