သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU သထုံခရိုင်တွင်း ကျေးရွာတချို့ လက်နက်ကြီး ပစ်ခတ်ခံရ


ကရင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ မြန်မာတပ်မတော်သား အချို့။ (စက်တင်ဘာ ၂၁၊ ၂၀၁၆)
ကရင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ မြန်မာတပ်မတော်သား အချို့။ (စက်တင်ဘာ ၂၁၊ ၂၀၁၆)

(Zawgyi / Unicode)

မြန်မာစစ်အုပ်ချုပ်ရေးကောင်စီက ဧပြီလတလလုံး အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားပေမယ့် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ထားတဲ့ သထုံခရိုင် သထုံမြို့နယ်အတွင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေကြောင်း KNU ဘက်က ပြောဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်တဲ့ သထုံခရိုင် ထိန်းချုပ်နယ်မြေအတွင်းကို မြန်မာစစ်အုပ်ချုပ်ရေးကောင်စီရဲ့ လက်အောက်ခံ တပ်တွေဖြစ်တဲ့ စကခ-၈ ရှေ့တန်းတပ်မဌာနချုပ်ကနေ ဒေသခံ လူထုတွေ နေထိုင်တဲ့ နေရာတွေကို ဧပြီလ ၂ ရက်နေ့က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံရွာသားတွေ ထိခိုက်ဒဏ်ရာရရှိပြီး ကျေးလက်ဆေးပေးခန်းနဲ့ အဆောက်အဦးတွေ ပျက်စီးသွားတယ်လို့ KNU တပ်မဟာ ၅ က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောကလယ်ဒိုက ပြောပါတယ်။

“ပိန်းနှဲတောမှာ တခါဖြစ်တယ်၊ သလာအော်ခို အဲဒီနေရာမှ တေနေရာဖြစ်တယ်၊ သူတို့က အပစ်အခတ် ရပ်စဲထားတယ်လို့သာ ပြောတာပဲ၊ မြေပြင်မှာကျတော့ တိုက်ပွဲတွေက ဖြစ်နေတာပဲ။ ပြောမယ်ဆိုရင် သူတို့တပ်ရဲ့ လှုပ်ရှားမှုအပေါ် မူတည်ပြီး ဖြစ်လာတာပဲ။ သူတို့တပ်က အပစ်အခတ် ရပ်စဲတယ်ဆိုပြီး အေးဆေးနေရင်တော့ ဖြစ်မှာမဟုတ်ဘူး။ အခုက အပစ်ရပ်တယ်ပြောပြီး တပ်က လှုပ်ရှားနေမယ်ဆိုရင် ထိတွေ့မှုတွေက ဖြစ်လာနိုင်မယ့် အခြေအနေပဲ ရှိတယ်။”

သထုံမြို့နယ် မတ်ချကျေးရွာအုပ်စု ဖာပိန်ကျေးရွာက အသက် ၂၈ နှစ်အရွယ် ရွာသားတဦး လက်နက်ကြီး ထိမှန်ခဲ့သလို ကျောက်တောင်ကျေးနယ်အုပ်စု၊ ကျောက်တောင်ရွာလေးရွာမှာရှိတဲ့ ဆောက်လုပ်နေဆဲ လူနေအိမ်တချို့နဲ့ KNU က ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ ဆေးခန်းလည်း ပျက်စီးသွားတယ်လို့ KNU ဘက်က ပြောပါတယ်။ သထုံခရိုင်ထဲက အီးဟယ်ကျေးနယ်အုပ်စု၊ အီဟယ်ရွာလေးနဲ့ ရွာကြီးအကြားကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ KNU တပ်မဟာ ၅ နယ်မြေထဲကိုတော့ လေယာဉ်တွေ အကြာကြီးပျံသန်းပြီး ပစ်မှတ်ရှာဖွေတာမျိုး လုပ်နေတာကြောင့် ဒါဟာ ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့လည်း ဗိုလ်မှူးစောကလယ်ဒိုက ဆက်ပြောပြပါတယ်။

“မနေ့ကကော ဟိုတနေ့ကလည်း လေယာဉ်နဲ့ အကြာကြီးလာဝဲပြီး ပြန်သွားတယ်။ ပစ်တာတော့မရှိဘူး။ လာတယ်ဆိုတော့ သူတို့ ခြိမ်းခြောက်တဲ့သဘောပဲ။ လေယာဉ်တွေ အကြာကြီးလာဝဲပြီး ပစ်မှတ်တွေရှာတယ်၊ လူထုကို ခြိမ်းခြောက်တယ်။ ဒီတော့ သူတို့ရဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာ စာရွက်ပေါ်မှာပဲ ရှိတယ်လို့ ကျနော်ကတော့ ယူဆတယ်။”

KNU ကတော့ သောကြာနေ့က ကြေညာချက်ထုတ်ပြန်ရာမှာ လက်နက်မဲ့ ပြည်သူတွေကို အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ တပ်မတော်ကို ဖျက်အားပြင်းလက်နက်တွေ၊ လက်နက်ကြီး လက်နက်ငယ်တွေ၊ လူသတ်နည်းပညာတွေ၊ ဂျက်တိုက်လေယာဉ်တွေ ရောင်းချပေးနေတာတွေကို ပိတ်ဆို့ပေးဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)









XS
SM
MD
LG