မြန်မာနိုင်ငံဘဏ်လုပ်ငန်းတွေက ငွေထုတ်စက်တွေမှာ မကြာသေးခင်ကစလို့ ငွေသားထုတ်ယူရတာ အခက်အခဲတွေ ကြုံနေရတယ်လို့ ကိုယ်တိုင်သုံးစွဲသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အီလက် ထရောနစ် ငွေပေးချေစနစ် (MMQR)ကို တပြေးညီစနစ်အဖြစ် ဗဟိုဘဏ်က မကြာသေးခင်က မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း ကြုံနေရတဲ့ အခက်အခဲကြောင့် လုပ်ငန်းတွေမှာ ရိုက်ခတ်လာမှာကိုလည်း စိုးရိမ်နေကြတာပါ။ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းတွေက အခက်အခဲတွေအကြောင်း ရန်ကုန်က သတင်း ပေးပို့ ထားတာကို အခြေခံပြီး တင်ပြပေးထားပါတယ်။
ငွေပေး၊ ငွေချေတာမှာ ကုတ်တခုတည်းကိုပဲ အသုံးပြုပြီး ငွေချေလို့ရမဲ့ MMQR စနစ်ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က အခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီစနစ်ကို အခုရက်ပိုင်းထဲမှာ စပြီး သုံးစွဲနေပြီ ဖြစ်ပါတယ်။ Kpay, AYA pay, CB Pay, Wave Money စတဲ့ ပုံစံအမျိုးမျိုး ငွေပေး ချေမှုတွေ၊ ဒါမှမဟုတ် Mobile Banking အမျိုးမျိုး အသုံးပြုတွေအားလုံး ဒီ MMQR ကုတ်ကိုသုံးပြီး ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက MMQR ကုတ်ကိုပြထားတဲ့ ဘယ်စျေးဆိုင်မှာမဆို ဖုန်းထဲက Kpay, AYA pay, CB pay နဲ့ ငွေချေနိုင်မှာဖြစ်ပါတယ်။
MMQR စနစ်ကို စပြီးသုံးလာတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဘဏ်နဲ့ ငွေထုတ်စက်တွေမှာ ငွေသား ထုတ်မရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ MMQR စနစ်ကြောင့် ငွေသား ထုတ်ပေးတာကို လျှော့ချလိုက်တာလား ဆိုတာကိုတော့ ဗဟိုဘဏ်က တရားဝင် ထုတ်ပြန်ထားတာတော့ မရှိပါဘူး။
ဒါပေမဲ့ ဘဏ်တချို့ရဲ့ ငွေထုတ်စက်တွေမှာ ငွေသားထုတ်မရတာ တပတ်နီးပါး ရှိသွားပြီလို့ ဘဏ် အသုံးပြုသူတွေက ပြောနေကြတာပါ။ ရန်ကုန်က ခရီးသည်ပို့ဆောင်ရေး လုပ်ကိုင်နေသူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။
"တချို့စက်တွေက ငွေမရှိဘူး။ မနေ့ကဆို ပိုဆိုးတယ်။ မနေ့က တော်တော်များများ လိုက်ရှာရတယ်။ မတွေ့ဘူး။ ခရီးသွားတဲ့သူတွေ၊ မန္တလေးသွားတဲ့သူတွေ ၊ နှစ်ညအိပ်သွားမဲ့သူတွေ ပိုက်ဆံက Kpayတို့၊ ဘဏ်ကတ်တို့ပဲ ပါတာလေ။ အဲဒါလိုက်ထုတ်တော့ လမ်းမှာ တချို့စက်တွေက လက်မခံဘူး။ စက်တွေက ငွေကုန်သွားပြီပဲ ပြောနေတာ။ အရင်တုန်းက (၁၀) သိန်းအထိ ထုတ်လို့ရတယ်။ Kpay မဟုတ်ဘူးဆို ကျန်တဲ့နေရာက သိပ်မလွယ်တော့ဘူး။ ကျနော်တို့ ခရီးသည်တွေဆီမှာ အဲဒီပြဿနာတွေ ရှိတယ်။ CB ဘဏ်လည်း တူတူပဲ၊ အကုန်လုံး ဒီအတိုင်းပဲ။ ဘဏ်တော်တော်များများ ATM စက်တွေ ဒီအတိုင်းပဲ။ လူကိုယ်တိုင် (ဘဏ်မှာ) သွားထုတ်ရင် တန်းစီနေရတာ၊ ဘွတ်ကင်တင်ဦး၊ ဘယ်နှစ်ရက်နေ့မှ လာဦး၊ တန်းမရဘူး။"
မန္တလေးမှာလည်း အလားတူ အခြေအနေကြုံနေရကြောင်း ဒေသခံတချို့က ပြောပါတယ်။ ငွေသားရဖို့ အတွက် ရပ်ကွက်ထဲက စျေးဆိုင်တွေမှာ Kpay နဲ့သွားထုတ်မယ်ဆိုရင် ကျပ် တသိန်းကို ဝန်ဆောင်ခ ၂,၀၀၀ ကျော်လောက် ပေးရကြောင်း တချို့ကလည်း ပြောပါတယ်။
ဘဏ်တွေမှာ ငွေသားထုတ်မရတဲ့ ပြဿနာက စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဘဏ်တွေကို မယုံဘဲ ငွေသားကို ပြည်သူတွေကြားထဲမှာပဲ လှည့်ပတ်သုံးနေကြတာပါ။ ဒါပေမဲ့ လိုအပ်ရင် ဘဏ်တွေမှာ ငွေထုတ်၊ ငွေသွင်းကိစ္စတွေက ရှိနေ သေးတဲ့အတွက် ငွေသားထုတ်ပေးတာကို လုံလောက်အောင် မဖန်တီးပေးဘူးဆိုရင် စီးပွားရေး လည်း လည်ပတ်နိုင်မှာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တဦးက ပြောပါတယ်။ မြန်မာနိုင်ငံက ပုံမှန် လည်ပတ်နေတဲ့ ငွေကြေးစနစ် ရှိနေတယ်ဆိုရင်တော့ ဒီလို ငွေသားမဲ့ ပေးချေစနစ်မျိုးကို လုပ်တာဟာ ပြဿနာမရှိကြောင်း သူက VOA ကို အခုလို ပြောပါတယ်။
"မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ ထားပါတော့၊ ဖွံ့ဖြိုးဆဲဆိုတာမှာ ပုံမှန် တိုင်းပြည်စီးပွားရေး ငွေလှည့်ပတ် သုံးစွဲပုံက ပုံမှန်အခြေအနေဆိုရင် ဟုတ်တယ်၊ ဒါပေမဲ့ အခုက အများကြီး ဒုက္ခရောက်တယ်။ ဘဏ် တွေနဲ့လည်း ပြဿနာတွေအများကြီး တက်ခဲ့တယ်။ အဲဒီတော့ လူထုက အယုံအကြည်နည်းတယ်။ တခါ ကုန်နဲ့ ငွေနဲ့ ဝန်ဆောင်မှုနဲ့ လည်ပတ်ရတဲ့နေရာ ပုံမှန်အခြေအန မဟုတ်ဘူးလေ၊ အခက်အခဲတွေ အများကြီးနဲ့ လည်ပတ်နေရတာကိုး။ ပြီးတော့ ဘဏ်တွေပိတ်ထားရတဲ့ (ပဋိပက္ခ) နယ်မြေတွေရှိ တယ်လေ။ အဲဒီနေရာတွေမှာ ငွေသားနဲ့ပဲ ပေးရ၊ ချေရ လုပ်ရမှာလေ။ ဒီဟာက တိုင်းပြည်ရဲ့ ငွေလှည့်ပတ်တာကို သွားပြီးထိခိုက်ရင် တိုင်းပြည်စီးပွားရေးလည်း ထိခိုက်သွားမယ်။ ဥပမာ အင်ဂျင်က ပုံမှန်မလည်ဘူး၊ မလည်တဲ့ အခြေအနေမှာ အဲဒါကို လောင်စာဆီ ထပ်ပေးလိုက်တယ်ထား၊ အဲဒီလောင်စာဆီက မလောင်ကျွမ်းနိုင်တော့ဘဲနဲ့ မီးခိုးတွေ ထွက်လာတာတို့၊ ပလပ်တွေ ဆီရီုက်သွား တာတို့ အဲဒီသဘောတရားမျိုး ဖြစ်သွားမယ်။"
MMQR ငွေပေးချေစနစ်အတွက် ဗဟိုဘဏ်က ပုဂ္ဂလိကကုမ္ပဏီသုံးခုနဲ့ အကျိုးတူ ပူးပေါင်းထားပါ တယ်။ ပထမတခုကတော့ အွန်လိုင်း ငွေလိမ်မှုမျိုးတွေကို ကိုင်တွယ်ဖြေရှင်းပေးတဲ့ BPC ကုမ္ပဏီပါ။ သူက ATM စက်တွေ၊ အီလက်ထရောနစ် ကုန်သွယ်မှုတွေ၊ ငွေကြေး လွှဲပြောင်းမှုတွေအတွက် နည်းပညာထောက်ပံ့ပေးတဲ့ ဆွစ်ဇာလန်အခြေစိုက် ကုမ္ပဏီပါ။
နောက်တခုကတော့ PayPlus ဆိုတဲ့ ပြည်တွင်းကုမ္ပဏီပါ။ သူက ဗဟိုဘဏ်အပြင် Mastercard တို့၊ BPC တို့နဲ့လည်း အကျိုးတူ ပူးပေါင်းတယ်ဆိုပြီး ကုမ္ပဏီရဲ့ လုပ်ငန်းတွေအကြောင်း ရေးထားတဲ့အထဲမှာ ပါပါတယ်။ လူလူချင်း ငွေပေးချေတာ၊ လူနဲ့အစိုးရဌာနဆိုင်ရာ ပေးချေတာ၊ ဒီလိုကိစ္စတွေကို မှတ်ပုံတင် ထားတဲ့ ဖုန်းဆင်းကတ်က အချက်အလက်တွေကို သုံးပြီး ငွေလွှဲပြောင်းတဲ့စနစ်ကို ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
နောက်ဆုံး ကုမ္ပဏီကတော့ ပြည်တွင်းမှာ မှတ်ပုံတင်ထားတဲ့ Andaman Capital Partners ဆိုတဲ့ ကုမ္ပဏီပါ၊ သူကတော့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုတွေနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုပေးတာ၊ ရင်းနှီးမြှုပ်နှံမှုအတွက် အကြံဉာဏ်ပေးတာတွေကို အဓိက လုပ်တာ ဖြစ်ပါတယ်။
Forum