သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ကြား ခိုလှုံသူတွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ကြား ခိုလှုံသူတွေ (MOI)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ကြား ခိုလှုံသူတွေ (MOI)

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် နယ်နမိတ်မျဉ်း ကြား မှာ ခိုလှုံနေထိုင်နေတဲ့ ဒုက္ခသည်တွေကို မြန်မာအစိုးရဘက်က ထွက်သွားဖို့ ဖိအားပေးလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ဒုက္ခသည်စခန်းတွေဘက်က ထွက်ပြေးလာကြတယ်လို့ ကုတုပလောင်နဲ့ ဘာလုခါလီစခန်းက ဒုက္ခသည်တွေကပြောပါတယ်။ မြန်မာအစိုးရဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေ ပြန်လာရင် ကြိုဆိုလက်ခံနေရာချထားပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ဆိုပေမဲ့ လတ်တလော ဖမ်းဆီးမှုတွေရှိနေတဲ့အပေါ် စိုးရိမ်စိတ်တွေရှိနေလို့ နေရပ်ရင်းပြန်ဖို့ကလည်း မဖြစ်နိုင်သေးဘူးလို့ ဒုက္ခသည်တွေကဆိုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းက မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မှာ မြန်မာဘက်က လုံခြုံရေးတပ်အင်အားတွေ တိုးချလာတဲ့အနေအထားအပေါ် တပ်တွေပြန်ရုပ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က တောင်းဆိုနေချိန်ဖြစ်ပါတယ်။ အခုလိုနယ်မြေမတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာပဲ နှစ်နိုင်ငံနယ်စပ် နယ်နမိတ်မျဉ်း ကြားထဲမှာ ခိုလှုံနေထိုင်နေတဲ့ ဒုက္ခသည်တွေ ထွက်သွားဖို့ မြန်မာဘက်ခြမ်းက ဖိအားပေး နှင်ထုတ်နေတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။

နယ်စပ်မှာ တပ်အင်အားတွေ တိုးချလာတဲ့အပြင် အခုလိုဖိအားပေးနှင်ထုတ်လာနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ဒုက္ခသည်စခန်းတွေဆီကို မူဆလင်ဒုက္ခသည် တော်တော်များများ ထွက်ပြေးခိုလှုံလာနေကြတယ်လို့ ကုတုပလောင်ဒုက္ခသည်စခန်းနေ ဦးမောင်မောင်က အခြေအနေကို ပြောပြပါတယ်။

" မနေ့က ညနေခြောက်နာရီခွဲလောက်မှာ Zero Line ပေါ့ အဲ့ဒီ့နေရာကို မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တို့ သူတို့လာပြီးတော့ ခြိမ်းခြောက်နေတယ်တဲ့ အဲ့ဒီ့နောက်ပိုင်းမှာ အဲ့ဒီ့စခန်းမှာ ရှိတဲ့သူတွေက အော်ဟစ်ကြပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားကြတယ်လို့သိရတယ် လောလောဆယ် Zero Line မှာရှိတဲ့ လူတွေက ဒီဘက်က ကုတုပလောင်ဒုက္ခသည်စခန်းတို့ ဘာလုခါလီဒုက္ခသည်စခန်းတွေနဲ့ အခြားစခန်းတွေဘက်ကို လာခိုလှုံကြတယ်သိရတယ်။ အခုထက်ထိ အဲ့ဒီ့နေရာမှာ တချို့လူတွေ ကျန်ခဲ့တယ်လို့ သိရတယ်။ အဲ့ဒီ့နေရာမှာ အခုထက်ထိ မြန်မာစစ်တပ်ဘက်က အင်အားတွေ တိုးချထားတယ်လို့သိရတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နယ်ခြားစောင့်တပ်တွေ ချထားတယ်။"

နှစ်နိုင်ငံ နယ်နမိတ်မျဉ်းကြားထဲ အခုလက်ရှိအခြေအနေကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်တပ်တွေက အင်အားတိုးချထားပြီး စိုးရိမ်စရာကောင်းတဲ့အခြေအနေတွေဖြစ်နေတယ်လို့ ကြားသိရပြီး နီးစပ်ရာစခန်းတွေဖြစ်တဲ့ ကုတုပလောင်နဲ့ ဘာလုခါလီ ဒုက္ခသည်စခန်းတွေဘက်ကို အချို့တိမ်းရှောင်လာတာရှိသလို မိသားစုတချို့လည်း အဲ့ဒီ့နယ်နမိတ်ကြားထဲ ပိတ်မိနေတာလည်း ရှိသေးတယ်လို့ ဘာလုခါလီဒုက္ခသည်စခန်းနေ ဦးအီစလန်ကလည်းပြောပါတယ်။

"ဒုက္ခသည်တွေက စိုးရိမ်ပြီးတော့ အော်ကြတယ်။ နောက် အခုအ ချိန်ထိက နယ်စပ်အခြေအနေက တင်းမာနေတုန်းပဲ။ ဒီဘက်က ဘင်္ဂလားဒေ့ရှ်ဘက်က စစ်တပ်တို့ ရဲတို့ နယ်ခြားစောင့်တပ်တို့ သွားတာ ကျနော်တို့ တွေ့လိုက်တယ်။ မြန်မာဘက်ကလည်း နယ်စပ်အနီးမှာ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့တို့ အင်အားများစွာ ရောက်နေကြတယ်လို့ ကျနော်တို့သိရပါတယ်ခင်ဗျ။ နောက်ပြီးတော့ ဒုက္ခသည်တွေကလည်း နေစရာမရှိတော့ အဲ့ဒီ့နေရာမှာပဲ ဆက်လက်နေထိုင်ခဲ့တယ်။ မနေ့က ညနေက မြန်မာဘက်က ရောက်လာပြီးတော့ အသံချဲ့စက်နဲ့အော်ပြောတယ်။ ပြီးတော့ ဒုက္ခသည်အချို့ကို လောက်လေးခွနဲ့ပစ်တယ် ထွက်သွားကြဆိုပြီးတော့ နောက်ပြီးတော့ မြန်မာနိုင်ငံဘက်ခြမ်းကို ဝင်ချင်ရင်ဝင် ဒါမှမဟုတ်ရင် ဟိုဘက်ကို သွားချင်သွားကြ အဲ့ဒီ့နေရာမှာတော့ မနေကြနဲ့လို့ အော်ပြောတယ်။ ဒီနေ့ညနေအချိန်အထိကတော့ ဟိုဘက်မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တော်တော်များများ တွေ့ရတယ်။ ဒီဘက်ကလည်း လုံခြုံရေးအဖွဲ့အစည်းတွေ တော်တော်များများ သွားနေကြတာ ကျနော်တို့တွေ့နေရတယ်။"

သိန်းနဲ့ချီ ခိုလှုံနေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက ဒုက္ခသည်စခန်းတွေဆီကို အခုလိုထပ်ပြီး တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ ရောက်လာလို့ စခန်းတွေထဲ အခက်အခဲဖြစ်ကြရပေမဲ့လို့ နေရပ်ရင်းကိုပြန်ဖို့ကတော့ အခြေအနေမပေးသေးဘူးလို့လည်း ဦးအီစလံကပြောပါတယ်။ အထူးသဖြင့်ကတော့ ဒီရက်ပိုင်းတွေမှာ ARSA အကြမ်းဖက်အဖွဲ့နဲ့ ပက်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးမှုတွေရှိနေတဲ့အတွက် နေရပ်ရင်းပြန်ဖို့က လုံခြုံရေးကလည်း စိုးရိမ်ရတဲ့အနေအထားဖြစ်တယ်လို့သူကပြောပါတယ်။

" ကျနော်တို့ မောင်တောခရိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမတ်ဟောင်း ဦးအောင်ဇော်ဝင်း ခေါ် ကိရ်အာမက် ကို ပြီးခဲ့တဲ့လ ၂၈ရက်နေ့ မနက် ကိုးနာရီခွဲမှာ မင်္ဂလာဒုံလေဆိပ်မှာ သူ့ကို ဖမ်းဆီးလိုက်တယ်။ အဲ့လို အမတ်ဟောင်းတယောက်ကိုတောင် ဖမ်းဆီးအရေးယူဖို့ လုပ်တာဟာ လူမျိုးတုန်းအောင် လုပ်နေတာလို့ ယူဆပါတယ်။ တကယ်လို့ ကျနော်တို့ မြန်မာဘက်ခြမ်းကို ပြန်သွားမယ်ဆိုရင် ကျနော်တို့ရဲ့ အသက်အန္တရာယ်တောင် စိုးရိမ်စရာကောင်းတဲ့အခြေအနေမှာ ရှိနေပါတယ်ခင်ဗျ။"

မြန်မာအစိုးရဘက်ကတော့ ပြန်လာမယ့်သူတွေ ကြိုဆိုလက်ခံနေရာချထားရေး ကြားစခန်းတွေဖွင့်လှစ်ထားပြီး အသင့်ဖြစ်နေပေမဲ့လို့ ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေဘက်ကတော့ နိုင်ငံသားအခွင့်အရေးတန်းတူပေးဖို့အပါအဝင် သူတို့ရဲ့နေရပ်ရင်းတွေမှာ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေနိုင်ရေးစတဲ့ အချက်(၁၂)ချက်ကို မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတဆင့် စာပေးပို့ တောင်းဆိုထားတယ်လို့ လည်း ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။

လတ်တလောအခြေအနေမှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကပေးလိုက်တဲ့ ဒုက္ခသည်စာရင်းတွေမှာလည်း စိစစ်နေရဆဲအနေအထားဖြစ်လို့ ဒုက္ခသည်တွေပြန်လည်လက်ခံရေးအစီအစဉ်ကလည်း နှောင့်နှေးနေဆဲဖြစ်ပြီး အခုလို နယ်စပ်တင်းမာမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ထပ်မံတိမ်းရှောင်လာသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG