သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ ဘာကြောင့် မပြန်နိုင်လဲ


ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ရိုဟင်ဂျာဒုက္ခသည်အရေး ငြိမ်းချမ်းစွာ ရေရှည်ဖြေရှင်းဖို့ မြန်မာနဲ့ရော နိုင်ငံတကာနဲ့ပါ သံတမန် နည်းလမ်းတွေနဲ့ဖြေရှင်းပေးဖို့ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက လွှတ်တော်မှာ ပြောဆိုထားပါတယ်။ မြန်မာအစိုးရဘက်ကတော့ နှစ်နိုင်ငံ သဘောတူညီချက်နဲ့အညီ ပြန်လည်လက်ခံရေးအသင့်ပြင်ဆင်ထားတယ်လို့ဆိုပါတယ် ဒါပေမဲ့လို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေဘက် ကလည်း သူတို့အတွက် ရေရှည်ခိုင်မာတဲ့ ဘဝအာမခံနဲ့ စိတ်ချရတဲ့ လုံခြုံရေး အစီအမံတွေနဲ့ နိုင်ငံသားအခွင့်အရေး တန်းတူညီမျှပေးမှပဲ နေရပ်ရင်းကို ပြန်လာရဲကြမယ်လို့ ဆိုပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ သိန်းချီတဲ့ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့နိုင်ရေး နှစ်နိုင်ငံကြား သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံဘက်ကလည်း ဇန်နဝါရီ ၂၃ရက်ကစလို့ ပြန်လည်လက်ခံဖို့ အသင့်ရှိနေပြီလို့ သတင်းထုတ်ပြန်ထားတာပါ။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာအရေးကို ငြိမ်းချမ်းစွာနဲ့ ရေရှည်ဖြေရှင်းဖို့ မြန်မာနိုင်ငံနဲ့ရော နိုင်ငံတကာနဲ့ပါ သံတမန်နည်းလမ်းတွေနဲ့ ဆက်ပြီး ဆောင်ရွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali ကလွှတ်တော်မှာ တနင်္ဂနွေနေ့က ပြောပါတယ်။ ဒါပေမဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ မူဆလင်ဒုက္ခသည်တွေအများစုဘက်ကတော့ နေရပ်ရင်းကို ပြန်လာဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောကြပါတယ်။

အဓိကကတော့သူတို့ရဲ့ မူရင်းနေရာတွေမှာ နေရာချထားပေးတာမဟုတ်ပဲ ယာယီကြားစခန်းတွေမှာ နေရာချထားပေးမှာနဲ့ သူတို့တောင်းဆိုထားတဲ့ တန်းတူနိုင်ငံသားအခွင့်အရေးပေးဖို့နဲ့ ခိုင်မာတဲ့ ဘဝအာမခံချက် ရနိုင်ဖို့အတွက် အစိုးရက လုပ်ပေးနိုင်ခြေ မျှော်လင့်ချက်မရှိတာကြောင့်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar အနီး Kutupalong ဒုက္ခသည်စခန်းက ဦးမောင်မောင်က ပြောပါတယ်။

" ကျနော်တို့က လောလောဆယ် အခု သူတို့ မြန်မာအစိုးရက ပြောတဲ့အတိုင်း သူတို့ခေါ်တဲ့အတိုင်းဆို ကျနော်တို့က လူတွေက သွားဖို့ လောလောဆယ် ဆန္ဒမရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ကြားစခန်းမှာ နေရမယ်ဆိုပြီး ပြောထားတာရှိတယ်။ အဲ့ဒီ့ကြားစခန်းမှာ ကျနော်တို့ မနေချင်ဘူး ကျနော်တို့ မူလနေရာမှာပဲ လိုချင်တယ် မူလနေရာမှာပဲ နေချင်တယ်။ ဒါပေမဲ့ ကျနော်တို့ ရိုဟင်ဂျာတွေက အဲ့ဒီ့စခန်းမှာ လုံးဝ မနေနိုင်ဘူး ဘာကြောင့်လဲဆိုတော့ ပထမတုန်းက ၁၉၉၃တုန်းကလည်း အဲ့လိုပဲ ကတိပေးပြီးတော့ ဒီကနေလူတွေ ဒုက္ခသည်စခန်းကလူတွေကို ပြန်ခေါ်ထားတာရှိတယ်။

အဲ့ဒီ့ ကတိကိုလည်း သူတို့ မတည်ဘူးလေ။ ကျနော်တို့ ကို မူလနေရာကိုပဲ ပေးရမယ် မူလနိုင်ငံသားအခွင့်အရေး ပေးရမယ့် အဲ့ဒီ့လို ပေးကာမှ ကျနော်တို့ မူလနေရာကို ပြန်သွားမှာပေါ့။ "

ဒါ့အပြင် လတ်တလော ရခိုင်မြောက်ပိုင်းမှာ နေထိုင်တဲ့ မူဆလင်တွေအတွက် လွတ်လပ်စွာ ခရီးသွားလာခွင့် ပိတ်ပင်ခံရတာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုရှိမရှိ စစ်ဆေးမေးမြန်းနေတာအပါအဝင်နေ့စဉ်လူနေမှု ပုံမှန်ဘဝတွေအတွက် စားဝတ်နေရေး လုပ်ကိုင်စားသောက်မှုတွေလည်း အခက်အခဲရှိလာနေတဲ့အပြင် NVC (National Verification Process ) ကဒ်တွေကိုလည်း ဖိအားပေး မှတ်ပုံတင်ခိုင်းနေတဲ့အတွက် အခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို တချို့မူဆလင်တွေ တိမ်းရှောင်လာနေကြတုန်းပဲလို့ ဦးမောင်မောင်က ပြောပြပါတယ်။

"သူတို့ပြောတာက အဲ့ဒီ့မှာ ရှိတဲ့သူတွေကို NVC တို့ ဘာတို့ ထုတ်ပေးမယ်။ သူတို့ကို အပြင်သွားခွင့်လည်းမပေးဘူး။ ငါးရှာခွင့်လည်း မပေးဘူး ဘာမှကိုမပေးဘူး အလုပ် လုပ်ကိုင်ခွင့်လည်း မပေးဘူး။ အဲ့လိုပုံစံအတိုင်းဖြစ်နေတယ်လေ။ လူတွေက လုံးဝကို စိတ်မချမ်းသာနိုင်တဲ့အနေအထားကို ရောက်နေပြီ။"

Balukhali ဒုက္ခသည်စခန်းနေ ဦးအီစလံကလည်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဘက်က လိုအပ်တဲ့ နေထိုင်စားသောက်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပေမဲ့လို့ ရေရှည်နေထိုင်နိုင်ရေးကတော့ အခက်ခဲတွေကတော့ ရှိတယ်လို့ပြောပါတယ်။

"သူတို့ မြန်မာ့စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အခုထိ ဘူးသီးတောင်နဲ့ ရသေ့တောင်မှာ သာမာန်အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုပြီးတော့ အမျိုးမျိုး ဖမ်းဆီးချုပ်နှောင်တာတို့၊ ရိုက်နှက်တာတို့၊ ငွေညှစ်တာတို့ နေရာတိုင်းမှာ ရှိနေတယ်။"

ဒါပေမဲ့လို့ မိမိနေရပ်ရင်းကို ပြန်ကြဖို့မှာတော့ သူတို့အတွက် ခိုင်လုံတဲ့ လုံခြုံရေးအာမခံချက်မရှိတဲ့အတွက် မပြန်ရဲကြသေးတာလို့လည်း ဦးအီစလံကပြောပါတယ်။

လတ်တလောမှာတော့ ဘင်္ဂလား-မြန်မာ နယ်စပ်တွေမှာ ဖွင့်လှစ်ထားတဲ့ ကြားစခန်းတွေဖြစ်တဲ့ ငါးခူရတောင်ပြိုလက်ဝဲ လှဖိုးခေါင် စတဲ့ ယာယီလက်ခံရေးစခန်းတွေကိုတော့ ရခိုင်ပြည်နယ်အစိုးရဘက်က အဆင်သင့်ဖြစ်အောင် စစ်ဆေးဆောင်ရွက်နေပါတယ်။ ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ မိမိဆန္ဒအလျောက်နေရပ်ပြန်ခြင်းဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲမှာတော့ နှစ်နိုင်ငံ သဘောတူညီချက်နဲ့အညီ ပြန်လည်လက်ခံရေး အစီအစဉ်တွေကို ဆောင်ရွက်နေသလိုပြန်လာသူများအနေနဲ့လည်း နိုင်ငံတွင်း ဥပဒေနှင့် အညီနေထိုင်ဖို့နဲ့ ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်သူတွေကို နိုင်ငံသားပေးနိုင်ဖို့ NVC ကဒ် မှတ်ပုံတင်နိုင်ရေး အရှိန်အဟုန်မြင့်ဆောင်ရွက်နေတယ်ဆိုတာကို ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG