သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် Burgener ရဲ့စွမ်းဆောင်နိုင်မှုအပေါ် သုံးသပ်သူတချို့အမြင်


လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Burgener (MOI)
လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Burgener (MOI)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ပြဿနာတွေ ပြေလည်စေဖို့ အားရလောက်အောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးဘူးလို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။ Ms. Christine Schraner Burgener ဟာ သူ့ရဲ့(၇)ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နဲ့ တွေ့ဆုံပြီး တိုးတက်ဆုတ်ယုတ်မှု အခြေအနေတွေကို ကြားနာ ဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဟာ လတ်တလော မြန်မာ နိုင်ငံကို ရောက်ရှိနေပြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဖြစ်တဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ အလုပ်သမားနဲ့ လူဝင်မှုရေးရာဝန်ကြီး ဦးသိန်းဆွေနဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ကို စက်တင်ဘာ ၃ ရက် ၄ ရက်နေ့တွေမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒီလို တွေ့ဆုံမှုအတွင်း ပြောဆိုကြရာမှာ အထူးသဖြင့်တော့ ရခိုင်မြောက်ပိုင်းဒေသက ထွက်ခွာသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည် လက်ခံ နေရာချထားရေး ဘယ်လိုပြင်ဆင်ထားသလဲဆိုတဲ့ အခြေအနေနဲ့ လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေ၊ ပြန်လာသူတွေ နိုင်ငံသား ဖြစ်ခွင့်ရရေးကိစ္စမှာ NV Card လို့ခေါ်တဲ့နိုင်ငံသား စိစစ်ခံရမယ့်သူတွေ ကိုင်ဆောင်ရမယ့် သက်သေခံကတ်ပြား ထုတ်ပေးနေတဲ့ အခြေအနေ စတာတွေကို ဆွေးနွေးခဲ့ပါတယ်။

Ms. Burgener ရဲ့ မြန်မာပြည် ဒီခရီးစဉ်ဟာ (၇)ကြိမ်မြောက်ရှိလာပြီဆိုပေမယ့် လက်တွေ့မှာ ထင်ထားသလောက် အခြေအနေတွေ တိုးတက်အောင် ကြားဝင်ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ ဂျာမနီနိုင်ငံ ဘာလင်တက္ကသိုလ် အာရှရေးရာဌာနရဲ့ အငြိမ်းစား ကထိက ဦးခင်မောင်စောက သုံးသပ်ပါတယ်။

“သူကတော့ တတ်နိုင်သလောက်တော့ ကြိုးစားနေတာပဲ၊ တတ်နိုင်သလောက်တော့လုပ်နေတာပဲ။ ဒါပေမယ့် အခုအထိကတော့ ထဲထဲဝင်ဝင်အောင်မြင်မှုကတော့ မတွေ့ရသေးဘူး ဘယ်လိုအချက်တွေကြောင့်ပြောနိုင်သလဲဆိုတော့ ဟိုဘက်ကနေ ဝိုင်းပြီးတော့ မဟုတ်ဘူး မြန်မာပြည်ကသူတွေ မြန်မာ ဗုဒ္ဓဘာသာ နဲ့ အစိုးရနဲ့ စစ်တပ်နဲ့ တိုက်လို့ ထွက်ပြေးလာရတာ ဆိုတဲ့ အော်သံက ပိုပြီးကျယ်နေတယ်။ အဲဒီတော့ ဒီအမျိုးသမီးက ဘယ်လောက်ပဲ ရိုးသားသည်ဖြစ်စေ၊ ဘယ်လောက် လုပ်ချင်တယ်ဖြစ်စေ ပြောဖန်များ နီးစပ်တဲ့စကားကပဲ အောင်မှာပဲ ။”

ဝန်ကြီး ဦးကျော်တင်ကတော့ နေရပ်စွန့်ခွာထွက်သွားသူတွေ ပြန်လည်လက်ခံရေးကိစ္စမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုရှိနေသလို၊ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံကြား သဘောတူညီချက်အတိုင်း နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေ ဖြည့်ရမယ့်သတ်မှတ်ပုံစံကို ဖြန့်ဝေဖြည့်စွက်ရာမှာ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာမှုမရှိတာက ပြဿနာဖြစ်နေရကြောင်း Ms. Burgener ကိုရှင်းပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ အခုချိန်ထိ မြန်မာနိုင်ငံထဲ ပြန်ဝင်မလာနိုင်သေးတာဟာ အဟန့်အတားနဲ့ မက်လုံးပေးမှုတွေ ရှိနေပုံရတယ်လို့ ကထိက ဦးခင်မောင်စောက မြင်ပါတယ်။

“ဒုက္ခသည်တွေတော်တော်များများကလည်း ပညာမတတ်၊ စာမတတ် သူတို့ စာတောင်သူတို့ တတ်တာမဟုတ်ဘူး။ ပြောတဲ့ စကားပဲ တတ်တဲ့သူတွေဆိုတော့ မင်းတို့မပြန်နဲ့ ၊ မပြန်ရင် ကိုယ်ပိုင်နိုင်ငံရတယ် ပြောနိုင်တယ်။ မင်းတို့မပြန်လို့ရှိရင် ဒီထက်ကောင်းနဲ့ နိုင်ငံကို ရောက်နိုင်တယ်။ မင်းတို့မပြန်ရင် ကောင်းကောင်းမွန်မွန်နေရမယ် ပြန်ရင် ဒုက္ခရောက်မယ် အဲဒါမျိုးတွေကို သူတို့ယုံပြီး မပြန်ဘူးလို့ ကျနော်ယူဆတယ်။”

ရခိုင်မြောက်ပိုင်းက ထွက်သွားတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်လာရင် ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာ ကိုဖီအာနန် ရခိုင်အကြံပေး ကော်မရှင်အဖွဲ့က အစီရင်ခံစာထုတ်ပြန် အကြံပေးထားပေမယ့် အဲဒီအချက်တွေကို မြန်မာအစိုးရက အတိအကျ အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်နေသေးတာကြောင့် နိုင်ငံတကာနဲ့ မြန်မာအစိုးရတို့ကြား သံတမန်ရေး တင်းမာမှုတွေ ဆက်ရှိနေရတာဖြစ်ကြောင်း အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က ထောက်ပြပါတယ်။

“ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်တွေ ပြန်လာဖို့အတွက် ပြင်ဆင်ထားတယ်။ တယောက်မှ ပြန်မလာဘူးဆိုကတည်းက အခုသူတို့ လုပ်နေတဲ့ Process တွေ agreement တွေက တခုမှ ဖြစ်မလာဘူးဆိုတာက အဲဒါကတော့ ထင်ရှားနေတယ်။ သူတို့ recommendation တွေရှိတယ်။ ပြန်လာရင် သူတို့ ဒီလူတွေကို ဘယ်လို နေထိုင်လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် သူတို့ လုံခြုံရေး အာမခံချက်အတွက် သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ဟိုဘက်က တောင်းထားတာရှိတယ်။ ဒါပေမယ့် ကျနော်ထင်တာက အဲဒီ အခုထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေက သူတို့ ပြန်လာရင် အကြောက်ဆုံးက သူတို့လုံခြုံရေးအာမခံချက်ရှိမှ သူတို့လည်း ပြန်လာရဲမယ်။ အခုက သူတို့ အာမခံချက်မှ မပေးပဲ။”

မြန်မာအစိုးရကတော့ ရိုဟင်တွေဆိုတဲ့ အသုံးအနှုန်းကို လက်မခံပယ်ချထားပါတယ်။ ဘင်္ဂလားဒုက္ခသည် စခန်းထဲရောက်နေတဲ့ ဟိန္ဒူဘာသာ ဝင် (၄၄၀)ကျော် ပြန်လာလိုပေမယ့် သူတို့ကိုအမြန်ပြန်ပို့ပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းပေးဖို့ကိုလည်း ဝန်ကြီးဦးကျော်တင်က Ms. Burgener ကိုပြောခဲ့တာပါ။

အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေကတော့ NV Card ကိုင်ဆောင်သူတွေ သတ်မှတ်ဒေသတွင်း လွတ်လပ်စွာ သွားလာ နိုင်ကြောင်း၊ နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံဖို့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရ စခန်းတွေ ဖွင့်လှစ်ထားကြောင်း တုန့်ပြန်ပြောဆိုခဲ့တဲ့ အပြင် မြန်မာအစိုးရအနေနဲ့ UNDP/ UNHCR တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

Ms. Burgener ကတော့ ရခိုင်အရေးကိစ္စမှာ အရေးပါတဲ့ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ နိုင်ငံသားဖြစ်ခွင့်နဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ဆက်ပြီးကြိုးပမ်း ဆောင်ရွက်ဖို့ လိုအပ်နေသေးတဲ့ အခြေအနေတွေကို အကြံပြု ဆွေးနွေးခဲ့ကြောင်း အစိုးရပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG