သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် ရခိုင်ဒေသ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ


၂၀၁၈ တုန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ Christine Schraner Burgener ရခိုင် ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် (MOI)
၂၀၁၈ တုန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ Christine Schraner Burgener ရခိုင် ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် (MOI)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ Christine Schraner Burgener နဲ့အဖွဲ့ဟာ စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြေပုံမှာရှိတဲ့ မူစလင်ဒုက္ခသည်တွေ နေထိုင်တဲ့ တောင်ပေါ် ဒုက္ခသည်စခန်း ကို လည်းသွားရောက်ခဲ့ပါတယ်။ ညနေပိုင်းမှာတော့ စစ်တွေမြို့က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင်းမှာ လက်ရှိကြုံတွေ့နေကြရတဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မေခကပေးပို့ထားပါတယ်။

အခုခရီးစဉ်ဟာ မစ္စ Christine Schraner Burgener ရဲ့ ရခိုင်ပြည်နယ်ကိုလာရောက်တဲ့ခရီးစဉ်ဖြစ်ပြီး စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့အရေးကိစ္စတွေနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်ပိုင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တွေ့ဆုံချိန်မှာ အချက် ၃ချက်ကိုတင်ပြဆွေးနွေးခဲ့တယ်လို့ ပါတီရဲ့ မူဝါဒရေးရော ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကပြောပါတယ်။

“ရခိုင်ပြည်နယ်မှာလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သတ်ပြီးတော့ သိလိုတဲ့ အချက်တွေရှိတယ်။ ရခိုင်အမျိုးသားပါတီအနေနဲ့ သူသိလိုတဲ့ အချက်တွေ သူ့ကို ပြောပြစေချင်တယ်ပေါ့။ နောက်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကိုမေးတယ်။ ပြီးတော့ မြန်မာနိုင်ငံက ထွက်သွားတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ရောက်သွားတဲ့ ဘဂါၤလီတွေကို ပြန်ပြီးတော့ လက်ခံတဲ့ အခြေအနေအပေါ်မှာ ရခိုင်အမျိုးသားပါတီရဲ့ အမြင်နဲ့ သဘောထား အဲဒီအချက် ၃ ချက်ကို မေးပါတယ်။ ဘင်္ဂါလီတွေကို ကျနော်တို့က တည်ဆဲဥပဒေဖြစ်တဲ့ ၁၉ ၈၂ နိုင်ငံသား ဥပဒေနဲ့ စစ်ပါ။ ပြီးတော့ နိုင်ငံသားရသင့်ရထိုက်သူတွေကို အားလုံးကို နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ပေးလိုက်ပါ။ မထိုက်တန်ဘူးလား နိုင်ငံသားအခွင့်အရေး မပေးသင့်ဘူးလား။ ပြီးရင် နိုင်ငံခြားသားဖြစ်တယ်ဆိုတာ ကြေညာပါ။ ဒါကတော့ ကျနော်တို့ ရခိုင်အမျိုးသားပါတီအမြင်ပေါ့။ နှစ်ဖက်ဆွေးနွေးတာကတော့ တော်တော်လေးကို နွေးနွေးထွေးထွေး ပွင့်ပွင့်လင်းလင်းရှိပါတယ်။”

အဲ့ဒီဆွေးနွေးမှုအပြီးမှာတော့ နေ့လယ်ပိုင်းမှာ စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် (၁၃) က ဝိဘဇ္ဇဝါဒီ ဘုန်းတော်ကြီးမှာ ယာယီခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ နောက်ပြီး မြေပုံမှာရှိတဲ့ မူစလင်ဒုက္ခသည်တွေနေထိုင်တဲ့ တောင်ပေါ် ဒုက္ခသည် စခန်းကိုလည်း သွားရောက် ခဲ့ပါတယ်။ညနေပိုင်းမှာတော့ စစ်တွေမြို့က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင်းမှာ လက်ရှိကြုံတွေ့နေကြရတဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံကြသူတွေကဆိုပါတယ်။

မြေပုံမှာရှိတဲ့ မူစလင်ဒုက္ခသည်တွေနေထိုင်တဲ့ တောင်ပေါ် ဒုက္ခသည်စခန်းကို သွားရောက်ချိန်မှာ တွေ့ခဲ့တဲ့ စခန်းတာဝန်ခံ ဦးတင်အောင်က

“ကျနော်တို့ဘက်ကတော့ ပြန်လည်နေရာချထားရေး ကိစ္စပြောဖြစ်တယ်။ ကျနော်တို့က နေရာထိုင်ခင်းတောင်းတယ်။ မီးတောင်းလိုက်တယ်။ သူက ပြောတာက သူပထမလာတုန်းက နေရာတွေကို မကျေနပ်ဘူးပေါ့ ၊ အခုတော့ ကျေနပ်သွားပြီလားတဲ့။ ကျေနပ်တာတော့မဟုတ်ပါဘူး ဒါပေမယ့် အခုလက်ရှိအခြေအနေမှာ လိုတာကို တင်ပြတာပါလို့။ နောက်ဆိုရင် ဆေးခန်းတွေပေါ့ မြို့ထဲကဆေးရုံတွေကို ကျနော်တို့ မသွားရဘူး ဒီမှာက ဆိုင်းဘုတ်တွေက ကပ်ထားတယ်။ ဘာသာမရွေး၊ လူမျိုးမရွေးသွားနိုင်တယ်။ ကုသခွင့်ရတယ် ဆိုပြီးမှ အဲဒါတွေကို ကျနော်တို့ ဘာလို့ သွားခွင့်မရတာလဲပေါ့ အဲဒါမျိုးတွေ တင်ပြတယ်။”

အခုလာရောက်တဲ့ခရီးစဉ်မှာ အထူးကိုယ်စားလှယ်နဲ့အဖွဲ့တို့ဟာ နေရာပေါင်း လေးငါးခုလောက်ကို သွာရောက်ပြီးတော့ အဲ့ဒီကဒေသခံတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ မနက်ဖန် မှာတော့ နေပြည်တော်မှာ အစိုးရထိတ်ပိုင်းခေါင်းဆောင်တွေနဲ့တွေ့ဖို့ရှိနေပါတယ်။ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner-Burgener ဟာ ကုလသမဂ္ဂအထွေအထွေ ညီလာခံ မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစီရင်ခံစာ အခု ဇူလှိုင်လဆန်းပိုင်းက တင်သွင်းခဲ့ပါသေးတယ်။ အဲဒီမှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ အခက်အခဲတွေကို အဓိကထားပြောခဲ့တဲ့အပြင်၊ မြန်မာနိုင်ငံတွင်းဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးအတွက် သူ့အနေနဲ့ အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG