သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာ-ကက်သလစ်ဘာသာဝင်တို့ရဲ့ ခရစ္စမတ်စ်ဆုတောင်း


Bethlehem တွင် ခရစ္စမတ်စ်နေ့ဆုတောင်း
Bethlehem တွင် ခရစ္စမတ်စ်နေ့ဆုတောင်း

(Zawgyi/Unicode)

ပဋိပက္ခတွေရင်ဆိုင်နေရတဲ့ မြန်မာပြည်ကြီး ငြိမ်းချမ်းပြီး ချစ်ခြင်းမေတ္တာတရားလွှမ်းမိုးတဲ့ လူ့အသိုင်းအဝိုင်းဖြစ်လာဖို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာ-ကက်သလစ် အသိုင်းအဝိုင်းက အထူးတလည် ဆုတောင်းပေးနေကြောင်း ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘာသာရေးအထွဋ်အမြတ် ခရစ္စမတ်စ်နေ့မှာ ဘုန်းတော်ကြီး ဂျွန်ပေါ်လ်မန်က ဗွီအိုအေကို ပြောပါတယ်။

ယေရှုခရစ်တော်ဖွားမြင်တဲ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်စ်နေ့မှာ အမေရိကန်မှာ အခြေချနေထိုင်နေတဲ့ မြန်မာနဲ့ တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဆုတောင်းပွဲတွေ၊ အလှူအတန်းပွဲတွေနဲ့ တမူထူးခြားကျင်းပတဲ့ အစီအစဉ်တွေအကြောင်းကို မအင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

အမေရိကန်မှာ အခြေချနေထိုင်နေတဲ့ မြန်မာ-ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေအတွက် ခရစ္စမတ်စ်နေ့ ထူးနေ့မြတ် အဖြစ် ကျင်းပရတဲ့ ရည်ရွယ်ချက်ကို NCBAC ခေါ် အမေရိကန်နိုင်ငံလုံးဆိုင် ရာ မြန်မာ ကက်သလစ် အဖွဲ့အစည်း တာဝန်ခံ Kentucky ပြည်နယ် Holy Spirit Parish ခရစ်ယာန်ကျောင်းက ဘုန်းတော်ကြီး ဂျွန်ပေါ်လ်မန်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ခရစ္စမတ်စ်ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ခရစ်တော်ယူဆောင်လာပေးတဲ့ ငြိမ်းချမ်းခြင်းတွေ ၊ ချစ်ခြင်းမေတ္တာတွေ ပွားများကြဖို့ အထူးသဖြင့်ကတော့ ကျနော်တို့လူသားတွေမှာ ရှိနေတဲ့ အတ္တတရားတွေ ၊ အမုန်းတရားတွေကို ချေဖျက်ပြီးတော့မှ ချစ်ခြင်းမေတ္တာလွှမ်းမိုးတဲ့ အဖွဲ့အစည်း တဦးနဲ့တဦး သဟဇာတဖြစ်အောင် နေထိုင်ကြတဲ့ အဖွဲ့အစည်း ဒီလိုနေထိုင်ခြင်းအားဖြင့် စည်းလုံးညီညွတ်ခြင်းကို တည်ဆောက်နိုင်ကြတဲ့ အဖွဲ့အစည်းဖြစ်လာဖို့ဆိုတာကတော့ ကျနော်တို့ ခရစ္စမတ်စ်ပွဲတော် ကျင်းပတဲ့အခါတိုင်းမှာ အဓိက ထားရှိရတဲ့ ရည်ရွယ်ချက်တွေဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စု တဝန်းမှာရှိနေတဲ့ မြန်မာနဲ့ တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေ ကလည်း ကိုယ်နေထိုင်ရာ ဒေသအလိုက် ခရစ္စမတ်စ်ပွဲတော်ကို စုဝေးကျင်းပကြရာမှာ Texas ပြည်နယ် Waco မြို့မှာ ကက်သလစ် ဘာသာဝင်တွေ စုဝေးပြီး ထူးထူးခြားခြား ခမ်းခမ်းနားနား ပြုလုပ်တဲ့ ခရစ္စမတ်စ်ပွဲတော် အစီအစဉ်ကို အဓိကဦးဆောင် စီစဉ်သူတဦးဖြစ်တဲ့ ကချင်-ကက်သလစ် အဖွဲ့က Seng Raw ကနေ အခုလိုပြောပြပါတယ်။

“ကျမတို့ ဒီ Waco မြို့မှာတော့ ၂ နှစ်မှာတကြိမ် Kachin Catholic Community of America အနေနဲ့ NCBAC ရဲ့ ဦးဆောင်မှုလမ်းမှာ ရှိနေတဲ့ ဘာသာတူတွေအားလုံး ဒီနှစ်မှာ Waco မှာ Texas ပြည်နယ်မှာ Sacred Heart Catholic Church ကျမတို့ ဒီညကနေစပြီးတော့ ခရစ္စမတ်စ် eve ပွဲကို ခရစ္စမတ် Mass တွေလုပ်ကြမယ် ။ မနက်ဖြန်တနေ့လုံး ခရစ္စမတ်စ်အစီအစဉ်လေးတွေ လုပ်ကြမယ်။ ပြီးတော့ မနက်ဖြန် ခရစ္စမတ်စ်ပြီးတဲ့ နောက်ပိုင်းအထိပေါ့နော် ကျမတို့ စုစုစည်းစည်းနဲ့ မြန်မာပြည်က ရောက်လာကြတဲ့ Father တွေ ဘုန်းတော်ကြီးတွေနဲ့ အတူတကွ ကျမတို့ခရစ္စမတ်စ် ပွဲကို ကျင်းပမယ်၊ ကလေးတွေအတွက် ကျမတို့ လက်ဆောင်လေးတွေ ပြင်ဆင်ထားတယ်၊ မြန်မာအစားအစာ၊ ကချင်အစားအစာ တိုင်းရင်းသားအစားအစာလေးတွေနဲ့ ကျမတို့ ချက်ပြုတ်စားသောက်ပြီးတော့ ပျော်ကြမယ်၊ ခုန်ကြမယ်၊ ဆုတောင်းကြမယ်ပေါ့နော်။ အဲလိုအစီအစဉ်လေးတွေ စီစဉ်ထားပါတယ်။

ဒါအပြင် ဒီနှစ် ခရစ္စမတ်စ်ထူးခြားချက်အဖြစ် အခက်အခဲတွေကြားထဲက မြန်မာပြည်မှာရှိတဲ့ မြစ်ကြီးနား၊ လာရှိုးနဲ့ ဗန်းမော်က ကက်သလစ်ဘုန်းတော်ကြီး လေးပါးကို ဖိတ်ကြားနိုင်ခဲ့တယ်လို့ Seng Raw ကပြောပါတယ်။ ဘုန်းတော်ကြီးတွေဘက်က သူတို့ သာသနာပြုနေတဲ့ ဒေသတွေမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို တင်ပြမယ့် အစီအစဉ်လည်း ပါဝင်သလို၊ အထူးသဖြင့် ကချင်ပြည်နယ် တဝိုက် မူးယစ်ဆေးဝါးပြဿနာကြီးမားလာနေတဲအကြောင်း မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗွီဒီယိုကိုလည်း ပြသဖို့ရှိတယ်လို့ Seng Raw ကဆိုပါတယ်။

အမိမြေနဲ့ ဝေးကွာတဲ့ နေရာကို ရောက်ရှိနေကြပေမယ့်လည်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ဒုက္ခရောက်နေသူတွေ အတွက် အထူးတလည် ဆုတောင်းပေးတဲ့ အစီစဉ်လည်း ပါဝင်ကြောင်း သူကအခုလိုပြောပါတယ်။

“အထူးသဖြင့် ကျမတို့ ကချင်ဒေသပေါ့နော် ၊ ဒီနောက်ပိုင်းဆိုရင်လည်း ရခိုင်ဒေသ ပြည်တွင်းတနိုင်ငံလုံးပေါ့နော် မအေးချမ်းသေးဘူး။ ကျမတို့ အထူးအောက်မေ့ဆုတောင်းတာမျိုးလုပ်တာပါ။ ဒီခရစ္စမတ်စ် ပွဲမှာလည်း ကျမတို့ အထူးသဖြင့် တိုင်းရင်းသားတွေ ဒုက္ခရောက်နေတဲ့သူတွေ မအေးချမ်း၊ မငြိမ်းချမ်းသေးတဲ့ သူတွေအတွက် ကျမတို့ အမြဲတမ်း အောက်မေ့ပြီးတော့ ဒီပူဇော်ချင်းမှာ ပါဝင်ပြီးတော့ ဆုတောင်းပေးမယ့် အစီအစဉ်လေးတွေ ရှိပါတယ်။”

ဘုန်းတော်ကြီး ဂျွန်ပေါ်လ်မန်ကလည်း မြန်မာပြည် ငြိမ်းချမ်းရေးရဖို့ အခုလို ခရစ္စမတ်စ်ဆုတောင်းပေး ပါတယ်။

“ကျနော်တို့ မြန်မာပြည်မှာသော်လည်းကောင်း၊ ကမ္ဘာမှာသော်လည်းကောင်း ကျနော်တို့ အမြဲတမ်း ငြိမ်းချမ်းတဲ့အဖွဲ့အစည်းတွေ ကျနော်တို့ တည်ဆောက်နိုင်ဖို့အရေးကြီးတယ်ပေါ့နော်။ ကျနော်တို့ ဒီမှာ အတားအဆီးတွေ အနှောင့်အယှက်တွေ အများကြီးရှိတယ်။ အထူးသဖြင့်တော့ ကျနော်တို့ ချစ်ခြင်းမေတ္တာတရား လွှမ်းမိုးတဲ့ လူ့အသိုင်းအဝိုင်း၊ တဦးနဲ့ တဦး မနာလိုရန်ငြိုး ၊ မုန်းထားခြင်းရှိတဲ့အသိုင်းအဝိုင်းတွေကို ချေဖျက်နိုင်ဖို့ ကျနော်တို့ ကြိုးစားကြပါစို့လို့ ဒီနေရာကနေ ဖိတ်ခေါ်ချင်ပါတယ်၊ တိုက်တွန်းချင်ပါတယ်။”

ခရစ္စမတ်စ်အချိန်မှာ အမေရိကန်ရောက် မြန်မာခရစ်ယာန်တွေစုဝေးကြပြီး ခုလိုအထိမ်း အမှတ်ပွဲတွေကျင်းပကြ၊ မြန်မာနိုင်ငံအေးချမ်းဖို့ ဆုတောင်းမေတ္တာပို့သပွဲတွေ ကျင်းပနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.................

(Unicode)













XS
SM
MD
LG