သုံးရလွယ်ကူစေသည့် Link များ

အသက်မပြည့်တဲ့ ကလေးငယ်တွေ ဥပဒေနဲ့မညီစွာ စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းထား (တရားလွှတ်တော်ရှေ့နေ)


ရန်ကုန်မြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို ဖမ်းဆီးနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၂၊ ၂၀၂၁)
ရန်ကုန်မြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို ဖမ်းဆီးနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၂၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ လူမမည်ကလေးငယ်တွေရဲ့ လုံခြုံရေး စိုးရိမ်စရာရှိနေပြီး မိသားစုတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်း ထောင်ချခံနေရတဲ့ အခြေအနေကတော့ တည်ဆဲဥပဒေတွေကို ဆန့်ကျင်ရာရောက်သလို ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ရာကျတယ်လို့ လူ့အခွင့်အရေးနဲ့ ဥပဒေပညာရှင်တွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့ အချိန်ကစလို့ CDM အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းချိန်တွေမှာ ကလေးသူငယ်တချို့ မိသားစုနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံရတာ ရှိသလို မိဘတွေ တိမ်းရှောင်နေတဲ့အတွက် လသားအရွယ် ကလေးသူငယ်တချို့ကို စစ်တပ်နဲ့ လုံခြုံရေးအာဏာပိုင်တွေဘက်က ခေါ်ဆောင်စစ်ဆေးမှုတွေ ရှိခဲ့ပါတယ်။ အလားတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ခဲ့လို့ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေလည်း ပါဝင်သလို နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ခိုက်မှုတွေအတွင်း ကလေးသူငယ်တွေပါ အသက်ဆုံးရှုံးခဲ့ရတာတွေ ရှိနေပါတယ်။

ဒီသီတင်းပတ်တွေထဲမှာ သတင်းဌာနတချို့ရဲ့ ဖော်ပြချက်တွေထဲ အင်းစိန်အကျဉ်းထောင်ထဲ CDM ဖခင်ကို ဖမ်းမမိတဲ့အတွက် မိခင်၊ အဘွားဖြစ်သူနဲ့ ထိန်းသိမ်းခံထားရတဲ့ သုံးနှစ်အရွယ်သမီးငယ်၊ သင်္ကြန်ကာလ ဖောက်ခွဲမှုတွေအတွင်း မိခင်ဖြစ်သူ ပါဝင်တယ်ဆိုတဲ့ စွဲချက်နဲ့ ၃ နှစ်အရွယ် သားဖြစ်သူကို မူကြိုတက်နေချိန် ခေါ်ဆောင်ခံလိုက်ရတာ၊ NLD လွှတ်တော်ကိုယ်စားလှယ် ဖခင်ကို ဖမ်းမမိတဲ့အတွက် အသက် ၁၀ လအရွယ် ကလေးငယ်အပါအဝင် မိခင်ဖြစ်သူနဲ့ မိသားစု ဖမ်းဆီးခံရတာမျိုးတွေအပြင် နှစ်ဖက် အပြန်အလှန် တိုက်ပွဲတွေကြား အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အပါအဝင် လူငယ်တချို့ သတ်ဖြတ်ခံရတာတွေ ရှိခဲ့တယ်လို့ ဖော်ပြ ရေးသားကြပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးနဲ့ စစ်ကောင်စီပြောခွင့်ရကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တစုံတရာ တုံ့ပြန်ဖြေကြားထားတာ မရှိသေးပါဘူး။

အခုလို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေနဲ့ လူငယ်တွေအပေါ် ဖမ်းဆီးထိန်းသိမ်းနေတာ၊ စစ်ကြောရေးစခန်းတွေ၊ အချုပ်ခန်းတွေနဲ့ ထောင်တွေထဲ ခေါ်ဆောင် အကျဉ်းချထားတာတွေဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ရာရောက်သလို ကလေးသူငယ် အခွင့်အရေးတွေကိုလည်း ချိုးဖောက်ရာရောက်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေပညာရှင်တွေက ထောက်ပြပါတယ်။ မြန်မာနိုင်ငံတွင်း ကလေးသူငယ်တွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်နေပြီလို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြပြောဆိုပါတယ်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူကြီးတွေကို မတွေ့လို့ ကလေးသူငယ်တွေကို ဖမ်းဆီးထိန်းသိမ်းတဲ့ ကိစ္စတွေ တော်တော်များများ ကြုံတွေ့ရတာတွေ ရှိတယ်။ နောက်ပြီးတော့ အဲဒီလို ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကလေးငယ်တွေလည်း ဘယ်မှာထားမှန်းမသိအောင် ပျောက်နေတယ် ဆိုတာလည်း တချို့ ကျနော်တို့ သိရတယ်။ တချို့ဒေသတွေမှာဆိုလည်း ကလေးသူငယ်တွေကို သတ်ဖြတ်တဲ့အထိ ရှိခဲ့တယ်။ နောက်ပြီးတော့ တခါ အသက်မပြည့်သေးတဲ့ လူငယ်လေးတွေကို လူငယ်ထိန်းသိမ်းရေး စခန်းတွေမှာ နှိပ်စက်ညှဉ်းပန်းမှုတွေရှိတယ် ဆိုတာကိုလည်း ကျနော်တို့ ကြားသိရတယ်။ အဲဒီတော့ ဒီလိုမျိုးကိစ္စတွေဟာ ကလေးသူငယ် အခွင့်အရေးတွေကို အတိအလင်း ချိုးဖောက်တာဖြစ်တယ်။

“နောက် ကလေးသူငယ်တွေနဲ့ဆိုင်တဲ့ နိုင်ငံတကာ ဥပဒေပြဋ္ဌာန်းချက်တွေကို လိုက်နာခြင်းမရှိဘဲ ဆောင်ရွက်နေတယ်။ အခု ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရတဲ့ ကလေးငယ်တွေဟာ ဘာပြစ်မှုတွေကိုမှ ကျူးလွန်ထားတာမရှိဘဲ မတရား ဖမ်းဆီးထိန်းသိမ်းခံနေရတာလို့ ကျနော်တို့အနေနဲ့ ပြောချင်ပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေဟာ လူ့အခွင့်အရေး စံနှုန်းစံထားတွေ လုပ်ဆောင်မှုတွေနဲ့ တိုင်းမယ်ဆိုရင် လွန်စွာမှ ဆိုးဝါးတဲ့ အခြေအနေလို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ အခု အကျဉ်းထောင်တွေအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကလေးသူငယ် တချို့လည်း ရှိနေသေးတယ်ဆိုတာ ကျနော်တို့သိရတယ်။ ဒါတွေဟာ ကလေးသူငယ် အခွင့်အရေးကို အတိအလင်း ချိုးဖောက်နေတယ်ဆိုတာ ပြောနိုင်တယ်။ နောက်ပြီးတော့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေရယ် နောက် မွေးကာစ ကလေးငယ်တွေရယ် ၁၀ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးထိန်းသိမ်းထားခြင်းက မြန်မာပြည်တွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့တင်ကို အတိအလင်း ဆန့်ကျင်ချိုးဖောက်ရာ ရောက်တယ်ဆိုတာကို ကျနော့်အနေနဲ့ ပြောချင်ပါတယ်ခင်ဗျ။”

အခုလို လသားကလေးငယ် အပါအဝင် အသက်မပြည့်သေးတဲ့ လူမမည်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေက မီးဖွားလာတဲ့ ကလေးငယ်လေးတွေကအစ ကလေးသူငယ်တွေကို ထိန်းသိမ်းထားတဲ့ကိစ္စဟာ မြန်မာနိုင်ငံတွင်းက တည်ဆဲဥပဒေတွေနဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေတွေကိုပါ ချိုးဖောက်ရာကျနေတဲ့ အခြေအနေ ဖြစ်တယ်လို့လည်း ရှေ့နေကြီး ဦးကြီးမြင့်က သုံးသပ်ပါတယ်။

“ကိုယ်ဝန်အရင့်အမာနဲ့ အဖမ်းခံရပြီး ထောင်ထဲမှာပဲ မွေးတယ်၊ ထောင်ထဲမှာပဲ အဲ့ကလေးက နေရတယ်၊ အဲ့လိုကလေးတွေလည်း အများကြီးပဲ။ အဲ့တော့ ဥပဒေအကြောင်း ပြောရမယ်ဆိုရင် ကလေးသူငယ် ဥပဒေတွေ ရှိတယ်။ အကျဉ်းထောင်လက်စွဲ ဥပဒေတွေ ရှိတယ်။ အဲ့လိုဥပဒေတွေအရ ဆိုရင်ကို ကလေးတွေကို အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ခွင့်ကို မရှိဘူး။ လူကြီးတွေနဲ့ရောပြီး လူကြီးထောင်မှာ မထားရဘူး။ ဒါ ဥပဒေတွေပဲ။ နောက် နိုင်ငံတကာဥပဒေတွေ လူ့အခွင့်အရေး ဥပဒေတွေအရလည်း ကလေးတွေကို အဲ့လိုမထားရဘူး။ အခုဆိုရင် ICRC တွေလို ကြက်ခြေနီအဖွဲ့တွေ ထောင်ထဲသွားခွင့်မရှိဘူး၊ ပေးမသွားဘူး။ အဲဒီတော့ ပိုဆိုးတာပေါ့။ နောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကော်မရှင် ဆိုတာလည်း ရှိတယ်။ ဒါတွေဟာ သူတို့အလုပ်တွေပဲ၊ ထောင်ထဲကို စစ်ရမယ်၊ အဲဒီလိုဟာတွေ လုပ်ရမယ်။ အဲ့လိုအလုပ်တွေကို လူ့အခွင့်အရေးကော်မရှင်က လုပ်ကိုမလုပ်တော့ဘူး။ အဲ့လိုတိုင်းပြည်မှာ နေရတဲ့အခါမှာ ကလေးရော လူကြီးရော ဒုက္ခရောက်ကြရတယ်။ အထူးသဖြင့် ကလေးတွေ ပိုနစ်နာတာပေါ့ဗျာ။”

အခုလို ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အမျိုးသမီးတွေ စစ်အုပ်ချုပ်ရေးအောက် လုံခြုံမှုကင်းမဲ့နေတဲ့ အခြေအနေ၊ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေ၊ မိဘ ဖခင်ကို ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အခြေအနေတွေကို နစ်နာသူတွေဘက်က တရားမျှတမှုရစေဖို့ သတင်းမှတ်တမ်း ရယူထားတာ၊ နိုင်ငံတကာ ကလေးသူငယ်နဲ့ အမျိုးသမီး အခွင့်အရေး လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေကို တိုင်ကြားသင့်တယ်လို့လည်း ရှေ့နေကြီး ဦးကြီးမြင့်က အကြံပေးပါတယ်။

“ပြန်ပေးဆွဲတဲ့ ပုံစံမျိုးကို လုပ်နေတာ၊ မြန်မာပြည်မှာ ဖြစ်နေတာ။ အဲ့ဒါတွေကို မှတ်တမ်းတင်ပြီးတော့ ကမ္ဘာသိအောင် လုပ်ပေးရမယ်။ အခု ကျနော်တို့ ခင်ဗျားတို့ ပြောနေကြသလို အသံလွှင့်ဌာနတွေကနေ ပြောပေးနေရမယ်ဗျာ။ ကျနော်တို့ ရှေ့နေတွေကိုယ်တိုင် ဒီကိစ္စတွေအတွက် အန္တရာယ်အလွန်ကြီးတယ်။ မှန်တာပြောရင် သူတို့က ဘာမှကို မကြိုက်ဘူးဗျာ။ ကျနော်တို့ကတော့ ကမ္ဘာကနေရာ ပြည်သူတွေပါ သိအောင် လုပ်ပေးရမယ်။ ကလေးသူငယ်တွေနဲ့ နစ်နာခံရသူတွေကို လုပ်ပေးနိုင်တာကတော့ အခုလို အသံလွှင့်ဌာနတွေကနေ ပြောပေးရမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ ဝိုင်းပြောပေးရမယ် ဥပဒေတွေ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အဲ့ဒါတွေ လုပ်ပေးနိုင်တာပေါ့ဗျာ။”

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ မိဘတွေက ပါဝင်လို့ ကလေးသူငယ်တချို့ ဖမ်းဆီးထိန်းသိမ်းခံရတာ ရှိသလို စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း လက်နက်ကြီးကျည် ထိမှန်လို့ အသက်ဆုံးရှုံးရတာ ရှိသလို အသက်ဘေးလွတ်အောင် ထွက်ပြေးတိမ်းရှောင်ရင်း နေမကောင်း ဖျားနာပြီး အသက်ဆုံးရတာ၊ နောက် ဘေးလွတ်ရာပြေးကြရင်း ရင်ခွင်ပိုက်ကလေးရော မိခင်ပါ ရေနစ်သေဆုံးရတာလိုမျိုး အဖြစ်အပျက်မျိုးတွေလည်း ကြုံတွေ့နေကြရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)














XS
SM
MD
LG