သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေလီ တကြော့ပြန် ကိုဗစ် မြန်မာတချို့ကူးစက်ခံရ


ကျယ်ဂေါင်
ကျယ်ဂေါင်

(Zawgyi/Unicode)

မြန်မာအများအပြားရှိတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နယ်စပ်မြို့ ၂ခုမှာ ကိုဗစ်ရောဂါ တကြော့ပြန်ဖြစ်ပွားနေပြီး မြန်မာတချို့လည်း ကူစက်ခံရကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန် ထားပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နန်းလောင်ဝ် က ပြောပြပေးမှာပါ။

မြန်မာနဲ့နယ်စပ် ယူနန်ပြည်နယ် ရွှေလီမြို့မှာ ကိုဗစ်ရောဂါကူးစက်သူ တရက်တည်းမှာ ၉ ယောက်ရှိပြီး အဲဒီအထဲက ၄ ယောက်ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ယူနန်ပြည်နယ် ကျန်းမာရေး ကော်မရှင်က မတ်လ ၃၁ ရက် ဒီနေ့မှာ သတင်းထုတ်ပြန် လိုက်ပါတယ်။

ရွှေလီမြို့နဲ့ ကပ်လျက် မြန်မာအများစုရှိတဲ့ ကျယ်ဂေါင်တမြို့လုံးမှာ ကိုဗစ်စစ်ဆေးတာကို ဒေသတာဝန်ရှိသူတွေက မတ်လ ၃၀ ရက်နေ့က နေ့ချင်းပြီး လုပ်ခဲ့ပြီးတော့ ရွှေလီတမြို့လုံး မြန်မာနိုင်ငံသားပါမကျန် အားလုံးကို ကိုဗစ်စစ်ဆေးမှုတွေ လုပ်နေတာပါ။ စစ်ဆေးမှုတွေလုပ်နေတဲ့ ကာလအတွင်းမှာ အသွားအလာနဲ့ အရောင်းအဝယ်လုပ်ငန်း အားလုံးကိုပိတ်လိုက်ပြီး မြို့နှစ်ခု ဆက်ထားတဲ့ တံတားကိုလည်း ယာယီပိတ်လိုက်ပါတယ်။ ကျယ်ဂေါင်မြို့ ကျောက်စိမ်းရောင်ဝယ်ရေး လုပ်ငန်းတခုက စိုင်းမြင့်ကျော်က လက်ရှိအခြေအနေကို အခုလိုပြောပြပါတယ်။

“ ကျနော်တို့ဆိုင်ဆိုလည်း ၁၅ ရက်ပိတ်လိုက်တာ၊ ကျန်တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အကုန်လုံး Lockdown ချလိုက်တာဗျ၊ ဘယ်ဆိုင်မှ မဖွင့်ဘူး။ ဒီနေ့လည်း ရွှေလီမှာ ပိုးတွေ့လူနာ ၃ ယောက် တွေ့တယ်ဆိုတော့ ရွှေလီမှာ ဒီနေ့ စစ်၊ ကျနော်တို့ ကျယ်ဂေါင်မှာ အကုန်လုံး စစ်ပြီးသွားပြီ။ တနေကုန် တညလုံး ဒိုင်ခံပြီးစစ်တာ လေးငါးဖွဲ့လောက် စုပြီးစစ်တာဆိုတော့ ကျယ်ဂေါင်ကတော့ စစ်ပြီးသွားပြီ။ ရွှေလီက စစ်နေတုန်းပဲ။”

လက်နက်ကိုင်နဲ့ အရပ်ဝတ် လုံခြုံရေတွေလည်း ရွှေလီနဲ့ ကျယ်ဂေါင် နှစ်မြို့လုံးမှာ အပြည့်အဝ ချထားကြောင်းလည်း သူကပြောပါတယ်။

“ ကျနော်တို့ သူဌေးပြောတာကတော့ ဗမာတွေ ကျနော်တို့ကို အပြင်မထွက်နဲ့လို့ပြောတယ်၊ စာအုပ်ရှိလဲ သူတို့ကဖမ်းပြီးတော့ တခါတည်း မူဆယ်ကို တန်းပို့လိုက်တာ၊ ကျန်းမာရေး ကောင်းကောင်း၊ မကောင်းကောင်း။ ရွှေလီကနေ ကျယ်ဂေါင်ရောက်တဲ့သူလည်း ပိတ်မိ၊ ကျယ်ဂေါင်က သူတွေကလည်း ရွှေလီရောက်နေ ပိတ်မိ၊ အဲလိုမျိုးတွေ ဖြစ်နေပြီ သွားလာခွင့် မပေးတော့ဘူး။”

ကိုဗစ်ရောဂါကူးစက်ခံရတဲ့ မြန်မာနိုင်ငံသားတွေမှာ ရောဂါလက္ခဏာ ပြသတာမရှိကြောင်းလည်း ယူနန်ကျန်းမာရေး ကော်မရှင်မှာ ရေးသားထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ စက်တင်ဘာထဲမှာ ရွှေလီနဲ့ ကျယ်ဂေါင်က မြန်မာနိုင်ငံသား တချို့မှာ ကိုဗစ်ကူးစက်တာ တွေ့ရပြီး လူဦးရေ ၂၀၀၀၀၀ ကျော်ရှိတဲ့ ရွှေလီတမြို့လုံးကို အာဏာပိုင်တွေက ရောဂါစစ်ဆေးမှုတွေ တပတ်အတွင်း လုပ်ဆောင်ခဲ့ပြီး အခုကတော့ ဒုတိယအကြိမ်မြောက် တမြို့လုံး အတိုင်းအတာနဲ့ စစ်ဆေးနေတာ ဖြစ်ပါတယ်။

“ ဒုတိယ အကြိမ်လို့ပဲ ဆိုရမှာပဲဒါက၊ အရင်ပထမ Lockdown တုန်းကလည်း တော်တော်ဆိုးသွားတာ Lockdown ချလိုက်တာ။ အခုရွှေလီမှာ နေတဲ့သူတွေက ကျယ်ဂေါင်မှာသွား အလုပ်လုပ်တဲ့သူလည်း ရှိသေးတယ်လေ၊ သူတို့က ပြန်လာလို့မရတော့ဘူး ဖြစ်နေလို့ တချို့ဒုက္ခရောက်တဲ့သူလည်း အဲဒီမှာ စေတာနာရှိတဲ့သူ ကျယ်ဂေါင်ဘက်ကလည်း ထမင်းဖိုးတို့၊ ရေတို့ အဲဒါမျိုးတွေ အဆောင်မှာ လာပေးတာပေါ့။”

ရွှေလီမြို့က တအောင်းလူငယ်ပရဟိတက မိုင်ဦးလှိုင်အေး ပြောသွားတာပါ။

ရောဂါကူးစက်တာ အတည်ပြုထားတဲ့ ဒီ ၉ ယောက်ထဲက၃ ယောက်မှာ ကိုရိုနာရောဂါပိုး မျိုးကွဲသစ် တွေ့ရှိရပြီး သီးခြား စစ်ဆေးချက်တွေကိုတော့ ဆက်လုပ်နေဆဲဖြစ်ကြောင်း ယူနန်ကျန်းမာရေး ကော်မရှင်ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)











XS
SM
MD
LG