သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ်ကုန်သွယ်ရေး မြန်မာသီးနှံကုန်သည်တွေ အခက်တွေ့


တရုတ်-မြန်မာနယ်စပ်မှာ မြန်မာဖက်က တင်သွင်းတဲ့ နာနတ်သီး၊ ပိန္နဲသီးတွေလို သီးနှံတွေ တရားမဝင်ဝယ်ယူတဲ့ တရုတ်ကုန်သည်တွေကို တရုတ်အာဏာပိုင်တွေဖက် ဖမ်းဆီးအရေးယူလာတာတွေရှိသလို၊ အခြားအရေးပါတဲ့ ကုန်စည်အတော်များများကိုလည်း တရုတ်ဖက်က ကန့်သတ်လိုက်ပါတယ်။ ဒါကြောင့် ကုန်သည်တွေရော မြန်မာတောင်သူတွေအတွက်ပါ ထိခိုက်နစ်နာနိုင်ပြီး၊ ဒါကို အစိုးရအနေနဲ့ ကူညီဖြေရှင်းပေးဖို့ မူဆယ်နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

မြန်မာ မူဆယ်နယ်စပ်ကနေတင်ပို့တဲ့ စိုက်ပျိုးရေးထွက်ကုန်တွေဟာ တရုတ်ရဲ့ အစိုးရရဲ့ အဂတိတိုက်ဖျက်ရေးအပါအဝင်၊ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲတွေကြောင့် နောက်ပိုင်းမှာ ကန့်သတ်ခံရတွေ တဖြည်းဖြည်းများလာပါတယ်။

ဒါကနိုင်ငံရေး ကစားကွက်လို့အများစုကမြင်သလို တရုတ်နိုင်ငံရဲ့ စီးပွားရေးမူဝါဒ အပြောင်းအလဲနဲ့လည်း တိုက်ရိုက်ဆက်စပ်နေပါတယ်။ တရုတ်ရဲ့ အဂတိ တိုက်ဖျက်ရေး ပိုလုပ်လာသလို၊ ခွဲတမ်းနဲ့နှစ်နိုင်ငံအစိုးရ နားလည်မှု MoU ထိုးပြီးတင်ပို့တာမဟုတ်တဲ့ ကုန်စည်မှန်သမျှ တရုတ်က အခွန် ၅၀%ကောက်ပါတယ်။ ဒီအခွန်က တရုတ်ကုန်သည်ရော၊ မြန်မာကုန်သည်ပါ မဆောင်နိုင်တဲ့နှုန်းပါ။ ၂၀၁၇ နိုဝင်ဘာနောက်ပိုင်းမှာ တရုတ်၊ ယူနန်ပြည်နယ်အတွက် ဆန်နဲ့သကြား ခွဲတမ်းမပေးတော့ဘဲပိတ်ခဲ့ပါတယ်။

အရင်တုန်းကတော့ ဘိန်းအစားထိုးကုန်စည်အနေနဲ့ နယ်စပ်တည်ငြိမ်ဖို့ ပြည်တွင်းကုန်စည်တွေကို တရုတ်အစိုးရက အခွန်နှုန်းနည်းနည်းနဲ့ ခွင့်ပြုခဲ့ပုံရကြောင်း ကုန်သည်တွေက ပြောပါတယ်။ တရုတ်အစိုးရရဲ့ လက်တလော တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး မူဝါဒနဲ့ ပတ်သက်ပြီး မူဆယ်-နမ့်ခမ်းကုန်သည်အသင်းရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး စိုင်းထွန်းကိုကိုက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ သူ့ထဲမှာလည်း အဂတိတိုက်ဖျက်ရေးကို တော်တော်လုပ်တယ်။ သူ့နိုင်ငံကိုသူ စနစ်တကျဖြစ်အောင် သူသွားနေတဲ့ပုံရတယ်ဗျ။ ဥပမာ ကျနော်တို့နိုင်ငံက နည်းအမျိုးမျိုးနဲ့သွားနေတဲ့သစ်တွေရှိတယ် အခုရက်ပိုင်းဒီသစ်ကုန်သည်တွေကအစ သူ့နိုင်ငံထဲမှာဖမ်းတယ်။ ကျနော်တို့နိုင်ငံက အေးခဲအမဲသားတွေနဲ့ ပတ်သက်တဲ့ကိစ္စမှာ သူ့နိုင်ငံမှာဖမ်းတဲ့ပြဿနာလေးတွေတော့ရှိတယ်။ ဒါသူ့နိုင်ငံရဲ့ ပေါ်လစီအရသူလုပ်တာပေါ့လေ။ တလျှောက်လုံးကိုသူက နပ်စပ်ဒေသ ဖွံ့ဖြိုးရေးဆိုတဲ့ခေါင်းစဉ်နဲ့ မျက်စိမှိတ်ခဲ့ပုံရတယ်။ နားလည်မှုနဲ့ အလုပ်လုပ်ခဲ့ကြတာ ဖြစ်ပုံရပါတယ်။ အခုကျတော့ သူ့နိုင်ငံထဲမှာကိုယ်က AQSIQ တွေ ဘာတွေနဲ့သူကစနစ်တကျလုပ်လာတယ်။”

အစိုးရချင်းတရားဝင် သဘောတူတင်ပို့တဲ့ ကုန်စည်တွေကိုလည်း AQSIQ လို့ခေါ်တဲ့ တရုတ်ဗဟိုအစိုးရလက်အောက် အကောက်ခွန်ဌာနရဲ့ အရည်အသွေး ထိန်းချုပ်ရေးနဲ့ ရောဂါတားဆီးရေးအဖွဲ့ကတိုက်ရိုက် စစ်ဆေးနေပါတယ်။

အခုရက်ပိုင်း ပြည်တွင်းနာနတ်သီးတွေ တရုတ်မှာ ဖျက်ဆီးခံရတာ၊ တားဆီးတာတွေက AQSIQ နဲ့တိုက်ရိုက်ပတ်သက်နိုင်တယ်လို့ မူဆယ်ကုန်သည် တွေကမြင်ပါတယ်။ ရေရှည်အတွက်ဆိုရင်တော့ နိုင်ငံတော်အဆင့်ကူညီဆောင်ရွက်မှုတွေလုပ်ပေးသင့်တယ်လို့ မူဆယ်-နမ့်ခမ်းကုန်သည်အသင်းရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး စိုင်းထွန်းကိုကိုက အခုလိုဆက်ပြောပါတယ်။

“ ကျနော်တို့က တခေါက်တခေါက်သွားတယ်၊ ကုန်စည်ပြပွဲတွေလုပ်တယ်၊ အဲဒီမှာနှစ်နိုင်ငံတွေ့ကြတယ် MoU တွေ ထိုးကြတယ်။ ဒါပေမဲ့ တကယ့်တကယ် အောက်ခြေမှာကျတော့ လုပ်တာကိုင်တာ မရှိတဲ့အခါမှာ အဓိကကျနော်တို့နိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးဒီကိစ္စတွေကို နိုင်ငံတော်အဆင့်ကနေပြီးတော့ ကူညီဆောင်ရွက်မှုမပေးနိုင်ဘူးဆိုရင် ကျနော်တို့ဆီမှာရှိတဲ့ စိုက်ပျိုုးတောင်သူတွေ အဓိကဒုက္ခရောက်မှာပါ။”

တရုတ်က ကုန်အမှာတွေရှိနေလ့ို ပြည်တွင်းမှာလည်း သီးနှံတွေ တိုးချဲ့စိုက်နေကြပြီးမှ အခုလိုအဆင်မပြေမှုတွေ ဖြစ်လာတာကြောင့် တောင်သူတွေ၊ ကုန်သည်တွေနစ်နာနိုင်တယ်လို့ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ပြောပါတယ်။

“ သူက (တရုတ်က)တော့ MoU ကိုအကြောင်းပြတာပဲ ဒီသဘောတရားက တောက်လျှောက်သွားလာတဲ့အနေအထားမျိုးမှာ ရုတ်တရက်ပြန်ပိတ်မယ် ဆိုတဲ့ဟာတခုကတော့ မေးခွန်းထုတ်စရာတော့ရှိပေါ့လေနော်။ နောက်ပြီးတော့သူတို့ဘက်က AQSIQ အသိအမှတ်ပြုအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ သူတို့ဘက်က နိုင်ငံတော်အဆင့်နဲ့ နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ရမယ့် အနေအထားမျိုးရှိမှ ထင်တာပဲ။”

မူဆယ်-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းဟာ မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ် ကုန်သွယ်ရေးဖြစ်ပါတယ်။ မြန်မာဘက်က ဆန်အပါအဝင် သကြား၊ နှမ်း၊ ရော်ဘာ၊ ပြောင်း၊ သကြား၊ ဖရဲ၊ နာနတ်သီးအပါအဝင် ကျွဲနွားတင်ပို့မှုအားလုံးဟာ အခုတော့ တရုတ် ယူနန်အစိုးရ ကုန်သွယ်ရေး မူဝါဒအပြောင်းအလဲကြောင့် တင်ပို့ဖို့ အခက်အခဲတွေရှိနေပါတယ်။ မူဆယ်နယ်စပ် တနှစ်စာကုန်သွယ်မှုပမာဏဟာ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့စာရင်းအရဆိုရင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံရှိပြီး တနိုင်ငံလုံးကုန်သွယ်မှုပမာဏရဲ့ ၂၀ရာခိုင်နှုန်းရှိပါတယ်။

တရုတ်ရဲ့ ကန့်သတ်မှုတွေကြောင့် ဒီနှစ်အတွင်းမှာ နယ်စပ်ကုန်သွယ်ရေး သိသိသာသာကျသွား တယ်လို့ကုန်သည်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ တရုတ်ကို ဆန်နဲ့ဆန်ကွဲ တန်ချိန် သုံးသန်းကျော်လောက်တင်ပို့ထားပေမဲ့ အခုနှစ်ထဲတော့ ၁.၇ သန်းလောက်ပဲတင်ပို့နိုင်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG