သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၂၀၂၁ ဇန်နဝါရီ မြန်မာပြည်လာမည်


တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အပေါ် အကဲခတ်တွေရဲ့ သုံးသပ်ချက်တွေကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

၂၀၂၁ ခုနှစ်သစ်မှာ ပထမဆုံး တရုတ်နိုင်ငံရဲ့ အဆင့်မြင့်အရာရှိတဦးရဲ့ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ပထမပတ်ထဲ လာရောက်မယ့် အစီအစဉ်အတွက် အသေးစိတ်ကိုတော့ ၂ နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းနေတုန်းပဲလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဗွီအိုအေကို အတည်ပြုပါတယ်။

“ရက်အတိအကျတော့ ပြောလို့ မရသေးပါဘူးနော်။ ဇန်နဝါရီ ပထမအပတ်မှာပေါ့နော်... နှစ်ဘက်ညှိတုန်းပဲဆိုတော့ အတိအကျ ပြောလို့မရသေးလို့ပါ။ များသောအားဖြင့် ဆက်ဆံရေးကိစ္စ၊ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းတွေကိစ္စ၊ ကိုဗစ်ကိစ္စတွေ ဒါတွေကတော့ general agenda တွေပေါ့။”

တရုတ်ထိပ်တန်းသံတမန်ဟာ အရင်ခရီးစဉ်တွေလိုပဲ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့လို မြန်မာထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခဲ့ပြီးနောက် လာရောက်မယ့် ခရီးစဉ်အတွင်း ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးဖြစ်မယ်လို့ မျှော်လင့်ထားကြသလို၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး၊ တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ပိုးလမ်းမစီမံကိန်း အစိတ်အပိုင်းဖြစ်တဲ့ တရုတ်- မြန်မာ စီးပွားရေးစင်္ကြန် CMEC၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နယ်စပ်လုံခြုံရေး ဒီကိစ္စတွေ ပါဝင်နိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

ရွေးကောက်ပွဲမှာ တကျော့ပြန် အနိုင်ရခဲ့တဲ့ NLD ပါတီ ဦးဆောင်တဲ့ အစိုးရအနေနဲ့ လာမယ့် အစိုးရသက်တမ်းအတွင်းမှာလည်း ဒေသတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ သြဇာကြီးတဲ့ တရုတ်နိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံရမယ့် အလားအလာတွေ ရှိနေတယ်လို့လည်း မန္တလေးတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံပညာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာသီတာထွန်းက သုံးသပ်ပါတယ်။

“(ပိုးလမ်းမစီမံကိန်း) BRI မှာ သူအကောင်အထည်ဖော်ဖို့ရယ်၊ ငြိမ်းချမ်းရေးရယ်၊ ပြီးတော့ ဒီက ရခိုင်ပြဿနာမှာရယ် သူက (တရုတ်က) ပါလာတဲ့အခါမှာ ကျနော်တို့ terms နဲ့ ပြောမယ်ဆိုရင် unlimited bandwagoning ခေါ်တာပေါ့နော်။ သူ့ရဲ့ နောက်မြီးဆွဲတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့က နည်းနည်းတော့ USDP အစိုးရထက်ပိုပြီး တရုတ်ဘက်ကို ယိုင်သွားတဲ့သဘောတွေ အများကြီးရှိတယ်။ ရခိုင် ပြဿနာမှာ အမေရိကန်နဲ့ မြန်မာ နည်းနည်းတင်းမာမှုတွေ ဖြစ်သွားတဲ့အခါမှာ ကျနော်တို့ရဲ့ backing က မရှိတော့၊ အဲဒီတော့ တရုတ်သမ္မတကြီးလာတယ် နိုင်ငံတော် အတိုင်ပင်ခံက ပြောတယ်ပေါ့နော်.. ငြိမ်းချမ်းရေးကိစ္စမှာ လုပ်တာတော့လုပ်ပေါ့။ ဒါပေမဲ့ နယ်စပ်က အဖွဲ့တွေကိုတော့ မြှောက်မပေးပါနဲ့လို့ တရားဝင်ပြောတယ်လေ။ ဆိုလိုချင်တာက ကျနော်တို့က ခြေတလှမ်းက ဝင်သွားပြီးပြီ ဖြစ်တဲ့အတွက်ကြောင့်မို့ ပြန်ဆုတ်လို့က မရတော့ဘူး။ ငြိမ်းချမ်းရေးကိုသာ အဓိက ထားမယ်ဆိုရင်ပေါ့နော်။ ပြောမယ်ဆိုရင် နိုင်ငံခြားရေး မူဝါဒအရဆိုရင် လောလောဆယ် အစိုးရကလည်း အပြောင်းအလဲ မရှိသည့်အတွက်ကြောင့်မို့ ဒီအစိုးရက ဒီမူနဲ့ပဲ တရုတ်ရဲ့ ဆက်ဆံရေးကို ဆက်သွားမယ်လို့ ကျနော်က ခန့်မှန်းတာပေါ့နော်။”

၂၀၁၉ ဒီဇင်ဘာ ပထမအပတ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီ မြန်မာနိုင်ငံကို လာခဲပြီး သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့၊ ရပ်ဝန်းနဲ့ပိုးလမ်းမ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့၊ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် ချစ်ကြည်ရေးပွဲတွေနဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေ အပြန်အလှန် လည်ပတ်ရေးကိစ္စတွေ ဆွေးနွေး ခဲ့တာပါ။ အဲဒီခရီးစဉ်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့တာပါ။

အရင်စစ်အစိုးရတွေ လက်ထက်ကစလို့ မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ သြဇာလွှမ်းမိုးမှုရှိတယ်လို့ အများက ယူဆထားကြတဲ့ တရုတ်နိုင်ငံဟာ NLD ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက်မှာလည်း ဆက်ဆံရေးခိုင်မာအောင် တည်ဆောက်တာတွေ ရှိခဲ့ပါတယ်။ NLD အစိုးရအနေနဲ့ကတော့ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာ ဆက်ဆံရေးမှာ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူကိုပဲ ဆက်လက် ကျင့်သုံးသွားနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်သိန်းမြင့်က ပြောပါတယ်။

“အရှေ့ကိုပိုမျှော်တယ်၊ အနောက်ကို ပိုမျှော်တယ်ဆိုတာမျိုး မြန်မာက ဆက်လုပ်မှာ မဟုတ်သေးဘူး။ မြန်မာ့ရဲ့ နိုင်ငံခြားရေး ပေါ်လစီကတော့ ဒီအပေါ်မှာပဲ တည်ပြီးတော့ ဒီတိုင်းရှေ့ဆက်သွားမယ်။ ဟိုတလောကမှ နိုင်ငံတော် အတိုင်ပင်ခံပြောတဲ့အထဲမှာ ကာကွယ်ဆေး ဝယ်ယူရေးနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယကို အဖွဲ့ရောက်နေပြီဆိုတော့ အိန္ဒိယနဲ့ မြန်မာနဲ့ကြား အစိုးရချင်းဆံဆက်မှုကလည်း အရေးပါတဲ့ကိစ္စမှာ ဆက်ပြီးရှိနေပြီးတော့ အလုပ်ဖြစ်နေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဆိုတော့ မြန်မာကတော့ နိုင်ငံကြီးနှစ်နိုင်ငံရဲ့ ကြားထဲမှာ နှစ်ဘက်လုံနဲ့ အဆင်ပြေအောင်နေရင်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အဆင်ပြေသလို ဒီမူဝါဒကိုပဲ ဆက်သုံးသွားမယ်၊ အလုပ်ဖြစ်နေဦးမယ်လို့ ထင်ပါတယ်။”

တရုတ်သမ္မတ ရှီကျင့်ပင်ကလည်း ၂၀၂၀ နှစ်စမှာ မြန်မာနိုင်ငံကို ပထမဆုံးခရီးစဉ်အနေနဲ့လာခဲ့ပြီး တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်နှစ်မှာ နှစ်နိုင်ငံခရီးသွားလာရေးနှစ်ကို စတင်တော့မယ်လို့ ပြောခဲ့ပါတယ်။ အတိတ်က မြန်မာ-တရုတ်-အိန္ဒိယ သုံးနိုင်ငံ အသီးသီး အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကိုအလေးထားပြောခဲ့ပြီး ဒါက နိုင်ငံတကာ ဆက်ဆံရေးသမိုင်းမှာ အရေးပါတဲ့ဖြစ်ရပ်လို့ ထောက်ပြခဲ့ဘူးပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG