သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ Digital ဈေးကွက်ပေါ်ထွန်းလာရေး နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဖို့ လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း 


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ Digital ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းလာရေး လူငယ်တွေအနေနဲ့နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ NLD အစိုးရအနေနဲ့ လူငယ်တွေနဲ့ပတ်သက်လို့ ဘယ်လို မူဝါဒချမှတ်ဆောင်ရွက်မလဲဆိုတဲ့ မဟာဗျူဟာ အကြောင်း တနင်္လာနေ့ကပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်ဗွီဒီယိုမိန့်ခွန်းမှာကမ္ဘာနဲ့ အမှီရင်ဘောင်တန်းနိုင်ရေး မြန်မာလူငယ်တွေအနေနဲ့ နည်းပညာသစ်တွေ ထွန်းကားလာရေး ကြိုးပမ်းကြဖို့နဲ့ တဖက်မှာလည်း အွန်လိုင်းနည်းပညာ ဆိုးကျိုးတွေကို သတိထား ကျော်လွှားကြဖို့ အခုလို ပြောကြားခဲ့ပါတယ်။

“တရားမျှတပြီး နည်းလမ်းကျတဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ခေတ်မီဆန်းသစ်တဲ့ Digital ဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းလာဖို့ လူငယ်တွေဟာ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။

လူငယ်တွေအအနေနဲ့ နည်းပညာတိုးတက်မှုရဲ့ ကောင်းကျိုးတွေသာမက တဖက်ကလည်း ဆိုးကျိုးတွေ ဖြစ်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ အနိုင်ကျင့်မှုတွေ၊ အမုန်းစကားတွေနဲ့လည်း ကြုံတွေ့လာနိုင်ပါတယ်။ ဒါတွေဟာ ရေရှည်လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုရာ အဓိက စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေကို ထိခိုက်နစ်နာမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျမတို့ လူငယ်တွေအနေနဲ့ အသိ၊ သတိရှိစွာနဲ့ အချင်းချင်း ရိုင်းပင်းကူညီဖေးမခြင်း၊ ညီညွှတ်မျှတခြင်းတို့ကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ လူမှုပတ်ဝန်းကျင် ဖော်ဆောင်ရေးကို ဦးတည်ပြီး အမုန်းတရား ပြန့်ပွားစေမယ့် အတွေးအခေါ်၊ အသုံးအနှုန်း အပြောအဆိုများ ပပျောက်သွားစေဖို့ ဝိုင်းဝန်းကြိုးပမ်းသွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။”

NLD အစိုးရရဲ့ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်မှာ- လူငယ်တွေကိုယ်တိုင် လက်တွေ့အပြောင်းအလဲတွေ ဖြစ်အောင် ဖေါ်ဆောင်နိုင်ခွင့်နဲ့ လူငယ်တဦးတယောက်ကိုမျှ မကျန်ရစ်စေဘဲ အားလုံးပူးပေါင်း ပါဝင်ခွင့်ရရှိရေး အဓိက ရေးဆွဲထားကြောင်း မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ ဥက္ကဌလူကယ်ပြန် ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလည်း အွန်လိုင်းအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ ဒီကော်မတီမှာ ပညာရေးနဲ့ကျန်းမာရေး ဝန်ကြီးဌာနလည်း ပူးပေါင်းပါဝင်ပါတယ်။

NLD အစိုးရရဲ့လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ၂၀၂၀-၂၀၂၄ ခုနှစ်အထိ ရေးဆွဲထားပြီး တနင်္လာနေ့က ပြုလုပ်တဲ့ စီမံချက် မိတ်ဆက်အခမ်းအနားကို ကုလသမဂ္ဂလူဦး ရေရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ် Mr.Ramanathan Balakrishnan လည်း တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

.................


(Unicode)






XS
SM
MD
LG