(Zawgyi / Unicode)
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးဖို့ မြန်မာသံရုံးက စီစဉ်ထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ စုစည်းတင်ပြထားပါတယ်။
ထိုင်းနိုင်ငံရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကြိုတင်မဲပေးဖို့အတွက် ထိုင်းအစိုးရ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ COVID-19 ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ထားပြီး မြန်မာနိုင်ငံသားတွေ မဲပေးနိုင်ဖို့ အောက်တိုဘာလ ၃ ရက်နေ့ကို စတင်လျာထားကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက သံအမတ်ကြီး ဦးမျိုးမြင့်သန်းက အခုလိုပြောပြပါတယ်။
"ကျနော်တို့ အကြမ်းဖျင်း လျာထားချက်က အောက်တိုဘာလ ၃ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ၁၁ ရက်လောက်လုပ်ဖို့ လျာထားတာ။ ကျနော်တို့သံရုံးက အဟောင်းရော အသစ်ရော နေရာအကျယ်အဝန်းလောက်ရှိလို့ ၃ နေရာလောက် ခွဲလုပ်လို့ရလို့ ကံကောင်းတယ်။ ဒါပေမယ့် ကျနော်တို့ အတည်ပြုစာရင်းရမှ အတိုးအလျှော့ ပြန်လုပ်လို့ရမယ်။ အတည်ပြုစာရင်းစုံမှ အသေးစိတ် ကြေညာပါမယ်။ အခုကတော့ သို့လော သို့လောနဲ့မို့ အကြမ်းဖျင်းလေးသိအောင် ချပြထားတာပါ။"
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၃ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နေ့စဉ် နေ့တိုင်း မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ မဲပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ကြိုတင်မဲပေးရမယ့် မြန်မာအလုပ်သမားတွေ အနေနဲ့ မဲပေးတဲ့နေ့မှာ သက်ဆိုင်ရာ လုပ်ငန်းခွင်တွေကနေ ခွင့်ရရှိနိုင်ရေးကိုတော့ ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာနနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး ထိုင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေကတော့ မဲဆန္ဒရှင်တွေ သွားလာရေး အဆင်ပြေအောင် လုပ်ဆောင်ပေးဖို့တွေကိုသာ လုပ်ဆောင်ပေးဖို့၊ နိုင်ငံရေးပါတီ တခုခုအတွက် မဲဆွယ်ပေးသလို လှုံ့ဆော်ပေးသလိုပုံစံမျိုး မဖြစ်စေဖို့အတွက် ဘန်ကောက် မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မဲပေးမယ့်သူတွေကတော့ နိုင်ငံကူးစာအုပ်မူရင်း သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ် မူရင်းတွေကို ယူဆောင်လာရမှာဖြစ်ပြီး မှတ်ပုံတင်မူရင်း ဒါမှမဟုတ် မိတ္တူတွေကိုလည်း ယူဆောင်လာရမှာဖြစ်တယ်လို့ ဆိုပါတယ်။
-------------------------------
(Unicode)