သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေးမူကြမ်း ဆွေးနွေးမှု လွှတ်တော်အတွင်းတင်းမာ 


(Zawgyi/Unicode)

ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း စတင်ဆွေးနွေးတဲ့ ဒီနေ့မှာပဲ အာဏာရပါတီကိုယ်စားလှယ်တွေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေအကြား ဆွေးနွေးချက်တွေက အပြန်အလှန်တင်းတင်းမာမာဖြစ်ခဲ့ပါတယ်။ ဒီ မူကြမ်းနဲ့ပတ်သက်လို့ ဒီတပတ်အတွင်းမှာ ကိုယ်စားလှယ်တရာကျော်ဆွေးနွေးဖို့ စာရင်းသွင်းထားတာပါ။ အာဏာရပါတီကိုယ်စားလှယ်တွေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေအကြား ပိုပြီး ထိပ်တိုက်ဖြစ် တင်းမာလာရင်၊ ဖွဲ့စည်းပုံပြင်ရေး လမ်းကြောင်းလွဲသွားမှာကို တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေက စိုးရိမ်နေကြပါတယ်။ မမေခ သတင်းပေးပို့ထားပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ဒီနေ့ နေပြည်တော် ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယအကြိမ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါ အချက်တွေကို စတင် တွေးနွေးခဲ့ကြချိန်မှာပဲ NLD နဲ့ တပ်ကိုယ်စားလှယ်တွေ ကြား အချေအတင်ဖြစ်ခဲ့တာပါ။ဗိုလ်ချုပ်အဆင့်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ ရုတ်ရင်းကြမ်းတမ်းတာမျိုး မလုပ်ဖို့ လွှတ်တော်နာယက တီခွန်မြတ်ကိုယ်တိုင်က သတိပေးပြောဆိုခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သတ်လို့ဆွေးနွေးခဲ့တဲ့ တပ်မတော်သားအမတ် ဗိုလ်မှူးချုပ် အောင်စန်းချစ်ကတော့ တပ်ကိုယ်စားလှယ်တွေ ကန့်ကွက်ရတဲ့ အကြောင်းရင်းကို လွှတ်တော်အပြီးမှာ ခုလို ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးအတွက်ကို တင်ပြခဲ့ပါတယ်။ အဲ့လို တင်ပြခဲ့တဲ့အခါမှာ အချက် ၉ ချက်ရှိပါတယ်။ ဥပဒေပုဒ်မ ၉ ချက်ရှိပါတယ်။ ဒါပေမဲ့လည်း ဒီနေ့ လွှတ်တော်ထဲမှာ ထည့်သွင်းဆွေးနွေးမယ့် ပုဒ်မ တခုပေါ့ ၂၆၂ (ဋ) ကျနော်တင်ပြထားတဲ့အတိုင်း မဟုတ်ဘဲနဲ့ စာပိုဒ်ကြီး တပိုဒ်လုံး ပါမလာတော့ဘူး။ ဒါကလည်း အင်မတန်အရေးကြီးတဲ့ စာပိုဒ်ဖြစ်နေတယ်။ ဒါက တမင် ရည်ရွယ်ချက်ရှိရှိနဲ့ ချန်ခဲ့တာလား။ မတော်တဆဖြစ်တယ်ဆိုရင်လည်းပဲ အလွန်အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးကို ဆောင်ရွက်နေတဲ့အခါမှာ ဒီလို ပေါ့ပေါ့ဆဆနဲ့ လုပ်နေတာဖြစ်တဲ့အတွက် ဒီဟာကို ပြန်လည်စိစစ်ပေးပြီးမှပဲ ဆက်ပြီးဆွေးနွေးဖို့ဆိုတာ တင်ပြခဲ့ပါတယ်။"

တပ်မတော်နဲ့သက်ဆိုင်တဲ့ ပုဒ်မ အများစုကို တပ်မတော်သား ကိုယ်စားလှယ်တွေက လက်မခံဘဲ ကန့်ကွက်ခဲ့ကြပါတယ်။ တပ်ကိုယ်စားလှယ် ဗိုလ်မှူးထက်လင်း က တပ်ပိုင်းဆိုင်ရာဥပဒေတွေ ပြင်ဖို့ တင်ပြထားတာတွေကို မပြင်ဆင်ပဲ မူလအတိုင်းသာ ထားရှိဖို့အပြင် တပ်ဘက်က လူတွေရှိမှ နိုင်ငံတိုးတက်နိုင်မှာမို့ တပ်ကို ဖယ်ထုတ်ရင် တိုင်းပြည် ထိခိုက်နစ်နာနိုင်တယ်လို့ ဆွေးနွေးသွားခဲ့တာပါ။

ပြည်ခိုင်ဖြိုးပါတီဘက်က ဒီမိုကရေစီ ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည် ကိုသမ္မတ မဖြစ်အောင် ပိတ်ထားတယ်လို့နာမည်ကြီးနေတဲ့ ပုဒ်မ ၅၉ (စ)ကို မပယ်ဖျက်ဖို့ အတွက် တင်သွင်းခဲ့သလို NLD ဘက်ကလည်းဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဥပဒေတွေကိုလွယ်လွယ် မပြင်နိုင်အောင် ကန့်သတ်ထားတဲ့ ပြင်ဆင်ရေးအခန်း အခန်း ၁၂ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ကိုပြင်ဆင်ဖို့ တင်ပြတာတွေရှိခဲ့ပါတယ်။ဒါ့အပြင် လွှတ်တော် ၃ ရပ် စလုံးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုနှုန်း လျော့ချဖို့၊ ကာလုံ - ခေါ်ယူရေး ဆိုင်ရာ ပြင်ဆင်မှု တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ငန်းစဉ်မစခင် ကထဲက နိုင်ငံရေးလေ့လာသုံးသပ်သူ တွေ က ထင်မြင်ချက် အမျိုးမျိုး ပေးနေကြတာပါ။ အခုတော့ စတင်ဆွေးနွေးတဲ့ နေ့မှာဘဲ အချေအတင် ဖြစ်ခဲ့ တာကြောင့် အခုထက် ပိုပြီး ပြင်းထန်လာမယ် ဆိုရင် ပြင်ဆင်ရေးလုပ်ငန်းစဉ် ဦးတည်ချက် မအောင်မြင်ဘဲ ဖြစ်သွားနိုင်တာကို သတိထားဖို့နိုင်ငံရေး သုံးသပ်သူဒေါက်တာခင်မောင်ညိုက ပြောပါတယ်။

"လုပ်လို့မရတဲ့ အခြေအနေဟုတ်လား၊ တပ်က မပါလာဘူးဆိုရင် ဘယ်လိုမှ လုပ်လို့မရဘူး။ တပ်ကို ပစ်ပယ်ထားလို့ မရတော့ ဒီအခြေအနေကတော့ လိပ်ခဲတင်းလင်းဖြစ်နေတယ်လို့ ထင်ပါတယ်။ ပြင်တာတော့ ပြင်နိုင်မယ်လို့တော့ မထင်ဘူးပေါ့လေ။ ဘာလို့လဲဆိုတော့ NLD ကလည်း အခုလိုလုပ်တဲ့ဟာ သူတို့ ပြင်နိုင်မယ်ထင်လွန်းလို့ လုပ်တာထက်ကို သူတို့ကတိပေးထားတဲ့အတိုင်းပြင်ဖို့လုပ်တယ် ပြင်လို့မရသေးဘူးဆိုတော့ ဆက်ပြီးတော့ သူတို့ကို မဲထည့်ကြပါ ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီအခြေအနေကို ဆွဲတာ လို့ ဆရာယူဆရပါတယ်။”

ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က ပြည်နယ်လွှတ်တော်ဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ လက်အောက်မှာ မရှိဖို့ဆွေးနွေးခဲ့ပါတယ်။

“လွှတ်တော်နှစ်ရပ်ဟာသီးခြားစီဖြစ်ရပါမယ်။ ပြည်နယ်လွှတ်တော်ဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ လက်အောက်မှာ မရှိရပါဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရပါမယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး အများစုမဲနဲ့ ဖြစ်စေ ဥပဒေပြဌာန်းချက်အရဖြစ်စေ ပြည်နယ်ဝန်ကြီးချုပ်ကိုရွေးချယ်ခွင့်ရှိရပါမယ်။ ပြည်ထောင်စု အတုအယောင်မဟုတ်ဘဲ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့လိုပါတယ်။ ဒီလိုဖြစ်နေမှသာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တိုင်းရင်းသားချင်း ချစ်ကြည်ရေးဆိုတာဖြစ်နိုင်ချေရှိ ပါတယ်။”

လက်ရှိအာဏာရပါတီ NLD၊ ၊ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တို့က ဖွဲ့စည်း ပုံပြင်ဖို့ စုစုပေါင်း ဥပဒေမူကြမ်း ၇ ခု တင်ခဲ့တာဖြစ်ပါတယ်။ တင်သွင်းတဲ့ ဥပဒေ မူကြမ်း ၇ ခု ထဲကပုဒ်မ စုစုပေါင်း ၁၄၂ ခု ပြင်ဆင်မှာ ဖြစ်ပြီး ဒီ ပြင်ဆင်ရေးကို ခန့်မှန်းခြေ ၁၀ရက် အတွင်းမှာ အပြီးသတ်လုပ်ဖို့ လျာထား တယ်လို့ လွတ်တော်က ပြောပါတယ်။ ဒီနေ့အစည်းအဝေးမှာတော့ တပ်မတော်၊ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေနဲ့ NLD ပါတီက ကိုယ်စားလှယ်စုစုပေါင်း ၁၅ ဦးတို့က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)












XS
SM
MD
LG