သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြန်မြန်မာ ၃ ဦး ကိုဗစ်ကူးနေလို့ နယ်စပ်လုံခြုံရေး တင်ကြပ်ထား


မှတ်တမ်းဓါတ်ပုံ- မေလ ၂၀၂၀ တုန်းက ကိုဗစ်ကြောင့် တရုတ်-မြန်မာနယ်စပ် လုံခြုံရေး တိုးမြင့်စဉ်
မှတ်တမ်းဓါတ်ပုံ- မေလ ၂၀၂၀ တုန်းက ကိုဗစ်ကြောင့် တရုတ်-မြန်မာနယ်စပ် လုံခြုံရေး တိုးမြင့်စဉ်

[Zawgyi/Unicode]

တရုတ်နိုင်ငံက ဒီရက်ပိုင်းပြန်လာတဲ့ မြန်မာနိုင်ငံသားတချို့မှာ ကိုဗစ်ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ၂ နိုင်ငံ နယ်စပ်မှာ ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုတွေ တိုးမြှင့်လိုက်တဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံ၊ ယူနန် တယ်ဟုန်ပြည်နယ်ခွဲ၊ ရွှေလီ၊ ကျယ်ဂေါင်နဲ့ မန်စီ မြို့ကနေ ပြည်တွင်း ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရာက ၂ နိုင်ငံ နယ်စပ်မှာ စောင့်ကြည့်စစ်ဆေးတဲ့ အစီအစဉ်တွေ တိုးမြှင့်လိုက်ပါတယ်။ နေရပ်ပြန် မြန်မာနိုင်ငံသားတွေကို အခုအခါ မူဆယ်မြို့မှာ သီးသန့်စောင့်ကြည့်ထားပြီး နောက်ထပ်နေရပ်ပြန်လာမယ့် သူတွေကိုလည်း စောင့်ကြည့်စစ်ဆေးနေကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ဗွီအိုအေကို ပြောပါတယ်။

“လောလောဆယ် ဝင်လာတဲ့သူတွေကို ဘောလုံးကွင်းမှာ ကွာရန်တင်းစင်တာ ဖွင့်ထားတယ်။ အဲဒီကို အရင်ခေါ်တယ်၊ ခေါ်ပြီးအလှည့်ကျ စစ်တယ်ပေါ့နော်၊ သူ့ရက်နဲ့သူပေါ့။ စစ်ပြီးတော့ negative ဖြစ်မှ အနယ်နယ်အရပ်ရပ်ကို ပြန်လွှတ်တာပေါ့။ တရုတ်ဘက်ကလည်း စိုးရိမ်တော့ သူတို့ဘက်ကို ပြန်လွှဲလို့ရှိရင်လည်း ဒီဘက်ကနေ စစ်ပြီး negative ဖြစ်မှ ပြန်လက်ခံမယ် ဆိုပြီးတော့ (မူဆယ်) နန်းတော်ပေါက်မှာ ယာယီ စစ်ဆေးရေး ဂိတ်တွေ၊ ဘာတွေတောင် ဖွင့်တယ်ပေါ့နော်။ သူတို့ဘက်ကလည်း ပစ္စည်းဘာညာ အကူအညီနဲ့။”

ရှေ့လ တရုတ်နှစ်သစ်ကူးမတိုင်မီ တရုတ်မြို့တော်ပေကျင်း အနီးတဝိုက်မြို့တွေမှာ တကြော့ပြန်ပြည်တွင်း ကူးစက်မှုတွေကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်မြို့တွေမှာလည်း ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာနေတာ ဖြစ်ပါတယ်။ ရောဂါပိုး စစ်ဆေးတွေ့ရှိတဲ့ မြန်မာနိုင်ငံသား ၃ ယောက်လာခဲ့တဲ့ ရွှေလီနဲ့ ကျယ်ဂေါင် နေရာအနီးတဝိုက်ကို ဒေသတာဝန်ရှိသူတွေက စစ်ဆေးနေတယ်လို့ မြန်မာလူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။

လတ်တလောမှာတော့ ရွှေလီ၊ ကျယ်ဂေါင်မြို့ နေရာတချို့ကို အသွားအလာ သီးခြားကန့်သတ်ထားသလို လာမယ့်ရက်ပိုင်းအတွင်းမှာ တရုတ်အစိုးရက တမြို့လုံးအတိုင်းအတာနဲ့ အသွားအလာ ကန့်သတ်ဖို့ စီစဉ်နေကြောင်း ရွှေလီမြို့အခြေစိုက် ကြင်နာနွေးထွေးပရဟိတက ဦးနောင်နောင်က ပြောပါတယ်။

“တချို့နေရာတွေတော့ lockdown တွေ ချထားပြီးပြီ။ တချို့ရပ်ကွက်တွေ ဆိုရင်လည်း ဝင်တဲ့အခါကို mask မပါရင် အဝင်မခံဘူးဗျ။ အခုကျနော်တို့ သိထားတာက ၂၀ ရက်နေ့ lockdown ချမယ်လို့ သိထားတာဗျ။ ရပ်ကွက်အလိုက်တွေ ဆေးထိုးပေးမယ်လို့ကြားတယ်။ များသောအားဖြင့် ဖြစ်တာများတာလည်း ရွှေလီကျယ်ဂေါင်ပဲဆိုတော့ နယ်စပ်ဂိတ်က အနီးတဝိုက်ဆိုရင် ဒီနေရာကိုပဲ ချမှာများတယ်။”

ရောဂါတွေ့ရှိတဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို ဆေးရုံပို့ဆောင်ထားကြောင်း မူဆယ်ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။ ပြည်တွင်းကူးစက်မှုတွေ ပြန်ဖြစ်နေတဲ့ တရုတ်ပြည်ရဲ့ အခြေအနေကြောင့် နေရပ်ပြန်တွေကို အထူး သတိထားစောင့်ကြည့်ရလိမ့်မယ်လို့ သူကပြောပါတယ်။

“ကျနော်တို့ ဒါ ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်နိုင်ငံက ပြန်လာတဲ့သူတွေ အားလုံးဟာတော်တော်များများကို ရောဂါကင်းတယ်။ စိတ်ချလက်ချ နေနိုင်တယ်ပေါ့နော်။ အဲဒီ နောက်ပိုင်းတော့ တွေ့ရှိမှုလေးတွေ ရှိလာတယ်။ မနေ့ကဆိုလည်း ၃ ယောက်တောင် တွေ့တယ်ဆိုတော့ ကျနော်တို့ တော်တော်လေး သတိပြန်ထားနေရတယ်ပေါ့နော်။ တရုတ်နိုင်ငံမှာလည်း ဒါပွင့်ပွင့်လင်းလင်း ပြောရရင် ရောဂါက ကူးနေတယ်၊ ဖြစ်နေတယ်လို့ပဲ ကျနော်တော့ ယူဆပါတယ်ဗျ။”

တရုတ်နိုင်ငံမှာ ဇန်နဝါရီ ၁၀ ရက် တနေ့တည်း ယောက် ၁၀၀ ကျော်ကူးစက်ခဲ့ပြီး အများစုက ပြည်နယ်အရှေ့မြောက်ပိုင် ဟီဘေးပြည်နယ်က ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၀ ဇူလိုင်လထဲ အယောက် ၁၀၀ ကျော်တွေ့ရပြီးနောက်ပိုင်း ၅ လအတွင်း ပထမဆုံးအကြိမ် အများဆုံး ပြန်တွေ့ရတာပါ။ ဒီနေ့မှာပဲ မြန်မာနိုင်ငံအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေ အခမဲ့ ပေးမယ့်အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော် ကောင်စီဝင်လည်းဖြစ်တဲ့ Wang Yi ကလည်း ထိုးဆေး ၃၀၀,၀၀၀ ပေးအပ်မယ့်အကြောင်း ၂ ရက်ကြာခရီးစဉ်မှာ ကတိပြုပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


.........

[Unicode Version]










XS
SM
MD
LG