သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်လူနာ ၄,၁၃၂ ဦး၊ သေဆုံးသူ ၅၁ ဦး ထပ်တိုး


ကိုဗစ်ရောဂါဖြင့် သေဆုံးသူတဦးကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ - Courtesy)
ကိုဗစ်ရောဂါဖြင့် သေဆုံးသူတဦးကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူလူနာအရေအတွက် သိသိသာသာ တိုးလာနေပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄,၉၂၇ ခုကို စစ်ဆေးခဲ့တာမှာ ပိုးကူးစက်နေသူ လူနာသစ် ၄,၁၃၂ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဌာနက ည ၈ နာရီမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ ဓာတ်ခွဲစမ်းသပ်မှု စုစုပေါင်းရဲ့ ၂၇.၆၈% မှာ ရောဂါပိုး ကူးစက်နေသူတွေကို စမ်းသပ် တွေ့ရှိခဲ့တာလို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ နဲ့ သေဆုံးလူနာ ၅၁ ဦး ထပ်တိုးခဲ့တဲ့အတွက်လည်း ကနေ့အချိန်ထိ သေဆုံးပြီးသူ စုစုပေါင်း ၃,၆၂၁ ဦး ရှိပြီဖြစ်ပါတယ်။ ကနေ့အချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုပြီး လူနာ ၁၈၀,၀၅၅ ဦး တွေ့ရှိခဲ့ပြီးဖြစ်ပြီး အဲဒီအထဲက ၁၄၂,၃၀၉ ဦးကတော့ ဆေးရုံက ဆင်းခဲ့ပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစလို့ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရဝန်ထမ်းတွေအပါအဝင် လူတန်းစားအလွှာအသီးသီးမှာ ရောဂါပိုးကူးစက်သူအရေအတွက် အများအပြား တွေ့ရှိလာနေတာမှာ တချို့နေရာတွေမှာ အစုလိုက်အပြုံလိုက် ကူးစက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၀ မြို့နယ် အပါအဝင်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေးနဲ့ ဧရာဝတီတိုင်းတို့က မြို့နယ်ပေါင်း ၄၅ မြို့နယ်မှာ ကျန်းမာရေးဌာနက Stay at home မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ အမိန့် ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်း အလျင်အမြန်ကူးစက်ပြန့်နှံ့နေတဲ့ Delta ရောဂါပိုးအမျိုးအစားအပါအဝင် Alpha နဲ့ Kappa စတဲ့ တခြား ကူးစက်မြန် ရောဂါပိုး ၂ မျိုးပါ မြန်မာပြည်မှာ ရောက်ရှိနေပြီလို့ ကျန်းမာရေးဌာနက ကြေညာထားပြီးဖြစ်ပါတယ်။

....................................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)






XS
SM
MD
LG