သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ်လူနာတွေ ဆေးဝါးကုသဖို့နဲ့ အောက်ဆီဂျင်ရဖို့ ခက်ခဲနေဆဲ


ကိုဗစ်ရောဂါလူနာတွေအတွက် လိုအပ်တဲ့အောက်စီဂျင်ရဖို့ စက်ရုံတွေရဲ့အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းနေတဲ့ ပြည်သူများ။ (ဇူလိုင် ၁၁၊ ၂၀၂၁)
ကိုဗစ်ရောဂါလူနာတွေအတွက် လိုအပ်တဲ့အောက်စီဂျင်ရဖို့ စက်ရုံတွေရဲ့အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းနေတဲ့ ပြည်သူများ။ (ဇူလိုင် ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံတဝန်း COVID-19 ရောဂါ ကူးစက်မှုတွေ မြင့်တက်နေပြီး ရန်ကုန်မြို့မှာလည်း မြို့ခံတွေအတော်များများဟာ ဆေးဝါးကုသမှုရရှိဖို့နဲ့ အောက်ဆီဂျင် ရရှိဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လူတွေကို အပြင်မထွက်ဘဲ နေကြဖို့ (Stay at Home) သတ်မှတ်လိုက်တဲ့ အတွက်လည်း အခြေအနေတွေက ပိုပြီးတော့ ရှုပ်ထွေးခက်ခဲလာနေပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန် နောက်ဆုံးအခြေအနေတွေကို ကိုရန်နိုင်က စုစည်း တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နိုင်ငံတဝန်းမှာ COVID-19 ရောဂါ ကူးစက်မှုတွေဟာ နေ့စဉ်လိုလို ထောင်နဲ့ချီ ရှိနေတာကြောင့် ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ ရန်ကုန်မြို့က မြို့နယ်တချို့ အပါအဝင် မြို့နယ် ၇၅ မြို့နယ်မှာ မနေ့ သောကြာနေ့ကစပြီး အသွားအလာ ကန့်သတ်မှုအသစ်တွေကို ချမှတ်လိုက်ပါတယ်။ စနေနေ့က စပြီးတော့လည်း တနိုင်ငံလုံး ၉ ရက်တာ အများပြည်သူ ရုံးပိတ်ရက် သတ်မှတ်ပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားပါတယ်။ ရန်ကုန်မြို့က ရောဂါကူးစက်မှု အခြေအနေနဲ့ ပတ်သက်ပြီး အမည်မဖော်တဲ့ ဆရာဝန်တဦး ပြောတာကတော့ ...

“ကူးစက်မှုအခြေအနေကတော့ တော်တော်ဆိုးတယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်း သတင်းကနေ ထုတ်နေတဲ့ဟာသည် coverage လုံးဝမမိဘူး။ ကျနော်ထင်တာကတော့ တကယ် အပြင်မှာဖြစ်တဲ့ ရန်ကုန်အခြေအနေရဲ့ ၁၀ ပုံ ၁ ပုံလောက်ပဲ ရှိမယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ဆေးဆိုင်တွေထဲ မြင်နေရတဲ့ အနေအထားတွေမှာ ဆိုလို့ရှိရင် တော်တော်ကြောက်ဖို့ ကောင်းလောက်အောင်ကို ကူးစက်နေတယ်လို့ ပြောလို့ရတယ်။”

ဒါ့အပြင် ဆေးရုံတွေ၊ ကိုဗစ်ကုသရေး စခန်းတွေမှာလည်း လူနာတွေနဲ့ ပြည့်နေပြီး ကုသမှုအပိုင်းမှာလည်း ဆေးဝါးပစ္စည်း အခက်အခဲတွေ၊ ဆရာဝန်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နောက်ထပ် အမည်မဖော်လိုတဲ့ ဆရာဝန်တဦးကလည်း ပြောပါတယ်။

“ကိုဗစ်အခြေအနေကတော့ ခံပြင်းစရာကြီးပေါ့။ ဆေးရုံတွေမှာလည်း မနေ့ညကဆို တခုတက်လာတယ်လေ၊ မြောက်ဥက္ကလာမှာ ပေးမဝင်ဘူး၊ သေနတ်နဲ့ ထောက်ထားတာတို့ ဘာတို့နဲ့။ နောက် တကယ် အဲဒီကိုရောက်နေတဲ့လူတွေ ပြောကြားချက်အရကလည်း သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ အဖေ၊ အမေတွေ ရောက်နေကြတာကိုး။ ဆေးရုံတွေမှာ ဆိုလို့ရှိရင်လည်း လူကမလောက်ဘူး၊ အဲဒီအခန်းတခန်းထဲမှာ လူက ၄ ယောက်ထားထားတယ်။ သူနာပြု (Nurse) နဲ့ပဲ ပစ်ထားတယ်။ အဲဒီမှာ CDM မလုပ်တဲ့ ဆရာဝန်တွေက ဆေးစာ (prescriptions) တွေပဲ ပေးပြီးတော့ လုံးဝဝင်မကြည့်လို့ အဲဒီလိုလည်း ကြားမိတယ်။ နောက်သူငယ်ချင်းတယောက်ရဲ့ မိသားစုကျတော့လည်း အင်းယားစင်တာမှာ ရောက်နေတယ်။ ဆိုတော့ သူတို့ဆိုလည်း တကယ်ကို အကုန်လုံး ဝယ်ပို့ပေးရတာပေါ့။ အောက်ဆီဂျင်ကအစ မရှိဘူး။ အဲဒီလိုမျိုး အခြေအနေကြီးက တော်တော်ကြီးကိုတော့ စိတ်ဆင်းရဲဖို့ ကောင်းနေတယ်။ အဲဒီသူငယ်ချင်းဆိုလို့ရှိရင် နေ့တိုင်း ထိုးဆေး၊ သောက်ဆေး အကုန်လုံး၊ နောက် ယုတ်စွအဆုံး အဲဒီမှာ တာဝန်ကျနေတဲ့လူတွေ စားဖို့ သောက်ဖို့တောင် မှာတယ်လို့လည်း ပြောတယ်။”

အဲဒီလို အခက်အခဲတွေကြောင့် လူတွေဟာ ပြင်ပက ဆေးခန်းတွေမှာပဲ ကုသမှုတွေကို လုပ်နေရပြီး ပြင်ပဆေးရုံ ဆေးခန်းတွေနဲ့ အောက်ဆီဂျင်ရောင်းတဲ့ ဆိုင်တွေမှာ လူအများအပြား တန်းစီ စောင့်ဆိုင်းနေကြတာကို တွေ့နေရပါတယ်။ COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ ဖခင်အတွက် အောက်ဆီဂျင်အိုးရဖို့ တန်းစီနေရတဲ့ မနော်ဦးသာကတော့ ...

“လေးငါးရက်လောက်ရှိပြီ။ အခုက ၄ ယောက်စလုံးက ဝင်ငွေမရှိဘူး။ အရင်က စုထားတာတွေနဲ့ပဲ စားနေရတာပေါ့။ အောက်ဆီဂျင်မလောက်ဘူးပေါ့။ ညီမတို့မှာ ၂ အိုးပဲရှိတာ၊ အဖေက တနေကုန်ပေးရတယ်။”

အောက်ဆီဂျင်ဖြည့်ပေးတဲ့ နေရာတွေနားမှာ ဆိုရင်လည်း အောက်ဆီဂျင်ဖြည့်ဖို့ တန်းစီတာတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်တာတွေ ရှိနေပါတယ်။ တချို့ဆိုရင် အခြေအနေ ဆိုးနေတာကြောင့် အောက်ဆီဂျင်ဖြည့်တဲ့နေရာမှာ အရေးပေါ် အကူအညီ တောင်းပြီးတော့ အောက်ဆီဂျင် ရှူရတာတွေလည်း ရှိနေပါတယ်။ ဆေးရုံအတော်များများက အခုအခါမှာ လူနာသစ်တွေကို လက်မခံတော့သလို ဆရာဝန်တွေကလည်း လူနာတွေကို ကုသမှုမပေးဘဲ အောက်ဆီဂျင်ပဲ ရှူခိုင်းတယ်လို့ ရန်ကုန်မြို့က မဝေဝေဟန်က ပြောပါတယ်။

“အဲဒီလိုမျိုး အဆင်မပြေတော့ တမျိုးပေါ့နော်။ အဲဒီလိုမျိုး လွှတ်တယ်ရယ်လည်း မဟုတ်ဘူး၊ သူက အောက်ဆီဂျင် ပြန်ရှာပြီးတော့ ရှူပေါ့နော်။ အသက်က ၇၀ သူက နေ့တိုင်း ဆေးခန်းပြရတယ်။”

ရန်ကုန်မှာတော့ မြို့နယ် ၂၀ ကို သောကြာနေ့ကစပြီးတော့ လူတွေကို အပြင်မထွက်ဖို့ Stay at Home သတ်မှတ်လိုက်တာကြောင့် လူတွေနဲ့ ယာဉ်အသွားအလာတွေ လျော့နည်းသွားတာတွေ ရှိတယ်လို့ မြို့ခံဆရာဝန်က ပြောပါတယ်။

“မနေ့က ညနေ ၆ နာရီက တခေါက်ထွက်လိုက်တယ်။ အဲဒီအချိန်မှာ လုံးဝကို ရှင်းလင်းပြီးတော့ သွေးပျက်စရာကြီး။ အောက်ဆီဂျင်တန်းစီတဲ့ နေရာမှာနဲ့ အောက်ဆီဂျင် ဖြည့်ပေးတဲ့ နေရာတွေမှာပဲ ပြုံပြီးတော့ ကျန်တဲ့နေရာတွေမှာတော့ သရဲခြောက်နေသလိုပဲပေါ့နော်။”

ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကလည်း လူတွေ အသွားအလာ လျော့ကျသွားတဲ့အကြောင်းတခု ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကားအနေနဲ့ကတော့ သွားနေတဲ့ အနေအထားကတော့ ရှိတယ်။ ဒါပေမယ့် အရင်ထက်စာလို့ရှိရင်တော့ လျော့သွားတာပေါ့ဗျာ။ ဥပမာ ၃ ပုံ ၁ ပုံ၊ ၃ ပုံ ၂ ပုံလောက် လျော့သွားတယ် ပြောရမှာပေါ့ဗျာ။ အဲဒီလိုတော့ရှိတယ်။ သူတို့ရဲ့ အမိန့်ကြောင့်တော့ မဟုတ်ဘူး။ လူတွေက ကိုယ့်အိမ်မှာကို ခံနေရတဲ့အတွက်ကြောင့်မို့လို့ အဲဒီလိုဖြစ်သွားတာ။ ဆေးရုံဆေးခန်းပြတဲ့ အနေအထားကတော့ဗျာ ဆေးခန်းတွေ OPT တွေမှာတော့ ကြိတ်ကြိတ်တိုးပဲ။ ဒါကတော့ ဘယ်ဆေးခန်းဖြစ်ဖြစ် ကြိတ်ကြိတ်တိုးကို ဖြစ်နေတာ။ ဖျားတဲ့နာတဲ့လူတွေက မတရားများတယ်။ အိမ်ဆိုရင် အိမ်လုံးကျွတ်တွေကြီးပဲ ဖြစ်တာလေ။”

ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ကိုဗစ်စတင်တွေ့ရှိခဲ့တဲ့ လွန်ခဲ့တဲ့ ၁ နှစ်လောက်နဲ့ ယှဉ်ရင်တော့ လူတွေဟာ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး အရင်လောက် သတိမထားကြတော့ဘဲ နှာခေါင်းစည်းမတပ်တာတွေ၊ တယောက်နဲ့တယောက် ခပ်ခွာခွာ မနေတာတွေ တွေ့လာနေရတယ်လို့ ပြောပါတယ်။

စနေနေ့က တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရတော့ တနေ့တည်း ရောဂါကူးစက်သူ ၅,၄၉၇ ယောက်နဲ့ သေဆုံးသူ ၂၃၃ ဦး ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် စုစုပေါင်း ကူးစက်သူ ၂၂၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄,၇၀၀ ကျော်သွားပါပြီ။ ဒါပေမယ့်လည်း တကယ်လက်တွေ့ အပြင်မှာတော့ ကူးစက်သူနဲ့ သေဆုံးသူဦးရေဟာ ကျန်းမာရေး တာဝန်ရှိသူတွေက တရားဝင်ထုတ်ပြန်တာထက် ပိုများတယ်လို့ ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)

















XS
SM
MD
LG