သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးဝန်ထမ်း မလုံလောက်လို့ မနိုင်မနင်းဖြစ်နေတဲ့ ကိုဗစ်တတိယလှိုင်း


ရန်ကုန်မြို့မှာ ကိုဗစ်ကြောင့် ကွယ်လွန်သွားသူကို သင်္ဂြိုဟ်ဖို့ သယ်လာတဲ့ စေတနာ့ဝန်ထမ်းအချို့။ (ဇူလိုင် ၆၊ ၂၀၂၁)
ရန်ကုန်မြို့မှာ ကိုဗစ်ကြောင့် ကွယ်လွန်သွားသူကို သင်္ဂြိုဟ်ဖို့ သယ်လာတဲ့ စေတနာ့ဝန်ထမ်းအချို့။ (ဇူလိုင် ၆၊ ၂၀၂၁)

(Zawgyi / Unicode)

ကိုဗစ်ကူးစက်သူ များလာတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တဲ့ အခက်အခဲတွေ ရှိနေတာကြောင့် ကုသရေးပိုင်း အားနည်းတာတွေနဲ့ ပိုးတွေ့လူနာတွေကို လက်ခံကုသဖို့ ခက်ခဲနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ပိုးတွေ့လူနာတွေဟာ ရက်ဆက်တိုးလာသလို ပိုးတွေ့လူနာအချို့ကို ဆေးရုံတွေမှာ လက်ခံကုသဖို့ ခက်ခဲနေတာကြောင့် ပိုးတွေ့လူနာတချို့ နေအိမ်မှာပဲ ကိုယ့်ဘာသာ ကုသနေရသလို အောက်ဆီဂျင်ရဖို့ ခက်ခဲတာတွေလည်း ဖြစ်နေရပါတယ်။ မြန်မာနိုင်ငံတွင်း ကပ်ရောဂါကူးစက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုအောင်လွင်ဦး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် ၃,၆၀၂ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်က ၅၂ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင် ၆ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီထုတ်ပြန်တဲ့စာရင်းဟာ ကိုဗစ်တတိယလှိုင်းမှာ အများဆုံး အရေအတွက်တွေ ဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနဘက်က ပြောဆိုထားပါတယ်။

ကိုဗစ်ကူးစက်သူ များလာတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တဲ့ အခက်အခဲတွေ ရှိနေတာကြောင့် ကုသရေးပိုင်း အားနည်းတာတွေနဲ့ ပိုးတွေ့လူနာတွေကို လက်ခံကုသဖို့ ခက်ခဲနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက ဗွီအိုအေကို ပြောလိုက်ပါတယ်။

“ဆေးရုံတွေနဲ့ စစ်တဲ့ System တွေက ပစ္စည်းပစ္စယနဲ့ ငွေကြေးအင်အားတွေပေါ့နော်။ ဝန်ကြီးဌာနအနေနဲ့ တော်တော်ပြည့်စုံတယ်။ ကိုဗစ်ဒုတိယလှိုင်းတုန်းက ပစ္စည်းတွေ ရှိနေသေးသလို နောက်ထပ် ရောက်လာမယ့်ဟာတွေလည်း ရှိပါတယ်။ အဓိကကတော့ HR ပိုင်း ချဲလင့်ရှိတာပေါ့နော်။ HR ပိုင်း ဘယ်လိုပြည့်စုံအောင်လုပ်မလဲ၊ ဒါကလည်း ခုန သက်ဆိုင်ရာ ပါမောက္ခကြီးတွေ၊ ဆရာဝန်ကြီးတွေကို သူတို့ ပြန်စည်းရုံးတာရှိတယ်။ တဖက်ကလည်း စေတနာ့ဝန်ထမ်းတွေ လူမှုရေးအဖွဲ့အစည်းတွေပေါ့၊ ဒါတွေနဲ့ပူးပေါင်းပြီး ကွာရန်တင်းစင်တာအစ သယ်ယူပို့ဆောင်ရေးက အစပေါ့နော်၊ ဒါတွေ ကြိုးပမ်းဆောင်ရွက်တာရှိတယ်။ အခုတလနှစ်လအတွင်းမှာ ကိုဗစ်အတွက် ပြန်ဝင်လာတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရှိတယ်။ ဒါလေးတွေ ခြုံကြည့်ရင်တော့ Overall အနေနဲ့ တိုးတက်မှု တွေ့ရပါတယ်။”

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေချိန်မှာပဲ ကပ်ရောဂါ ကူးစက်မှုတွေနဲ့လည်း ကြုံနေရတာပါ။ စစ်အာဏာသိမ်းယူလိုက်ပြီးချိန်ကစလို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးထောင်ချတာ၊ အင်အားသုံး ဖမ်းဆီးတာတွေနဲ့ တပ်မတော်ကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှုဆိုတဲ့ ပုဒ်မ ၅၀၅-က တပ်ကာ အရေးယူ ဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်တာတွေကြောင့်လည်း ခုလို ကပ်ဘေးကြုံချိန်မှာ ကျန်းမာရေးဝန်ထမ်းအင်အားနဲ့ စေတနာ့ဝန်ထမ်း မလုံလောက်တဲ့ ပြဿနာတွေ ကြုံနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ကိုဗစ်လူနာတွေကို သီးသန့်ထား ကုသပေးဖို့ ကြိုတင်ပြင်ဆင်ထားတဲ့နေရာတွေ မလုံလောက်လို့ နေရာသစ် ထပ်ရှာနေရတာတွေ ရှိနေသလို ကုသရေးပိုင်းမှာလည်း နိုင်ငံတွင်း ဆေးရုံ ဆေးခန်းတွေအနေနဲ့ လုပ်ငန်းတွေ မနိုင်မနင်း အခြေအနေနဲ့ ရင်ဆိုင်နေရတာမို့ လူနာလက်ခံဖို့ အဆင်မပြေတာတွေ ရှိနေတယ်လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

“တခုကတော့ ခုနကပြောတဲ့ HR ပေါ့၊ HR မရှိတော့ ဆေးရုံဆေးခန်းတွေက လူနာလက်ခံကုသပေးဖို့ ခက်ခဲတာပေါ့နော်။ ခက်ခဲတော့ တချို့ဟာတွေဆို စိတ်မကောင်းစွာနဲ့ပဲ ကုသပေးတဲ့နေရာမှာ တကယ့်ကို ကုသဖို့လိုအပ်တဲ့လူ၊ အောက်ဆီဂျင် လိုအပ်နေတဲ့သူပေါ့ အဲဒါကိုပဲ ဆေးရုံမှာတင်ထားပြီးတော့ ကျန်တဲ့သူတွေ အိမ်မှာ ခဏစောင့်ပေါ့၊ ဒီက ခုတင်လွတ်တာနဲ့ ပြန်ခေါ်ပေးမယ်ပေါ့။ အသေးစိတ် တိုင်းကျန်းမာရေး မေးလို့ရတယ်။ ကိုယ့်မှာ လုံးချင်းအိမ်ရှိတယ်၊ အခန်းခွဲနေလို့ရတယ်၊ အောက်ဆီဂျင်ရှိတယ်၊ အိမ်မှာ ရောဂါရှိတဲ့သူ သက်ကြီးသူတွေမရှိဘူး၊ ဒီလိုလူတွေဆိုရင်တော့ Home Q ပေးနေတာရှိတယ်။ ခုနပြောသလို စောင့်နေတဲ့ အချိန်မှာတော့ ကိုယ့်ကိုယ်ကို သတိထား ကာကွယ်စေချင်တာပေါ့။ အဓိကကတော့ ဆက်တိုက် ဆက်တိုက် မကူးဖို့လိုတာပေါ့။”

ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ဘူး မလုံလောက်တဲ့ အခြေအနေ ရှိနေသလို အနံ့ပျောက်သူ အများအပြားကိုလည်း ဓာတ်ခွဲစစ်ဆေးနိုင်တာမျိုး မရှိဘဲ အများစုက နေအိမ်တွေမှာပဲ အတတ်နိုင်ဆုံး သီးခြားစီ ခွဲနေပြီးတော့ ဆရာဝန်တွေ ညွှန်ကြားသလို ဆေးသောက်တာ နေထိုင်စားသောက်တာတွေ လုပ်နေကြပါတယ်။

“ဆေးရုံမသွားဘူး၊ ဆေးရုံမသွားဘူးဆိုတာ အန်တီတို့က စုံစမ်းလိုက်တယ်လေ။ အစိုးရဆေးရုံဆိုလည်း မလွယ်ဘူးပေါ့။ အများကြီးဖြစ်နေတယ်။ ဘယ်ဆေးရုံကမှ လက်မခံဘူး။ အစိုးရဆေးရုံဆို ဘာမှလုပ်ပေးတဲ့ပုံစံ မရှိဘူး။ အထူးကုဆေးရုံဆိုလည်း ခုတင်တောင်မရှိလို့ လက်မခံတဲ့ အခါကျတော့ အန်တီ့အမျိုးသားက နှလုံး သွေးတိုး ရှိတယ်။ အသက်လည်း ၆၀ ကျော်နေပြီ။ ကိုယ့်အိမ်မှာ ကိုယ်နေပြီးတော့ အာဟာရပြည့်တာတွေ ကျွေးတယ်။ အသိဆရာဝန်ဆီ ပြောပြီးတော့ သူညွှန်တဲ့ဆေးတွေ သောက်နေတယ်။ အန်တီတို့လည်း သောက်နေရတာပေါ့။ အခုက ဘယ်သူ့မှ အားကိုးမရ ဖြစ်နေတာ။”

ဒါကတော့ ကိုဗစ်ကူးစက်ခံနေရသူ အမျိုးသမီးတဦး ဖြစ်ပါတယ်။ သူကတော့ သူ့အမျိုးသားဆီကနေ ကိုဗစ်ပိုး ကူးစက်ခံခဲ့ရတာဖြစ်ပြီး သူ့အမျိုးသားဟာ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသားတဦး ဖြစ်ပါတယ်။ သူနဲ့အတူ မိသားစု ၆ ယောက်စလုံး ကိုဗစ်ကူးခံခဲ့ရပါတယ်။

ဒါတွေကို အမြန်ဆုံး အဖြေရှာဖို့ ကြိုးစားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနဘက်က ပြောပေမယ့် တိတိကျကျ ပြောဆိုနိုင်တာတော့ မရှိပါဘူး။ ပိုးတွေ့သူတွေ ပြန်များလာနေလို့ နိုင်ငံရေးအခက်အခဲတွေကြားက ပြည်သူတွေ ထပ်ပြီး ဒုက္ခမရောက်ဖို့ကို ကိုဗစ်တိုက်ဖျက်ရေး တာဝန်ရှိသူတွေက သတိပေးနေပါတယ်။ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နဲ့ နှာခေါင်းစည်း စနစ်တကျ တပ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)













XS
SM
MD
LG