(Zawgyi / Unicode)
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၆၆ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၄ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနေ့ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူအားလုံးဟာ နောက်ခံရောဂါရှိသူတွေဖြစ်ပြီး အခုလို နောက်ခံရောဂါရှိသူတွေပဲ သေဆုံးတာမျိုးက ဒါ ပထမဆုံးလို့ ဆိုရမှာပါ။
ဓာတ်ခွဲနမူနာပေါင်း ၁၉,၈၀၆ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၉၈၀,၅၉၁ ခု ရှိသွားပြီဖြစ်ပါတယ်။
သေဆုံးသူအရေအတွက်က ၂,၈၂၆ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၃၀,၀၄၉ ယောက် ရှိသွားပါပြီ။
ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၆၇၄ ယောက်ရှိပြီး ရောဂါပျောက်ကင်းသူ စုစုပေါင်းကတော့ ၁၁၃,၅၅၀ ယောက် ရှိသွားပါပြီ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၂.၈၆ ရာခိုင်နှုန်းရှိပြီး ပြန်ကောင်းလာသူ ၈၇.၃၁ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၁၇ ရာခိုင်နှုန်း ရှိပါတယ်။
သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၁၀၀ ရာခိုင်နှုန်းပြည့် ဖြစ်ပါတယ်။
ပိုးတွေ့နှုန်း ကျဆင်းလာနေတာ ရက်အတော်ကြာရှိပြီ ဖြစ်ပေမယ့် သေဆုံးနှုန်းကတော့ လျော့မသွားသေးပါဘူး။
ပိုးတွေ့နှုန်း လျော့လာနေပေမယ့်လည်း စိတ်ချလက်ချ နေလို့ရတဲ့ အခြေအနေ မဟုတ်သေးဘဲ ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်တွေကို ဆက်ပြီးလိုက်နာကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက အထူးတိုက်တွန်းနေဆဲပါ။
ကိုဗစ်ကာကွယ်ဆေး ရဖို့အတွက် တာဝန်ရှိသူတွေ အားစိုက်ကြိုးပမ်းနေကြပြီး ဖေဖော်ဝါရီလထဲမှာ ကာကွယ်ဆေး ပထမဆုံးအသုတ်ရလာဖို့ မျှော်လင့်ထားကြပြီးတော့ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေကို အရင်ဆုံးထိုးပေးဖို့ စီစဉ်ထားပါတယ်။
-------------------------
(Unicode)