(Zawgyi/Unicode)
ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတဝန်းလုံးမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၃,၆၀၅ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၂,၆၈၈ ယောက်ရှိပြီး သေဆုံးသူ ၁၁၈ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတ ကူညီပေးနေသူတွေကတော့ အမှန်တကယ် ကူးစက်သေဆုံးနှုန်းဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက်ဆိုပြီး ရုံးတွေ၊ လုပ်ငန်းတွေ၊ ကျောင်းတွေကိုလည်း သြဂုတ်လကုန်ထိပိတ်ဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်နေပြီး ပိုးကူးစက်မှုလျော့ကျလာတယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီက ပြောပါတယ်။ တခါ ဘူးသီးတောင်၊ မောင်တောဒေသနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ "ဘင်္ဂါလီ" တွေကိုလည်း ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးပေးသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နယ်စပ် ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေကို စစ်ကောင်စီက ဘင်္ဂါလီတွေလို့ ရည်ညွှန်းပြောဆိုလေ့ရှိပြီး ရိုဟင်ဂျာလို့ ခေါ်ဆိုတာကိုလက်ခံမထားပါဘူး။
မြန်မာနိုင်ငံမှာ ကိုဗစ်ကူးခံရသူတွေအတွက် အောက်စီဂျင် မလုံလောက်မှုတွေ ကြုံတွေ့ခဲ့ရတာဟာ အရင်အစိုးရလက်ထက် ကြိုတင်ပြင်ဆင်မှု အားနည်းချက်တွေကြောင့် ဖြစ်တယ်လို့လည်း စစ်ကောင်စီဘက်က အပြစ်ဖို့ပါတယ်။ တချိန်တည်းမှာ နိုင်ငံရေးအရ လူစုလူဝေးနဲ့ ဆန့်ကျင်ဆန္ဒပြပွဲတွေကြောင့် ရောဂါကူးစက်မှုတွေ တိုးလာခဲ့တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပရဟိတလုပ်နေသူတွေနဲ့ ကျန်းမာရေးလုပ်သားတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာ၊ ဖမ်းဆီးနှိပ်စက်တာနဲ့ ရင်ဆိုင်နေရပါတယ်။ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းတွေပါ ပါဝင်နေတာကြောင့်လည်း မြန်မာ့ကျန်းမာရေးစနစ်ကြီးတခုလုံး ဖရိုဖရဲဖြစ်နေပါတယ်။
တခါ အရှေ့တောင်အာရှကို အလည်အပတ်လာရောက်ခဲ့တဲ့ အမေရိကန်ဒုသမ္မတ Kamala Harris ကလည်း ကိုဗစ်ကပ်ရောဂါကို ရှေ့တန်းကနေ တာဝန်ယူကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုနေရမယ့်အချိန်မှာ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးဝန်ထမ်းတွေ တိုက်ခိုက်ခံနေရတဲ့အတွက် အလွန်စိုးရိမ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဗီယက်နမ်နိုင်ငံမှာ ပြောဆိုထားပါတယ်။
.........................................................................................
(Unicode)