သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ကာကွယ်ဆေးရောက်လာပေမယ့် ကိုဗစ်ကန့်သတ်ချက်တွေ ဆက်လိုက်နာကြဖို့ ပညာရှင်တွေ တိုက်တွန်း


အိန္ဒိယနိုင်ငံက ပေးပို့ခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေး CoviShield။ (ဇန်နဝါရီ ၂၂၊ ၂၀၂၁)
အိန္ဒိယနိုင်ငံက ပေးပို့ခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေး CoviShield။ (ဇန်နဝါရီ ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လုပ်လာနေပြီဆိုတဲ့ အသိကြောင့် တဖက်မှာ ပြည်သူတွေကြား ပေါ့လျော့မသွားဘဲ ကိုဗစ်ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး စည်းကမ်းချက်တွေကို ဆက်လက်လိုက်နာဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ဆေးသိပ္ပံ ကျွမ်းကျင်ပညာရှင်တချို့က သတိပေးလိုက်ကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းထဲ ကိုဗစ်ကူးစက်မှု အရှိန်မြင့်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ဆေးရရှိဖို့ မြန်မာအစိုးရက အိမ်နီးချင်းနိုင်ငံကြီးတွေနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တာပါ။

အခုဆိုရင် အိန္ဒိယနိုင်ငံက အခမဲ့ကူညီတဲ့ ကိုဗစ်ကာကွယ်ဆေး ၁.၅ သန်း ဇန်နဝါရီလ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်တာကြောင့် လူ ၇ သိန်းခွဲကို ထိုးပေးဖို့ အစိုးရက စတင်စီစဉ်နေပါတယ်။

ဒီလို ကာကွယ်ဆေးတွေ ထိုးကြတဲ့အတွက် ရောဂါကူးစက်မှု နည်းသွားမယ်ဆိုပြီး ယူဆလို့ မရသေးတာကြောင့် ကိုဗစ်ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး စည်းကမ်းချက်တွေကို ဆက်လက်လိုက်နာဖို့လိုကြောင်း မြန်မာနိုင်ငံ အမျိုးသားကာကွယ်ဆေးဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ (National Immunization Technical Advisory Group) ရဲ့ ဒုဥက္ကဋ္ဌ ဆေးတက္ကသိုလ် ၁ အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်းက တိုက်တွန်းလိုက်ပါတယ်။

“ကာကွယ်ဆေး ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဒီ ကိုဗစ်စည်းကမ်းတွေကိုတော့ ဆက်ပြီး ထိန်းသိမ်းရမှာပဲလေ။ ဘာလို့လဲဆို ဥပမာ အခု အင်္ဂလန်နိုင်ငံကို ကြည့်လိုက်ရင် ကာကွယ်ဆေးတွေ ထိုးနေကြပြီ။ ဗြိတိသျှလူဦးရေရဲ့ ၅ ရာခိုင်နှုန်းနီးပါးလောက် ထိုးပြီးပြီ။ ဒါပေမယ့် အဲဒီမှာ အခု ကိုဗစ်တတိယလှိုင်း အကြီးအကျယ်ဖြစ်ပြီးတော့ အကြီးအကျယ်လည်း သေဆုံးနေတယ်ပေါ့နော်။ အဲဒီတော့ ကာကွယ်ဆေးတိုင်းကလည်း ၁၀၀ ရာခိုင်နှုန်း ထိရောက်တာမျိုး မဟုတ်ဘူး။ နောက်ပြီးတော့ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း မဟုတ်ရင်တောင် ၁၈ နှစ်အထက် လူငယ်တွေ ဒါတွေအကုန်လုံးကို ထိုးဖြစ်ဖို့ ဆိုတာကလည်း အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ အခု ဒီကိုရောက်လာတဲ့ ကာကွယ်ဆေး ဆိုတာကလည်း မြန်မာပြည်လူဦးရေနဲ့စာရင် အများကြီး လိုပါသေးတယ်။ အဲဒီတော့ သေချာတာကတော့ နှာခေါင်းစည်းတပ်တာတို့ လက်ဆေးတာတို့ လူစုလူဝေး ရှောင်တာတွေ ... ဒီအချက်တွေကိုတော့ ကျနော်တို့ လုံးဝ လျှော့လို့မရပါဘူး။ အဲဒါတွေက အမြဲတမ်း အကျိုးရှိလို့ အမြဲဆက်လုပ်နေရမှာပါ။”

မြန်မာနိုင်ငံမှာ ဒီသီတင်းပတ်ထဲ ကိုဗစ်ပိုး ပြည်တွင်းကူးစက်မှုတွေ လျော့ကျလာတယ် ဆိုပေမယ့် ဗီဇပြောင်း ကိုဗစ်ပိုးတွေ ကူးစက်လာနိုင်တဲ့ အန္တရာယ် ရှိနေတဲ့အတွက် ကိုဗစ်ကာကွယ်ဆေး တခုတည်းအပေါ်မှာသာ ပြည်သူတွေ အားကိုးစိတ်ချနေလို့ မရသေးကြောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာန ဌာနမှူး ဒေါက်တာ မော်မော်ဦးက သတိပေးပါတယ်။

“ကူးစက်မှုက အရင်ထက်စာရင် တော်တော်လျော့လာတယ်။ သုံးပုံတပုံလောက်ပဲ ကျန်တော့တယ်။ သို့သော်လည်းပဲ ကာကွယ်ဆေး တခုတည်းကိုပဲ အားကိုးလို့မရဘူး။ ဗိုင်းရပ်စ်ကလည်းပဲ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းနေတာ၊ ပြောင်းနေတဲ့အတွက်ကြောင့် ကိုယ့်မှာရှိတဲ့ ကာကွယ်ဆေးနဲ့ အကျိုးရှိတယ်လို့ ယူဆရပေမယ့် ဗိုင်းရပ်စ်က နောက်အသွင်တမျိုး ပြောင်းသွားရင် အကျိုးရှိချင်မှ ရှိတော့မှာလေ။ အဲဒါတွေအတွက် ကိုယ်က ကြိုတင်ပြီးတော့ ပုံမှန်အတိုင်းပဲ ကိုဗစ်စည်းကမ်းတွေကို လိုက်နာထားဖို့ လိုတာပေါ့နော်။”

အိန္ဒိယရဲ့ Serum Institute of India ဆေးဝါးကုမ္ပဏီထုတ် CoviShield လို့ အမည်ပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ အောက်စ်ဖို့ဒ်တက္ကသိုလ် AstraZeneca ဆေးကို ပြန်ထုတ်တာဖြစ်ပြီး ဘေးထွက်ဆိုးကျိုး နည်းတယ်လို့ ပါမောက္ခ ဒေါက်တာ စောဝင်းက ရှင်းပြပါတယ်။

“ဘေးထွက်ဆိုးကျိုးတွေက ခုချိန်ထိ သိရသလောက် သိပ်ပြီးပြင်းထန်တာ မရှိဘူး။ ကာကွယ်ဆေးထိုးပြီးရင် ဖြစ်တတ်တဲ့ ထိုးတဲ့နေရာမှာ နာတယ် ယားတယ်ပေါ့။ ပြီးရင် ကြွက်သားတွေနာတယ်၊ ကိုယ်လက်တွေ ကိုက်တယ်ပေါ့နော်၊ အဲဒါမျိုးတွေက နည်းနည်းနုံးသလို ဖြစ်တယ်ပေါ့၊ အဲဒါတွေက ရှိပါတယ်။ အဲဒါမျိုးက ကာကွယ်ဆေးတိုင်းမှာ အနည်းနဲ့အများ ရှိတတ်တယ်။ အိန္ဒိယကထုတ်တဲ့ CoviShield က နာမည်သာပေးထားတာ အောက်စ်ဖို့ဒ် AstraZeneca ဆေးနဲ့ အတူတူပါပဲ။ အဲဒါက ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ မရှိပါဘူး။”

မြန်မာအစိုးရဟာ ကိုဗစ်ကာကွယ်ဆေး နောက်ထပ် သန်း ၃၀ ကို အိန္ဒိယကနေ ဝယ်ယူထားပါတယ်။

အိန္ဒိယကသာမက တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံကို တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၃ သိန်း ထောက်ပံ့ကူညီမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က သူ့ရဲ့ ဇန်နဝါရီ ဒုတိယအပတ် မြန်မာပြည်ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။

AstraZeneca ကာကွယ်ဆေးရဲ့ ထိရောက်မှုက ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းကြားရှိပြီး Pfizer က ၉၅ ရာခိုင်နှုန်း၊ Moderna က ၉၄ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ဆေးသုတေသန စာတမ်းတွေမှာ ဖော်ပြပါတယ်။

AstraZeneca ဆေးကို ၂ ဒီဂရီနဲ့ ၈ ဒီဂရီကြား အိမ်သုံး ရေခဲသေတ္တာ အအေးချိန်မှာ သိုလှောင်ထားနိုင်ပေမယ့် Pfizer ကတော့ အနုတ် ၇၀ ဒီဂရီ အခဲခန်းမှာ သိုလှောင်ရမှာဖြစ်ပါတယ်။ AstraZeneca ကို တခါထိုးရင် ၄ ဒေါ်လာသာ ကုန်ကျပေမယ့် Pfizer က ဒေါ်လာ ၂၀၊ Moderna က ၃၇ ဒေါ်လာဝန်းကျင်မှာရှိပြီး လူတိုင်း ကာကွယ်ဆေး ၂ လုံးထိုးပြီးမှသာ ထိရောက်မှု ရှိမယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)














XS
SM
MD
LG