သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆရာမိဘတွေ ဘဝင်မကျတဲ့ ပညာရေး အခြေအနေ


ရခိုင်ပြည်နယ် စစ်တွေမြို့က အထက်တန်းကျောင်းတခုမှာ ကျောင်းတက်တဲ့ ကျောင်းသားကျောင်းသူများ။ (ဇွန် ၁၊ ၂၀၂၁)
ရခိုင်ပြည်နယ် စစ်တွေမြို့က အထက်တန်းကျောင်းတခုမှာ ကျောင်းတက်တဲ့ ကျောင်းသားကျောင်းသူများ။ (ဇွန် ၁၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ တနှစ်ကြာလာတဲ့အချိန်မှာ မြန်မာ့ပညာရေးကဏ္ဍ သိသိသာသာ ထိခိုက်လာနေပြီး လာမယ့်နှစ်တွေအတွင်း နာလန်ပြန်ထူဖို့ အတော်ရုန်းကန်ရလိမ့်ဦးမယ်လို့ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားမိဘတချို့က သုံးသပ်ကြပါတယ်။ အာဏာသိမ်း တနှစ်ပြည့်ကာလ သုံးသပ်ချက်တွေကို ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

မြန်မာ့ပညာရေးကဏ္ဍကို အရင်ရှိခဲ့တဲ့ အနေအထားတွေကနေ ပြန်လည်မြှင့်တင်ဖို့ဆိုပြီး World Bank ကမ္ဘာ့ဘဏ်တို့၊ ဂျပန် နိုင်ငံတကာ ပူူးပေါင်းဆောင်ရွက်ရေးအဖွဲ့ JICA တို့ရဲ့ အကူအညီနဲ့ NLD အရပ်သားအစိုးရ လက်ထက်မှာ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့တာပါ။

အလွတ်ကျက် ပညာသင်စနစ်ကနေ ဖယ်ခွာပြီး Critical Thinking ဝေဖန်ပိုင်းခြားတတ်မှုကို လေ့ကျင့်ပေးတဲ့ ပညာရေးလမ်းကြောင်းမှာ ကျောင်းသားရော ဆရာ/ဆရာမတွေပါ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ ဒီအခြေအနေကနေ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစပြီး အခုလို ၁ နှစ်ပြည့်ကာလကို ပြန်ကြည့်ရင် အနာဂတ် ပညာရေးကဏ္ဍဟာ စိုးရိမ်စရာ အခြေအနေ ရှိတယ်လို့ ပြောလာသူက မကွေးတိုင်း ပညာရေးဦးစီးဌာန CDM ဝန်ထမ်းဖြစ်သူ မစန်းနွယ် ဖြစ်ပါတယ်။

“ကျမတို့အနေနဲ့ ပြောရလို့ရှိရင်တော့ အခြေခံမှာ အခုနောက်ပိုင်းဆိုရင် အရပ်သားအစိုးရ ဖြစ်သွားတဲ့ အချိန်မှာ သင်ရိုးတွေက ပိုပြီးကောင်းလာတယ်။ အဲဒီသင်ရိုးတွေ သင်ဖို့အတွက် ဆရာမတွေကိုလည်း Training တွေ အများကြီး ပေးထားတာပေါ့။ အဲဒီသင်ရိုးက အင်္ဂလိပ်စာ၊ သင်္ချာတွေမှာဆိုရင် နိုင်ငံတကာနဲ့ အရမ်းကြီး မယှဉ်နိုင်ရင်တောင်မှ နဂိုလယ်ဗယ်ထက် မြင့်လာတဲ့ သင်ရိုးတွေပေါ့။ အခုလည်းကျရော ကလေးတွေက အဲဒီက သင်ရိုးကိုလည်း အပြည့်အဝ မသင်ရတော့ဘူး။ အခု ကျောင်းအပ်တဲ့ ၃ ပုံ ၁ ပုံလောက် ကလေးတွေတောင်မှ အဲဒီသင်ရိုးကို အပြည့်အဝ မသင်ရဘူး။ တချို့မိဘတွေကကျတော့ လုံးဝ ကျောင်းမအပ်ဘူးလို့ ဖြစ်သွားတဲ့အတွက်ကြောင့် အဲဒီကလေးတွေက အပြင်ဘက်ကို လုံးဝရောက်သွားတယ်။ ရောက်သွားတဲ့အခါ နဂိုကတည်းက မြန်မာပြည်မှာ ကျောင်းထွက်နှုန်းက အရမ်းများတာပေါ့။ ပြီးတော့ ၈ တန်း ၉ တန်းအရွယ် ကလေးတွေဆိုရင် နဂိုကတည်းက ကျောင်းထွက်နှုန်းများတဲ့ အရွယ်တွေ ဖြစ်နေတာပေါ့။ အခုလိုမျိုး အနေအထားဆို ပိုတောင်ဆိုးသေးတယ်။ အခု ကျောင်းထွက်နှုန်းများတဲ့ ကလေးတွေထဲမှာ ဘယ်သူတွေပါလဲဆိုတော့ တက္ကသိုလ်က ကလေးတွေပါ ပါသွားပြီ။ အခု တော်တော်များများ Delivery တွေ လုပ်နေကြပြီ။ ကလေးတွေ အများကြီး ကျောင်းပြင်ပကို ရောက်သွားတဲ့အတွက် နိုင်ငံအတွက်လည်း မကောင်းဘူး၊ သူတို့တွေအတွက်လည်း မကောင်းဘူးလို့ ထင်ပါတယ်။”

ကလေးတွေ ကျောင်းတက်ကြဖို့ စစ်ကောင်စီက ဆော်သြခဲ့ပေမယ့် လက်တွေ့မှာ ၃ ပုံ ၁ ပုံ ဝန်းကျင်လောက်သာ ကျောင်းအပ်သူရှိတယ်လို့ ကျောင်းသားမိဘတွေနဲ့ ပညာရေးလောက စောင့်ကြည့်သူတွေက ပြောပါတယ်။ အနာဂတ်မှာ တိုင်းပြည်ကို တည်ဆောက်မယ့်သူတွေ စာသင်ခန်းနဲ့ ခုလို ဝေးနေတာက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ဧရာဝတီတိုင်းက အငြိမ်းစားကျောင်းအုပ်ကြီး ဦးဟန်လွင်က သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ ပညာရေးကတော့ အာဏာသိမ်းပြီးတဲ့ တနှစ်မှာ ကျောင်းမနေတဲ့ ကျောင်းသားလည်း များတယ်၊ နောက်တချက်က တချို့ ချမ်းသာတဲ့လူတွေကြတော့ ပညာရေးနဲ့ ပတ်သက်လို့ ကိုရီးယားတွေ သင်ကြတယ်၊ ဂျပန်တွေ သင်ကြတယ်၊ အင်္ဂလိပ် စကားပြောတွေ သင်ကြတယ်။ အဲဒီအပေါ်မှာ အတတ်ပညာတခုတော့ ရသွားမယ်လို့ ယူဆပါတယ်။ အတန်းပညာတော့ မရှိဘူးပေါ့။ မိဘတွေကလည်း မထားကြဘူး၊ စိတ်မချကြဘူးပေါ့။ လုံခြုံရေးကိစ္စလည်း ပါပါတယ်။ အားလုံး အားလုံးဟာ အနာဂတ်ကာလမှာ မသေချာ မရေရာတဲ့ ဘဝပါပဲ။ ရည်မှန်းချက်က မရှိနိုင်ဘူးလေ။ ပညာရေးကတော့ နိမ့်ကျသွားတာ သေချာပါတယ်။”

မွန်ပြည်နယ်က အထက်တန်းကျောင်းတခုမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အမည်မဖော်လိုသူ ဆရာမတဦးကလည်း ပညာရေးကဏ္ဍ နိမ့်ကျသွားပုံ သူ့ကိုယ်တွေ့ကို ပြောပြပါတယ်။

“အကုန်လုံး ပညာရေးက တပိုင်းတစတွေ ဖြစ်ကုန်ပြီ။ တချို့ကလေးတွေ လုံးဝမတက်ဘူး။ အခုဟာက ၃၀ ရာခိုင်နှုန်းလောက်တောင် ကျောင်းမတက်ဘူး။ ပိတ်ထားတဲ့ကျောင်းတွေက တပုံကြီး။ မွန်ပြည်နယ်မှာလည်း ကျောင်း တရာကျော်လောက် ရှိတယ်။ လုံးဝမဖွင့်နိုင်တဲ့ကျောင်းတွေ တပုံကြီးပါ။ စစ်ကိုင်းတို့ မကွေးတို့ဆိုရင် ပိုတောင်ဆိုးသေးတယ်။ ကျောင်းပေါင်း ၈၀၀ ကျော်လောက် ပိတ်ထားရတာ။ တက်တဲ့ကလေးတွေကလည်း တက်သာတက်ကြတာ၊ ရည်မှန်းချက်တွေ သိပ်ရှိကြတာ မဟုတ်ဘူး။ နှစ်လ သုံးလနဲ့ မိဘကပေးလို့ လာတက်ကြတာတွေ။ စာညံ့တာတွေလည်း တပုံကြီးပဲ။ တိုင်းပြည်နဲ့ချီပြီး အများကြီး ဆုံးရှုံးတာပေါ့။ ဒီ သုံးလေးငါးနှစ် သူတို့လုပ်ထားတာကြီးက အခု ဖရိုဖရဲတွေ ပြန်ဖြစ်ကုန်တာပေါ့။”

မိမိသားသမီးကို ပညာရစေချင်လွန်းလို့ လူတွေ ဝေဖန်တဲ့ကြားကပဲ ကျောင်းအပ်ခဲ့တဲ့ ရန်ကုန်မြို့က အထက်တန်းကျောင်းသားတဦးရဲ့ ဖခင် ဦးမင်းဦးကတော့ ဒီစာသင်နှစ်မှာ ကျောင်းတက်သူ နည်းတာကြောင့် ၁၀ တန်းအောင်တဲ့အခါ သက်မွေးဝမ်းကျောင်းပညာသင် တက္ကသိုလ်တခုခုကို ဝင်ခွင့်ရဖို့ အရင်နှစ်တွေကထက် ပိုလွယ်ကူလာလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

“ကျောင်းထားတဲ့မိဘ တစုတိုင်းသည် ဒီအစိုးရကို ထောက်ခံတဲ့သူတွေ မဟုတ်ကြဘူး။ ကိုယ့်သားသမီး ပညာရေးအတွက်ပဲ ရည်ရွယ်ပြီး ထားကြတာ။ တခုပဲရှိတယ်၊ တက်တဲ့ကလေး နည်းသွားတဲ့အတွက်ကြောင့် အောင်တဲ့ကလေးလည်း နည်းမှာဖြစ်သလို ကျတဲ့ကလေးလည်း နည်းမှာပဲ။ ကျောင်းသားက အနည်းဆုံး Science ဆို သုံးတန်းလောက်ရှိတယ်။ အခု တကယ်တမ်းလာတက်တာ သိပ္ပံဆို တခန်းပဲရှိမယ်၊ ဝိဇ္ဇာဆို တခန်းပဲရှိမယ်။ ဒါပမေယ့် ဆရာမအင်အား လျော့သွားတဲ့ အတွက်ကြောင့် အရည်အချင်းမရှိတဲ့ ဆရာမတွေပဲ ကျန်ခဲ့တယ်လို့ ပြောရင်လည်း၊ မပြောတတ်ဘူးပေါ့။ ၁၀ တန်းအောင်တဲ့ ကလေးတွေ နည်းသွားတဲ့အတွက် Institute မှာလည်း နည်းသွားတော့ ပညာတတ် ထွက်လာမယ့် ဦးရေကတော့ လျော့သွားမှာ။ အရင်တုန်းကလို အမှတ် System တောင် ပျောက်သွားမလား မသိဘူး။ အသက်မွေးဝမ်းကျောင်းပညာ၊ ဥပမာ စိုက်ပျိုးရေးတက္ကသိုလ်လို၊ စက်မှုတက္ကသိုလ်လို၊ ဆေးတက္ကသိုလ်လိုပေါ့။ ဆေးတက္ကသိုလ်ဆိုလည်း နောက်နှစ်ဆို ဘယ်လိုလုပ်မလဲ၊ အခု သူတို့ကြေညာတယ်၊ Chemistry ရယ် Bio ရယ် English ရယ် Distinction အမှတ် ရှိတယ်ဆိုရင် ဆေးကျောင်းကို လျှောက်ခွင့်ရှိတယ်။ ဆိုတော့ Chance တွေက ပြောင်းသွားတယ်။ သူနဲ့သင့်တော်တဲ့ Institute ကို ရဖို့ကျတော့ နည်းနည်း အခြေအနေ ပိုကောင်းလာတယ်။”

CDM လုပ်ထားတဲ့ တက္ကသိုလ်ဆရာမတဦးကလည်း လက်ရှိ ပညာရေးကဏ္ဍဟာ ယိုယွင်းနိမ့်ကျလာတာကြောင့် ဒီကာလမှာ ကျောင်းပြီး ဘွဲ့ရသွားတဲ့ ကျောင်းသားတွေရဲ့ အရည်အချင်းက လူမှုအသိုင်းအဝိုင်းကြား ပြန်လည်ကျင်လည်တဲ့အခါ စိုးရိမ်ဖွယ်ရာ အခြေအနေတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“CDM လုပ်လိုက်တာက တချို့ကျောင်းတွေမှာကျတော့ ၃ ပုံ ၁ ပုံ၊ တချို့မှာကျတော့ ထက်ဝက်ပေါ့။ အဲဒီလောက်ရှိတယ် တက္ကသိုလ်တွေမှာ။ CDM တွေရဲ့ အောင်မြင်မှုကတော့ ပြောမနေနဲ့တော့ အဲဒီမှာ။ ဆရာ ဆရာမတွေ မလုံလောက်ဘူး။ အခုသင်နေတဲ့အထဲမှာဆိုရင် ဘာသာရပ်တွေမှာ တော်တော်လေး အားနည်းကုန်တဲ့သဘော ရှိတယ်။ အဲဒီလိုမျိုး ထွက်လာတဲ့နောက်တော့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေဆိုတာက လက်တွေ့မှာ Apply လုပ်ရတဲ့ ကဏ္ဍတွေ ရှိတဲ့အခါကြတော့ အဲဒီမှာဆိုရင် ဒီလို အရည်အသွေး မပြည့်တဲ့ ကျောင်းသားတွေ မွေးထုတ်ထားတဲ့နောက်တော့ တိုင်းပြည်မှာ အများကြီး နစ်နာမှုတွေ ရှိလာလိမ့်မယ်လို့ ယူဆပါတယ်။ အန္တရာယ်လည်း တော်တော်လေးကို ကြီးပါတယ်။”

မြန်မာပညာရေးကဏ္ဍ တိုးတက်မှုအတွက် ဘယ်လိုအစီအစဉ်တွေနဲ့ တာဝန်ယူ လုပ်ဆောင်သွားမလဲ၊ ဝန်ကြီးဌာနရဲ့ စိုးရိမ်မှုက ဘာတွေလဲ ဆိုတာကို မေးမြန်းနိုင်ဖို့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ အပါအဝင် ကျောင်းပေါင်း ၄၇,၀၀၀ ကျော်ရှိပြီး နိုင်ငံတကာက လာဖွင့်ထားတဲ့ ကျောင်းပေါင်း ၄၀ ရှိပါတယ်။ တက္ကသိုလ် ကောလိပ်အဆင့် ကျောင်းပေါင်း ၉၀ ဝန်းကျင် ရှိပါတယ်။ ခုတော့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကျောင်းအတော်များများ ပိတ်ထားရပါတယ်။

ဆရာမိဘတွေ ဘဝင်မကျတဲ့ ပညာရေး အခြေအနေ
please wait

No media source currently available

0:00 0:06:03 0:00
တိုက်ရိုက် လင့်ခ်

---------------------

(Unicode)
















XS
SM
MD
LG