မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာလ ဒါမှမဟုတ်လည်း နောက်နှစ် ဇန်နဝါရီလအတွင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားကြောင်း စစ်ကောင်စီအကြီးအကဲက ပြောပါတယ်။ ရုရှားနဲ့ ဘီလာရုစ်တို့က ကိုယ်စားလှယ်တွေ စောင့်ကြည့်မယ့် ဒီရွေးကောက်ပွဲမှာ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လည်း သူက တိုက်တွန်းပါတယ်။ ဒီအပေါ် နိုင်ငံရေးပါတီတွေဘက်က ရှုမြင်ချက် သဘောထားတွေကို စုစည်းပြီး ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို အခုနှစ် ဒီဇင်ဘာလ ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်ဝါရီလမှာ အစောဆုံးလုပ်ဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Belarus နိုင်ငံမှာ ရောက်နေစဉ် ပြောကြားခဲ့တာဖြစ်သလို ရုရှားနိုင်ငံခရီးစဉ်ကနေ မြန်မာနိုင်ငံကိုပြန်လာတဲ့ လေယာဉ်ပေါ်မှာ ခရီးစဉ်အတွင်းလိုက်ပါလာတဲ့ မီဒီယာတွေနဲ့ မတ်လ ၉ ရက်နေ့ကတွေ့ဆုံချိန် ပြည်သူတွေအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လိုချင်ရင် ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း စစ်ခေါင်းဆောင်က ပြောလိုက်တာပါ။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ စစ်ခေါင်းဆောင်လုပ်မယ့် ရွေးကောက်ပွဲကို အယုံအကြည်မရှိသလို စစ်မှန်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ ရှုမြင်ပါတယ်။
"ရွေးကောက်ပွဲလုပ်မယ်လို့ အတင်းပြောနေတာက ရုရှားကူညီတာတို့ တရုတ်ကတွန်းနေတာတို့ ရှိကောင်းရှိမှာပေါ့။ အဲအတွက် မဖြစ်မနေလုပ်ရမယ်ဆိုပြီး သူတို့လုပ်နေတာ ဖြစ်လိမ့်မယ်လို့ ကျနော်နားလည်တယ်။ အခု ရွေးကောက်ပွဲလုပ်မယ်ပြောတယ်၊ အမှန်တကယ်ကျတော့ တိတိကျကျ သူလုပ်နိုင်မယ့်အနေအထားက တော်တော်လေးနည်းပါးတာကို တွေ့ရပါတယ်။ နောက် ကျနော့်နားလည်မှုက ဒီရွေးကောက်ပွဲတွေက သွေးထွက်သံယိုဖြစ်အောင် ဖိတ်ခေါ်တာဖြစ်တယ်လို့ နားလည်တယ်။ သွေးထွက်သံယိုမှုဖြစ်အောင် ဖိတ်ခေါ်မယ်ဆိုရင် အဲဒါကိုအကြောင်းပြပြီး သူတို့ရဲ့ သက်ဆိုးရှည်ရေးကို ထပ်ကြိုးစားတာပဲဖြစ်တယ်လို့ ကျနော်နားလည်ပါတယ်။ သူတို့လုပ်တဲ့ရွေးကောက်ပွဲက တရားမမျှတနိုင်ဖူးလို့ လူတိုင်းကလည်းသိတယ်။ အဲလိုအခြေအနေမှာ တိုင်းပြည်မှာ သွေးထွက်သံယိုတာ များလာတာကလွဲရင် ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာကို လုံးဝ ဖြေရှင်းတာ မဖြစ်နိုင်ဘူးလို့ ကျနော်ကတော့ နားလည်ထားပါတယ်။"
လက်ရှိ မြန်မာနိုင်ငံမှာကျင်းပမဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေက ထောက်ခံသလို ရွေးကောက်ပွဲလုပ်ရင်လည်း ကိုယ်စားလှယ်တွေလွှတ်ပြီး စောင့်ကြည့်လေ့လာမယ်လို့ ပြောဆိုလိုက်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။ လက်ရှိ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ပါဝင်ယှဉ်ပြိုင်ဖို့ နိုင်ငံရေး ပါတီ ၅၃ ပါတီ စာရင်းပေးသွင်းထားတယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထား ပါတယ်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းလိုက်ပြီးထဲက ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောက်လျှောက် ကတိပေးလာခဲ့တာ ဖြစ်ပါတယ်။ ကနဦးမှာ ဒီနှစ် နှစ်လယ်ပိုင်းလောက်မှာ လုပ်မယ်ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။ ခုတကြိမ်မှာတော့ ဒီနှစ်ကုန် နောက်နှစ်အစမှာ လုပ်မယ်လို့ ထပ်မံပြောဆိုလာတာ ဖြစ်ပါတယ်။
ခုချိန်ထိ ရွေးကောက်ပွဲ ဘယ်နေ့လုပ်မလဲဆိုတာ အတိအကျ ပြောဆိုခြင်းမရှိသေးပါဘူး။ လက်ရှိအချိန်ထိလည်း ရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲအတွက်လိုအပ်တဲ့ နည်းဥပဒေတွေထုတ်ပြန်ပေးနိုင်တာ မရှိသေးသလို လွှတ်တော် ၃ရပ်ကို ဘယ်စနစ်နဲ့ ဘယ်လို ရွေးချယ်မလဲဆိုတာကိုလည်းအတိအကျ မပြောဆိုနိုင်သေးဘဲ ရှိနေသေးတာ၊ ရွေးကောက်ပွဲ မဲပေးစနစ် ပြောင်းမယ်ဆိုတဲ့သတင်း ထွက်ပေမယ့် ဘယ်လိုပြောင်းမလဲ သေချာမပြောနိုင်သေးတာ အဲဒီအချက်တွေ ရှိနေတာမို့ ရွေးကောက်ပွဲမှာပါဝင်ဖို့ မှတ်ပုံတင်ထားတဲ့ပါတီတွေမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ပါတီတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးကတော့ ဒီအခြေအနေမှ ာတဦးတယောက်ကပဲ အာဏာကို ကိုင်ထားတာထက် ရွေးကောက်ပွဲကနေ ရွေးကောက်ခံအစိုးရပေါ်ထွက်လာပြီး အာဏာ ခွဲဝေအုပ်ချုပ်နိုင်ဖို့ လိုအပ်တာမို့ ရွေးကောက်ပွဲရှိဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒီလိုအမြင်ရှိပေမယ့် လတ်တလောအခြေအနေမှာတော့ ဝင်ပြိုင်မယ့်ပါတီတွေ ကြီးမားတဲ့စိန်ခေါ်ချက်အမျိုးမျိုးကို ရင်ဆိုင်နေရတာတွေ ရှိနေတယ်လို့ သူက ခုလိုပြောပြပါတယ်။
"အခက်အခဲကတော့ ရှိတာပေါ့။ ရွေးကောက်ပွဲကော်မရှင်က ပီအာစနစ်နဲ့ လုပ်မယ်ပြောတာ ဘယ်လွှတ်တော်မှာ လုပ်မလဲဆိုတာ ခုချိန်ထိ တိတိကျကျ ပြတ်ပြတ်သားသား မပြောတဲ့အတွက် ရွေးကောက်ပွဲစနစ်အပေါ်မှာ မှန်းဆရခက်ခဲနေတဲ့ အပိုင်းလေးတွေရှိပါတယ်။ နောက် ရွေးကောက်ပွဲ ဥပဒေမ ထွက်သေးတာ၊ မထွက်သေးတော့ မဲဆန္ဒနယ်မြေတွေ ဘယ်လိုသတ်မှတ်မလဲ။ အဲလိုမသိတော့ ကျနော်တို့မှ ာနည်းနည်းလေး ခက်ခဲတာပေါ့။ အဲဒါတွေ မြန်မြန်လေး ကြေညာပေးမယ်၊ပြည်သူလူထုကိုလည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားအောင် ကော်မရှင်က တော်တော်လေး အား ထည့်ပြီးတော့ မဲဆန္ဒရှင်တွေကို အသိပညာပေးမယ်ဆိုရင်တော့ ကျနော်တို့အတွက်သက်သာ ရာရမှာပေါ့။
ပါတီတွေအနေနဲ့ ရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့ အားခဲထားပေမယ့် လက်ရှိမှာ ရွေးကောက်ပွဲကို ပြည်သူတွေစိတ်ဝင်စားမှု အားနည်းလာတာ၊ လတ်တလော လုံခြုံရေးအခြေအနေတွေကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ ဆိုလာသူကတော့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းကျော်အုံးပါ။
"ပြည်သူလူထုက အဲဒီ စိတ်ပါဝင်စားမှုနည်းနေတာ ဘယ်လိုဖြစ်မှာလဲလေနော့။ တိုင်းရေးပြည်ရေးကလည်း ဒီလိုဖြစ်နေတာ၊ အစစ ကုန်ဈေးနှုန်းကလည်း တက်နေတာ၊ နည်းနည်း စိတ်ပူတဲ့သဘော ရှိပါတယ်။ တတ်နိုင်ဘူးလေ သူတို့လုပ်ရင်တော့ကျနော်တို့ ဝင်ရမှာပဲလေ။ ကျနော်တို့ အခြေခံ ဥပဒေ ၂၀၀၈ ကတော့ သူက အတိအကျ မပြောထားဘူးလေနော့။ မဲလာပေးတဲ့ လူအရေအတွက်ကိုပဲ ဆုံးဖြတ်မှာကို၊ ဆိုတော့ ခုနပြောသလို အားမရဘူးပေါ့၊ အဲလိုသဘောတော့ရှိပါတယ်။"
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရဆီကနေ စစ်တပ်အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်မှုကို မလိုလားသူတွေက လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ လုပ်နေသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီဟာ မြန်မာနိုင်ငံ ဒေသတော်တော်များများ မြို့နယ်ပေါင်း ၁၀၀ ကျော်လက် လွှတ်ထားရတာဖြစ်တာမို့ ဒီအချိန်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြောလာတဲ့အပေါ်မှာ ရွေးကောက်ပွဲဟာ တရားမျှတရဲ့လား တရားဝင်ပါ့မလားလို့ မေးခွန်းထုတ်မှုတွေ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်လိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေကလည်း ပြောဆိုထားကြပါတယ်။
အခုလို အနေအထားတွေကြောင့် နယ်မြေအတော်များများမှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ထားကြပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလက သန်းခေါင်စာရင်း ကောက်ယူရာမှာလည်း မြို့ပေါင်း ၃၃၀ ရှိတဲ့အနက် ၁၄၅ မြို့မှာသာ စာရင်းကောက်ယူနိုင်ခဲ့ပါတယ်။
NUG ကြားကာလအစိုးရ အပါအဝင် အတိုက်အခံတွေကတော့ ရွေးကောက်ပွဲကို ဆန့်ကျင်ထားပြီး အကြမ်းမဖက်တဲ့နည်းနဲ့ ရွေးကောက်ပွဲကို တားဆီးသွားမယ်လို့ ပြောဆိုထားပါတယ်။
Forum