သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ရောဂါစည်းမျဉ်းနဲ့အညီ မြန်မာ့ရွေးကောက်ပွဲ ကျင်းပ


ရန်ကုန်မြို့က မဲရုံတခုမှာ မဲပေးနေကြတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၈၊ ၂၀၂၀)
ရန်ကုန်မြို့က မဲရုံတခုမှာ မဲပေးနေကြတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရာ ဒီကနေ့မှာ တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ ဆန္ဒမဲပေးခွင့်ရှိသူတွေဟာ သက်ဆိုင်ရာမဲရုံတွေမှာ ကပ်ရောဂါ စည်းမျဉ်းတွေနဲ့အညီ မဲပေးနေကြပြီး ကပ်ရောဂါကာလ လိုက်နာရမယ့် နည်းလမ်းတွေကြောင့် တချို့မဲရုံတွေမှာတော့ သတ်မှတ်ချိန်အထိ မဲပေးရမယ့်သူတွေ ကျန်ရှိနေပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် စုစု တင်ပြပေးထားပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ခံရသူ နေ့စဉ် ၁,၀၀၀ ဝန်းကျင်နဲ့ သေဆုံးသူတွေ ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ကပ်ရောဂါကာလအတွင်း ကျင်းပရတာဖြစ်လို့ မဲရုံတွေမှာ ကျန်းမာရေး စည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်နေကြတာပါ။ ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့ ဘေးကင်းလုံခြုံတဲ့ ဆန္ဒမဲပေးနိုင်ရေး အစီအမံတွေကို မဲရုံအားလုံးနီးပါးမှာ စီမံဆောင်ရွက်ထားတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်နေတဲ့ PACE အဖွဲ့က ဒီကနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ မဲပေးဖို့ ရက်ပိုင်းအလိုလောက်တုန်းက တချို့နေရာတွေမှာ ပေါက်ကွဲမှုတွေရှိခဲ့ပြီး လူထိခိုက်မှု မရှိပေမယ့်လည်း ပြည်သူတွေ အထိတ်တလန့်ဖြစ်ပြီး မဲလာမပေးကြမှာကို စိုးရိမ်ခဲ့ကြပေမယ့် ဒီကနေ့မှာတော့ ပြည်သူတော်တော်များများ စိတ်ဝင်တစား မဲလာပေးကြတာကို တွေ့ရပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ၂ ရက်အလိုလောက်မှာ ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝန်းထဲ အသံဗုံးလို့ ယူဆရတဲ့ ပေါက်ကွဲမှုဖြစ်စဉ် ရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ အားလုံး အေးအေးဆေးဆေး ရှိနေတယ်လို့ ပဲခူးတိုင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ မယဉ်ယဉ်မျိုးက ပြောပါတယ်။

"မဲပေးတဲ့အခြေအနေ အေးအေးဆေးဆေးပဲ၊ ဘာမှတော့ ပြဿနာမရှိဘူး။ ကျမတို့ဆီမှာ ပဲခူးမြို့၊ ရပ်ကွက်ကြီး ၂၊ မဲရုံအမှတ် ၂၊ မဲ ၃,၀၀၀ ကျော်ရှိတယ်။ ကြိုတင်မဲပေးပြီးသား ၁,၀၅၀ ဆိုတော့ ၂,၀၀၀ ကျော်ကျန်တာပေါ့။ အဲဒီ ၂,၀၀၀ ကျော်မှာ တချို့ဆိုရင် နယ်ပြောင်းသွားလို့ ကျန်တဲ့မဲနဲ့ဆိုရင် သိပ်မရှိတော့ဘူး။ အားလုံး အေးအေးဆေးဆေးပဲ။"

ရွေးကောက်ပွဲမတိုင်ခင် အကြိုကာလမှာ ဆန္ဒပြုခဲ့ကြတဲ့ ကြိုတင်မဲပေးရာမှာတော့ မဲစာအိတ်ပေါက်တာ၊ မဲတံဆိပ်တုံးအတု လုပ်ခဲ့တဲ့ကိစ္စတွေ ရှိခဲ့ပြီး ဒီကနေ့မှာလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ အစင်စံပြကျေးရွာက မဲရုံတခုမှာ ဆန္ဒမဲပေးရာမှာသုံးတဲ့ တံဆိပ်တုံးအတု တွေ့ရှိခဲ့လို့ ကျူးလွန်သူလို့ ယူဆထားသူကို ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ တခြားဒေသက မဲရုံတချို့မှာလည်း မဲတံဆိပ်တုံးအတု လဲလှယ်ထားတဲ့ကိစ္စတွေ ဒီကနေ့မှာ ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သူတွေကို မဲပေးခွင့်ရှိသူ ဦးရေဟာ ၃၇ သန်းကျော် ရှိနေပါတယ်။ အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တော်တော်များများကတော့ ကပ်ရောဂါကာလမှာ ကြိုတင်မဲပေးခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ မဲပေးချင်လို့ ဒီနေ့မှာ မဲပေးတာလို့ ပြောပါတယ်။

"ကျနော်ကတော့ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဒီအပေါ်မှာ အလေးထားတဲ့ ပါတီပေါ့။ နောက်တခုက ဒို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ပါတီပေါ့။ နောက် ကျနော်အမြဲပြောတယ်၊ ကျနော်တို့တပ်မတော်နဲ့ လက်တွဲပြီး လုပ်လို့ရတဲ့ပါတီ။ ဒီလိုမျိုးတွေကို ရွေးချယ်ပြီး ပေးခဲ့ပါတယ်။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကျနော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ကတော့ လက်ခံရမှာပဲ။ ဒါကတော့ လုံးဝငြင်းပယ်လို့မရ လက်ခံရမှာပဲ။ နောက် နိုင်ငံသူ နိုင်ငံသားတွေရဲ့ ခံစားနေရတဲ့ သောကတွေ၊ ဒါတွေကို ဘယ်လိုဖြေသိမ့်ဖို့အတွက် စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ဒါကတော့ ကျနော်တို့အတွက် အင်မတန်အရေးကြီးတဲ့ အချက်ပါ။"

ကပ်ရောဂါကာကွယ်ရေး နည်းလမ်းတွေဖြစ်တဲ့ တဦးနဲ့တဦး ခပ်ခွာခွာနေကြဖို့၊ မဲပေးဖို့တန်းစီရာမှာ နေရာချဲတာနဲ့ Mask နဲ့ Face shield ဝေတာအပြင် မဲရုံမဝင်ခင် လက်သန့်စင်ဆေးရည် သုံးခိုင်းတာတို့ကို ဆောင်ရွက်နေကြပေမယ့်လည်း တချို့မဲရုံတွေမှာတော့ အခက်အခဲတချို့ ရှိနေပါတယ်။ အခြေခံလူတန်းစား အများစုနေထိုင်ရာ လှိုင်သာယာမြို့နယ်မှာတော့ ဒေသအသီးသီးက ရောက်လာကြတဲ့ စက်ရုံလုပ်သားတွေလည်း အများဆုံးရှိနေပြီး မဲရုံအကျယ်အဝန်းနဲ့ မဲပေးသူဦးရေ မမျှတာတွေကြောင့် တယောက်နဲ့တယောက် ခပ်ခွာခွာနေရမယ်ဆိုတဲ့ စည်းမျဉ်းကတော့ လိုက်နာဖို့ ခဲယဉ်းတာကို တွေ့ရပါတယ်။ ဧရာဝတီတိုင်းဒေသခံ ကိုဇေယျာလင်းကတော့ နေရပ်ပြန်ပြီး မဲပေးချင်ပေမယ့် ကပ်ရောဂါကြောင့် ရန်ကုန်မှာသာ မဲပေးခဲ့ရတဲ့ အခြေအနေကို ပြောထားပါတယ်။

"ဒီရောဂါကြီးနဲ့ဆိုတော့ ပြန်လို့ကလည်းမရဘူး။ အလုပ်ကလည်း တရက်တည်း ပိတ်တာဆိုတော့ ဒီမှာပဲ မဲပေးဖြစ်တာ။ ပထမဆုံး မဲပေးတာပေါ့၊ တခါမှလည်း မပေးဖူးဘူးဆိုတော့ ဒီတိုင်းလာပေးရင် အလွဲလွဲအချော်ချော်တွေ ဖြစ်မှာစိုးလို့ ဖုန်းတွေထဲကနေ ဘယ်လိုပေးရတယ်ဆိုတာ ကြည့်ထားတယ်၊ တံဆိပ်တုံး ထုတာတွေကအစ သေချာကြည့်ထားတယ်။ ဒီရောက်တော့ မှားမှာစိုးလို့ သေချာကြည့်ထားတဲ့ ကြားထဲကလည်း ကတ် (မဲပေးခွင့်သက်သေခံကတ်ပြား) ကလည်း ကျပျောက်လို့ မဲရုံထဲမှာ စကားနည်းနည်း ပြောရသေးတယ်။ အဆင်တော့ပြေပါတယ်၊ ဒီကလူတွေအကုန်လုံးက ကတ်ပျောက်သွားတာကအစ အမှတ်စဉ်နံပါတ် သိနေတာနဲ့တင် အဆင်ပြေအောင် လုပ်ပေးတယ်။"

ပြည်သူအများက ကိုယ်ယုံကြည်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးခွင့်ရှိတဲ့ အချိန်ဟာ မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိသာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတာပါ။ ဒါပေမယ့်လည်း ကပ်ရောဂါကာလ တဦးနဲ့တဦး ခပ်ခွာခွာနေပြီး မဲပေးဖို့ တန်းစီရာကနေ ညနေ ၄ နာရီကျော်တဲ့အထိ မဲပေးဖို့ စောင့်ရတဲ့သူတွေလည်း နေရာတော်တော်များများမှာ ရှိနေပါတယ်။ သတ်မှတ်ချိန်အတွင်း ဆန္ဒမဲကောက်ခံနိုင်ခဲ့တဲ့ မဲရုံတချို့ကတော့ ကြိုတင်မဲတွေ စတင်ရေတွက်နေကြပြီး ပြည်သူတွေကလည်း သူတို့မျှော်လင့်နေတဲ့ ကိုယ်စားလှယ်လောင်း အနိုင်ရမရ ဆိုတာကို စိတ်ဝင်တစား စောင့်မျှော်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)












XS
SM
MD
LG